——————————————————————————–
ဇွန် ၁၈
The Kaladan Post

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ချင်းညီနောင် တပ်ဖွဲ့က တညီတညွတ်တည်း အခိုင်အမာရပ်တည်ကြောင်းနှင့် ပေါ်ပေါက်လာသည့် နယ်မြေ အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကို တော်လှန်ရေးရဲဘော်ရဲဘက်ဖြစ်သည့် အာရက္ခတပ်တော် (AA) နှင့် စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်သည့် အွန်လိုင်း သတင်း စာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

မကြာသေးမီက ရခိုင်ပြည်အခြေစိုက်သတင်းဌာနတစ်ခုတွင် ပလက်ဝမြို့နယ်အား ရခိုင်ပြည် ၏ ခရိုင်တစ်ခုအဖြစ် AA က သတ်မှတ်လိုက်ကြောင်း သတင်းဖော်ပြခဲ့ပြီးနောက် ချင်းအသိုင်း အဝိုင်းအတွင်း စိုးရိမ်မှုများနှင့် ပြောဆိုမှုများ မြင့်တက်လာခဲ့သည့်အပေါ် ချင်းညီနောင်တပ်ဖွဲ့ ၏ တရားဝင်သဘောထားကို မီဒီယာများ၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ပလက်ဝသည် ချင်းပြည်ဆိုတာကို ချင်းညီနောင်အဖွဲ့အားလုံးက တညီတညွတ် တည်း ယုံကြည်လက်ခံကြပါတယ်။ ဒါက ညီနောင်တင်မက တစ်နိုင်ငံလုံးက သိကြပါတယ်” ဟု ဆလိုင်းယောမန်က အခိုင်အမာ ပြောကြားခဲ့သည်။

ဆက်လက်၍ AA သည် အိမ်နီးချင်းကောင်းထက်ပိုသော တော်လှန်ရေးရဲဘော်ရဲဘက် များဖြစ်ကြောင်း၊ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်း ပလက်ဝသည် ချင်းပြည်ဖြစ်ကြောင်း မီဒီယာများတွင် ဖြေကြားခဲ့ဖူးသည်ကို ထောက်ပြခဲ့သည်။ ထို့အပြင် AA ဘက်မှလည်း ဤကိစ္စနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း၊ တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအမြတ်ထုတ်ရန် လူမျိုးရေးမုန်းတီးမှုများ ဖြစ်ပေါ်စေ မည့် သွေးထိုးလှုံ့ဆော်မှုများကို သတိထားရန်လည်း တိုက်တွန်းခဲ့သည်။ “အခက်အခဲ ပြဿနာတွေကို တိုင်တိုင်ပင်ပင်နဲ့ စားပွဲဝိုင်းပေါ်မှာ အဖြေရှာရမယ်။ ကျွန်တော်တို့က နယ်မြေ ပိုင်နက်တစ်ခုတည်းကိုပဲ ကြည့်တာထက် အချင်းချင်း အပြန်အလှန် အကျိုးပြုဖို့၊ အိမ်နီးချင်း ကောင်းအဖြစ် ရပ်တည်ဖို့က ပိုအရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

တစ်ချိန်တည်းမှာပင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ ထိုးစစ်များကို ချင်းညီနောင် တပ်ဖွဲ့က ကြံ့ကြံ့ခံ ရင်ဆိုင်လျက်ရှိသည်။ ချင်းပြည်နယ်တောင်ပိုင်းတွင် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ စစ်ကားအစီး ၁၂၀ ကျော်ပါ စစ်ကြောင်းကြီးသည် လေကြောင်းပစ်ကူများဖြင့် မင်းတပ်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်လျက်ရှိသလို ချင်းပြည်နယ်မြောက်ပိုင်းတွင်လည်း ကလေးမြို့မှတက်လာသော စစ်ကောင်စီစစ်ကြောင်းကို CC, CB ပူးပေါင်းတပ်များနှင့် အခြား တော်လှန်ရေးအင်အားစုများက ခုခံတိုက်ခိုက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ချင်းညီနောင်အဖွဲ့ဝင် ၆ ဖွဲ့၏ ထိန်းချုပ်နယ်မြေများဖြစ်သည့် ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ မရာနှင့် ဖလမ်းမြို့နယ်များမှာ စစ်ကောင်စီကင်းစင်နယ်မြေများ ဖြစ်နေပြီဖြစ်သည်။ ရှေ့ဆက်အနေဖြင့် တီးတိန်မြို့နယ်ကို လွတ်မြောက်နယ်မြေဖြစ်ရေး အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနောက် ဟားခါး၊ ထန်တလန် အပါအဝင် ချင်းတစ်ပြည်နယ်လုံး လွတ်မြောက်ရေးနှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မကွေး၊ စစ်ကိုင်းမှ မြေပြန့်ဒေသများ လွတ်မြောက်ရေးအတွက်ပါ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆလိုင်းယောမန်က ပြောကြားခဲ့သည်။

ယခုအချိန်သည် စစ်ကောင်စီပြုတ်ကျရေးကိုသာ အဓိကအာရုံစိုက်ရမည့်အချိန်ဖြစ်ပြီး စစ်ကောင်စီမပြုတ်ကျပါက မည်သည့်ထိန်းချုပ်နယ်မြေမဆို အလဟဿဖြစ်သွားနိုင် ကြောင်း၊ တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှုမှာ အရေးအကြီးဆုံးဖြစ် ကြောင်း ၎င်း၏ ပြောကြားချက်များက ထင်ဟပ်နေသည်။