ပြိုလဲနေသော စတုတ္ထမဏ္ဍိုင်- ချင်းတော်လှန်ရေးအတွင်းမှ အုပ်စုဖွဲ့မီဒီယာများ၏ အန္တရာယ်

 

နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်ကို ထိန်းကျောင်းစောင့်ကြည့်ရန်နှင့် ပြည်သူ့အသံကို ဖော်ထုတ်ရန် “စတုတ္ထမဏ္ဍိုင်” ဖြစ်သော သတင်းမီဒီယာသည် မရှိမဖြစ်လိုအပ်ပါသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် မြန်မာ့ပင်မမီဒီယာလောကကြီး ပြိုလဲခဲ့ရသော်လည်း ပို၍စိုးရိမ် ဖွယ်ရာမှာ တော်လှန်ရေးနယ်ပယ်အတွင်း၌ပင် အထူးသဖြင့် ချင်းတော်လှန်ရေးအတွင်း၌ စတုတ္ထမဏ္ဍိုင်၏ အနှစ်သာရကို မိမိတို့ကိုယ်တိုင် ပြန်လည်ဖြိုဖျက်နေသည့် အန္တရာယ်ကြီး တစ်ခု ပေါ်ပေါက်လာနေခြင်းဖြစ်သည်။

 

တော်လှန်ရေးအောင်ပွဲများနောက်ကွယ်မှ အုပ်စုဖွဲ့မီဒီယာစစ်ပွဲ

ချင်းပြည်နယ်သည် စစ်အာဏာရှင်ကို အစောဆုံးနှင့် အပြင်းထန်ဆုံး ခုခံတော်လှန်ခဲ့သော ဒေသတစ်ခုဖြစ်သည်။ CNF/CNA နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(CDF)များ၏ ကြိုးပမ်းမှု ကြောင့် နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ထိုအောင်မြင်မှုများ နောက်ကွယ် တွင် အုပ်ချုပ်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် သဘောတရားရေးရာ အငြင်းပွားမှုများက ချင်းတော် လှန်ရေးအင်အားစုများကြား အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။ ဤအက်ကွဲမှုများသည် ယနေ့အချိန်တွင် “မီဒီယာစစ်ပွဲ” အသွင်ဖြင့် လူမှုကွန်ရက်ပေါ်သို့ ကူးစက်ရောက်ရှိ လာခဲ့သည်။

 

လော်ဘီမီဒီယာများ၏ မွေးဖွားခြင်းနှင့် မီဒီယာကျင့်ဝတ်များ၏ သေဆုံးခြင်း

ချင်းအချင်းချင်း အုပ်စုဖွဲ့အငြင်းပွားမှုများမှတစ်ဆင့် တစ်ဖက်နှင့်တစ်ဖက် အပုပ်ချတိုက်ခိုက် ရန် ရည်ရွယ်သည့် Social Media စာမျက်နှာများ၊ YouTube ချန်နယ်များနှင့် Telegram Group များ မှိုလိုပေါက်လာခဲ့သည်။ ၎င်းတို့သည် သတင်းမီဒီယာ၏ အခြေခံတာဝန်ဖြစ်သော ဘက်မလိုက်မှု၊ မျှတမှုနှင့် အချက်အလက်မှန်ကန်မှုတို့ကို လုံးဝမျက်ကွယ်ပြုကာ အောက်ပါ အတိုင်း လုပ်ဆောင်ကြသည်-

(၁) မိမိတို့အဖွဲ့သာ အမှန်ဟု သတ်မှတ်ခြင်း – မိမိတို့ထောက်ခံသော အဖွဲ့၏ လုပ်ဆောင် ချက်မှန်သမျှကို အမွှမ်းတင်ပြီး အောင်မြင်မှုများကို ချဲ့ကားရေးသားသည်။

(၂)  ပြိုင်ဘက်အဖွဲ့ကို ရန်သူအဖြစ် ပုံဖော်ခြင်း – သဘောထားမတိုက်ဆိုင်သည့် အခြားချင်းအဖွဲ့အစည်းများကို “သစ္စာဖောက်”၊ “တော်လှန်ရေးသေတွင်းတူးသူ” ဟု သတ်မှတ်ကာ အမှားအသေးအဖွဲကိုပင် ကြီးမားသောပြစ်မှုအဖြစ် ပုံဖော်တိုက်ခိုက်သည်။

(၃) အချက်အလက်ထက် ခံစားချက်ကို နှိုးဆွခြင်း – မှန်ကန်သော သတင်းရင်းမြစ်များ ထက် လူထု၏အမုန်းတရားနှင့် ခံစားချက်ကို လှုံ့ဆော်သည့် စကားလုံးကြမ်းများ၊ သတင်းတုများနှင့် တစ်ဖက်သတ်စွပ်စွဲချက်များကို အဓိကအသုံးပြုသည်။

ဤလုပ်ရပ်များသည် “သတင်းမီဒီယာ” မဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းအတွက် ဝါဒဖြန့် ပေးနေသော “လော်ဘီ” သို့မဟုတ် “ဝါဒဖြန့်လက်တံ” များသာဖြစ်သည်။ ၎င်းတို့သည် မီဒီယာ ကျင့်ဝတ်ကို ချိုးဖောက်နေရုံသာမက တော်လှန်ရေး၏အုတ်မြစ်ကို အတွင်းမှနေ၍ တူးဖြိုနေ ခြင်းဖြစ်သည်။

 

ရန်သူတော် စစ်ကောင်စီမီဒီယာနှင့် ထပ်တူကျနေသော ကြောက်မက်ဖွယ် လုပ်ရပ်များ

အဆိုးရွားဆုံးမှာ ဤအုပ်စုဖွဲ့မီဒီယာများ၏ ဝါဒဖြန့်နည်းလမ်းများသည် မိမိတို့တိုက်နေသည့် ရန်သူ “စစ်ကောင်စီမီဒီယာ” ၏ လုပ်နည်းလုပ်ဟန်များနှင့် ထပ်တူကျနေခြင်းပင်ဖြစ်သည်-

