ဒီဇင် ၁၇

The Kaladan Post

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အဖွဲ့အစည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်နှင့် အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်က ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော် တို့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့    လွတ်လပ်ရေးတပ်တော်သည် ယခု ၄ နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း The Kaladan Post သို့ ပြောဆိုသည်။ လွတ်မြောက်ဒေသအသစ်တွင် တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ရေ၊ မြေ၊ ရာသီဥတုနှင့် အစားအသောက်များနှင့် မအံဝင်မှုကြောင့် ဝမ်းပျက်ဝမ်းလျှော၊ အူယောင်ငန်းဖျား၊ ငှက်ဖျားနှင့် အစာအိမ်ရောဂါများကဲ့သို့ ကျန်းမာရေးအခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် ရင်းမြစ်ချောင်လျားမှု၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း မလုံလောက်မှု၊ ဘဏ္ဍာရေးအခက်အခဲများကဲ့သို့ အခြေခံပြဿနာများသည် ဖွဲ့စည်းစဉ်ကတည်းက ယနေ့အထိ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း တပ်ဖွဲ့ရဲတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ထိုသို့ မပြည့်စုံမှုများ ကြားမှ တိုက်ပွဲဝင်ခဲ့ရသဖြင့် ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရသူများနှင့် အသက်ပေးလျှူခဲ့ရသည့် ရဲဘော်ရဲဘက် များစွာ ရှိခဲ့ကြောင်းသိရ လေးနှစ်တာကာလအတွင်း ပြည်သူလူထုနှင့် မဟာမိတ်တပ်ဖွဲ့များအပေါ် မှန်ကန်သောသဘောထားထားရှိကာ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သလို ရန်သူ့ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံများရှိရာ အဓိကနေရာများသို့ ထိုးဖောက်တိုက်ခိုက်နိုင်ရန် ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ တပ်ဖွဲ့၏ စစ်သင်တန်းများတွင် ပြည်သူလူထုအပေါ် မှန်ကန် သောသဘောထား၊ လက်နက်ကိုင်တော်လှန်ရေးလုပ်ရသည့် အကြောင်းရင်းများကို နားလည်သိရှိရန်၊ စစ်သားကျင့်ဝတ်နှင့် လက်နက်ကိုင်တွယ်မှုဆိုင်ရာ စည်းကမ်းများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညီညွတ်မှု၊ တိုက်ပွဲခံနိုင်ရည်စွမ်းရည်များကို အဓိက သင်ကြားပေးကြောင်းသိရသည်။ ပြည်သူလူထု အနေဖြင့်လည်း မိမိတက်နိုင်သည့် အခန်းကဏ္ဍမှ ယုံကြည်စွာ ပါဝင်ကာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အတူ တော်လှန်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ပေးကြရန် တပ်ဖွဲ့ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုခဲ့သည်။ ထို့အပြင် အဆိုပါထုတ်ပြန်ချက်တွင် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ဗဟိုကော်မတီဝင်တစ်ဦးမှ သစ္စာကျမ်းသစ္စာပြုခြင်း၊ ထူးချွန်ဆုရရှိသည့် သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်း မဟာမိတ်တပ်တော်တာဝန်ရှိသူတစ်ဦးမှ အမှတ်တရစကား ပြောကြားခြင်း၊ အခြေခံမြန်မာ့သိုင်းနည်း စွမ်းရည်ပြသခြင်းနှင့် ဗဟိုကော်မတီဝင် တစ်ဦးမှ အပိတ်အမှာစကား ပြောကြားခြင်း စသည့် အစီအစဉ်များပါဝင်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း ဖော်ပြထားသည်။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ တပ်တော်အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်းကာ တော်လှန်ရေးအောင်ပွဲရရှိသည်အထိ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့အပြင် ပြည်သူ့လွတ်လပ်ရေးတပ်တော် နွေဦးတော်လှန်ရေးမဟာမိတ်ဖြစ်သော Spring Revolution Alliance – SRA တပ်ဖွဲ့တွင် ပါဝင်သော တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။