The Kaladan Post

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး စိုးဝင်းအား ကန့်လန့်ကုန်းရွာထိပ် လမ်းပေါ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တရားဝင်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ စိုးဝင်းသည် စစ်မှုထမ်းကြေးဆိုကာ ပြည်သူများထံမှ ငွေကြေးများကို အတင်းအကြပ်ကောက်ခံခြင်း၊ စစ်မှုထမ်းရန် အမည်စာရင်းပါသူများထံမှ ငွေကြေးများကို အဆမတန်တောင်းခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ်စုဆောင်းခြင်း၊ လူငယ်များအား လက်ထောက်ချပေါ်တာဆွဲခိုင်းခြင်းများ ကျူးလွန်ခဲ့သည့်အတွက် ဤကဲ့သို့ အရေးယူခံရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသခံပြည်သူတစ်ဦးက “လူ့အသက်တစ်ချောင်းဆိုတာ တန်ဖိုးကြီးလှပါတယ်။ ပစ်ခတ်ရှင်းလင်းမယ့်အစား အရှင်ဖမ်းဆီးစစ်ဆေးပြီး အရေးယူတာမျိုးက ပိုကောင်းမယ်လို့ စဉ်းစားမိပါတယ်။ ထုတ်ပြန်ချက်မှာ ယခင်က သတိပေးခဲ့တယ်ဆိုတဲ့ အချက်လည်း မပါတော့ ပိုဆိုးပါတယ်။ အကြိမ်ကြိမ် သတိပေးထားပြီး မလိုက်နာသူဖြစ်ရင်တောင် အရင်ဖမ်းဆီးနိုင်အောင် ကြိုးစားပြီး၊ ပြန်ခုခံတာမျိုး ဒါမှမဟုတ် လုံးဝဖမ်းဆီးလို့မရတဲ့ အခြေအနေမှသာ ပစ်ခတ်ရှင်းလင်းတာမျိုး ဖြစ်စေချင်ပါတယ်” ဟု The Kaladan Post သို့ ပြောကြားခဲ့သည်။

The Kaladan Post မှ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံသို့ စိုးဝင်း ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး အသေးစိတ် အခြေအနေများကို မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဤသတင်းတင်ဆက်သည့်အချိန်အထိ တာဝန်ရှိသူများထံမှ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ထုတ်ပြန်ချက်အရ စိုးဝင်းထံမှ ဓားမြောင် ၁ ချောင်း၊ ငွေသား ၆၀,၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခု၊ စစ်မှုထမ်းရန် အမည်စာရင်းပါ စာရွက်စာတမ်းများနှင့် အခြားစာရွက်စာတမ်းများကို တပ်ရင်းတာဝန်ရှိသူများက သိမ်းဆည်းထားကြောင်း သိရှိရပါသည်။

“လူ့အသက်တစ်ချောင်းဆိုတာ တန်ဖိုးကြီးလှပါတယ်။ ပစ်ခတ်ရှင်းလင်းမယ့်အစား အရှင်ဖမ်းဆီးစစ်ဆေးပြီး အရေးယူတာမျိုးက ပိုကောင်းမယ်လို့ စဉ်းစားမိပါတယ်။ ထုတ်ပြန်ချက်မှာ ယခင်က သတိပေးခဲ့တယ်ဆိုတဲ့ အချက်လည်း မပါတော့ ပိုဆိုးပါတယ်။ အကြိမ်ကြိမ် သတိပေးထားပြီး မလိုက်နာသူဖြစ်ရင်တောင် အရင်ဖမ်းဆီးနိုင်အောင် ကြိုးစားပြီး၊ ပြန်ခုခံတာမျိုး ဒါမှမဟုတ် လုံးဝဖမ်းဆီးလို့မရတဲ့ အခြေအနေမှသာ ပစ်ခတ်ရှင်းလင်းတာမျိုး ဖြစ်စေချင်ပါတယ်”

ထို့အပြင် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် စစ်ကောင်စီနှင့် ၎င်းတို့၏ ထောက်တိုင်များအား အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးဝေးနေထိုင်ကြရန် ထုတ်ပြန်ချက်မှ သတိပေးထားသည်။