(၁) အမျိုးသားရေးကို ခုတုံးလုပ်ခြင်း – စစ်ကောင်စီက “တိုင်းရင်းသားစည်းလုံးညီညွတ် မှု” ကို အကြောင်းပြ၍ သွေးခွဲသကဲ့သို့ ဤမီဒီယာများကလည်း “ချင်းအမျိုးသားအရေး” ကို ခုတုံးလုပ်ကာ အချင်းချင်း သွေးခွဲတိုက်ခိုက်ကြသည်။

(၂)  ရန်သူဟု တံဆိပ်ကပ်ခြင်း – စစ်ကောင်စီက NUG၊ PDF တို့ကို “အကြမ်းဖက်သမား” ဟု တံဆိပ်ကပ်သကဲ့သို့ ဤမီဒီယာများကလည်း အခြားချင်းအဖွဲ့အစည်းများကို “သစ္စာဖောက်” ဟု တံဆိပ်ကပ်ကြသည်။

(၃) သတင်းတုများ ဖြန့်ဝေခြင်း – စစ်ကောင်စီက ၎င်းတို့၏ ရက်စက်မှုကို ဖုံးကွယ်ရန် သတင်းတုများ ဖန်တီးသကဲ့သို့ ဤမီဒီယာများကလည်း မိမိတို့အဖွဲ့၏ အားနည်းချက်ကို ဖုံးကွယ်ရန်နှင့် တစ်ဖက်အဖွဲ့ကို အထင်လွဲစေရန် သတင်းမှားများ တမင်ဖြန့်ဝေကြသည်။

မိမိတို့မုန်းတီးရွံရှာသော စစ်ကောင်စီ၏လုပ်ရပ်မျိုးကို မိမိတို့ကိုယ်တိုင် ပြန်လည်ကျင့်သုံး နေခြင်းသည် တော်လှန်ရေးအတွက် အကြီးမားဆုံးသော ကိုယ်ကျင့်တရားဆိုင်ရာ ရှုံးနိမ့်မှု ဖြစ်ပြီး မိမိဓားဖြင့် မိမိလည်ပင်းကို ပြန်လှီးနေသကဲ့သို့ အလွန်အန္တရာယ်ကြီးမားသည်။

 

 

ပြိုလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများ

ဤအဆိပ်သင့်မီဒီယာများကြောင့် တော်လှန်ရေးတစ်ခုလုံးအပေါ် အောက်ပါအတိုင်း ကြီးမားစွာ ထိခိုက်စေသည် –

(၁) ပြည်သူလူထုအတွင်း ယုံကြည်မှု ပျောက်ဆုံးခြင်း – မည်သည့်သတင်းက အမှန်ဖြစ် သည်ကို မခွဲခြားနိုင်တော့ဘဲ တော်လှန်ရေးအပေါ် ယုံကြည်မှု ယုတ်လျော့လာစေသည်။

(၂)  စည်းလုံးညီညွတ်မှု ပြိုကွဲစေခြင်း – အွန်လိုင်းပေါ်မှ အမုန်းစကားများသည် လက်တွေ့ မြေပြင်တွင်ပါ ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး ဘုံရန်သူကို မေ့လျော့သွားစေသည်။

(၃) တော်လှန်ရေးပုံရိပ် ထိခိုက်ခြင်း – ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သည်ဟု ဆိုသော် လည်း အတွင်း၌ အာဏာရှင်ဆန်ဆန် အပုပ်ချတိုက်ခိုက်နေမှုများက နိုင်ငံတကာနှင့် ပြည်သူ့အမြင်တွင် တော်လှန်ရေး၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်။

 

စတုတ္ထမဏ္ဍိုင်သည် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့်သာမက တော်လှန်ရေးအတွင်းမှ အတ္တ၊ မာနနှင့် အုပ်စုဖွဲ့စိတ်များကြောင့်ပါ ပြိုလဲပျက်စီးနေသည်ကို ချင်းပြည်နယ်တွင် ထင်ရှားစွာ မြင်တွေ့နေရသည်။

သို့ဖြစ်၍ တော်လှန်ရေးအင်အားစုများ အနေဖြင့် အချင်းချင်း အငြင်းပွားမှုများကို အွန်လိုင်းမှ တိုက်ခိုက်ခြင်းအစား တွေ့ဆုံဆွေးနွေး အဖြေရှာသင့်သည်။ ပြည်သူလူထု အနေဖြင့်လည်း အဖွဲ့အစည်းတစ်ခုတည်းအတွက် ဝါဒဖြန့်နေသည့် လော်ဘီမီဒီယာများကို ရှောင်ရှားပြီး ကျင့်ဝတ်ကို လေးစားလိုက်နာသော၊ ဘက်မျှသော သတင်းဌာနများကိုသာ ရွေးချယ်အားပေး သင့်သည်။ ပြိုလဲနေသော ဤမဏ္ဍိုင်ကို ပြန်လည်တည်ဆောက်နိုင်ခြင်းသည် စစ်မြေပြင်တွင် အောင်ပွဲဆင်ခြင်းကဲ့သို့ပင် အရေးကြီးကြောင်း အားလုံးနားလည် သဘောပေါက်ရန် အချိန်တန်ပြီဖြစ်သည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့ တည်ဆောက်လိုသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်သည် အဆိပ်သင့်သော အုတ်မြစ်များပေါ်တွင် တည်ဆောက်မိ သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

 

    အယ်ဒီတာအဖွဲ့

The Kaladan Post