မေ ၂၇
The Kaladan Post
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတစ်ပါးအား AA အရာရှိတစ်ဦးက အကြိမ်ပေါင်းများစွာ ထိုးကြိတ်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းမီဒီယာများက ဖော်ပြကြပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ၂၀၂၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် Global Khumi Organization (GKO) က AA သည် ပြည်သူများအပေါ် မင်းမဲ့၊ အာဏာရှင်၊ လူမိုက်ဆန်ဆန် နည်းမျိုးစုံဖြင့် ကျိုးကြောင်းမဲ့ ထိုးကြိတ်၊ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အခြေခံလူ့အခွင့်အရေးမကြာခဏကျူးလွန်ခြင်းသည် ဒေသခံပြည်သူအထူးသဖြင့် လူငယ်၊ လူလတ်ပိုင်းများအတွက် လုံခြုံမှုမရှိတော့သည့် အန္တရာယ်နှင့် ရင်ဆိုင်စေသည်ဟု ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် ပလက်ဝ ဒေသခံချင်းပြည်သူများ အခြားဒေသများသို့ ထွက်ပြေး တိမ်းရှောင်မှုနှုန်း ဆက်လက်မြင့်တက်နေခြင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေသူအနည်းဆုံး (၄၀၀၀) ခန့်ရှိနေခြင်းတို့သည် AA ကြောင့်ဖြစ်ပြီး ဆက်လက်ပြီး ထွက်ပြေးမည့်သူများလည်း ရှိနေဦးမည်ဟု ဆိုထားပါသည်။ ပလက်ဝမြို့နယ်တွင် AA တပ်ဖွဲ့များမှ ကျူးလွန်သော အမှုများတွင် အုပ်စုဖွဲ့ မုဒိမ်းမှုအပါအဝင် အမှုကြီးအမှုငယ်များစွာရှိပြီး AA ထိန်းချုပ်နယ်မြေအတွင်း ဒေသခံများ ၃ လောင်းပြိုင်သေဆုံးမှုကိုလည်း ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ပေ။ ထိုသို့ AA လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး Global Khumi Organization မှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ သင်းအုပ်ဆရာသည် (AA) နှင့် အရင်မှာ ဘာပြဿနာ မှ မရှိခဲ့ကြောင်း၊ ယနေ့အထိ (AA) တွေ ပလက်ဝ ပြည်သူများ အပေါ် လူ့အခွင့်အရေး ကျူးလွန်ခြင်း အပေါ် ဘယ်နည်းလမ်းမှ တောင်းပန်တာတွေ မလုပ်ခဲ့သေးကြောင်း” ပြောခဲ့ပါသည်။
ထို့အပြင် AA လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တရားမျှတမှုရရှိနိုင်ရန် Global Khumi Organization (GKO) အဖွဲ့အနေနဲ့ NUG သို့မဟုတ် CC ဖြစ်စေ မည်သည့် အဖွဲ့အစည်း ဆီမှ အကြံပြုချက်မရရှိခဲ့ကြောင်းလည်း ဆိုထားပါသည်။ AA ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး Chinland Government ဘက်မှ တောင်းဆိုမှုတချို့ လုပ်ဆောင်ခြင်းရှိခဲ့ပေမယ့် AA နှင့် မဟာမိတ်ဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့နှင့် ၎င်း၏ နိုင်ငံရေးဦးဆောင်ကောင်စီ ICNCC တို့သည်မူ ပလက်ဝမြို့နယ်အတွင်း AA ကျူးလွန်သော အမှုများ တရားမျှတမှုရရှိနိုင်ရေး တရားဝင် အများသိတောင်းဆိုမှု မရှိသေးပေ။ ဤကိစ္စနှင့် စပ်လျဉ်းပြီး The Kaladan Post သို့ IKACC အဖွဲ့ဝင်တစ်ဦးက “ULA/AA အနေဖြင့် ဒေသခံတွေအပေါ် ပြစ်မှုကျူးလွန်သူများကို ဒေသခံတွေ ကျေနပ်တဲ့အထိ ဖြေရှင်းပေးဖို့နှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဖို့လိုအပ်ကြောင်း” ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ပလက်ဝမြို့နယ်အတွင်း AA လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ဒေသခံများသည် တရားမျှတမှုလိုလားနေကြပါသည်။