မေ ၂၅
The Kaladan Post
ချင်းပြည်နယ်၊ ရိခေါဒါရမြို့တွင် အသက် ၃၇ နှစ်အရွယ် Pu Ngun Sui Thang ထံမှ ဆပ်ပြာဗူး ထဲထည့်ထားသော ဘိန်းဖြူဗူး ၄၂၇ ကျော်ကို HPO/CDF-Hualngoram ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းမှာ CNO/CNDF ၏ ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု အချို့သတင်း မီဒီယာများတွင် မေလ ၂၂ရက်က ဖော်ပြခဲ့ကြသည်။ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ၎င်းတို့၏ ပညာရေးဘုတ်အဖွဲ့ဝင်ဟု စွပ်စွဲခံရသူ ဆရာစွန်ဆိုးတန်းသည် CNO နှင့် လုံးဝမသက်ဆိုင်ကြောင်း၊ မူးယစ်ဆေးဝါးဖြစ်စဉ်နှင့်ပတ်သက်၍ CNO ၏ ဂုဏ်သိက္ခာကို ထိခိုက်ရန် မဟုတ်မမှန် သတင်းများ ဖြန့်ဝေနေခြင်းဖြစ်သည်ဟု ငြင်းဆိုခဲ့သည်။ ထိုလုပ်ရပ်များသည် တော်လှန်ရေးအဖွဲ့များအကြား ပဋိပက္ခဖြစ်ပေါ်စေနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေနိုင်သည်ဟု CNO က ၁/၂၀၂၅ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
HPO/CDF-Hualngoram ၏ ပြောရေးဆိုခွင့်ရှိသူက ကျောင်းအုပ်ဆရာ ဦးစွန်ဆိုးတန်းကို လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် အတိအကျ ပြောဆိုရန် မဖြစ်နိုင်သေးသော် လည်း ရရှိသော သတင်းအချက်အလက်များအရ ၎င်းမှာ CNO ၏ ပညာရေးဘုတ်အဖွဲ့ဝင် တစ်ဦး ဖြစ်သည်ဟု ကြားသိရပါသည် ဟု ပြောကြားခဲ့သည်။ ဦးစွန်ဆိုးတန်းက ထွက်ပြေးနေသေးသည့် အတွက် ကျွန်ုပ်တို့ဘက်မှ ဤမူးယစ်ဆေးဝါးနှင့် ဆက်စပ်သူ ဘယ်သူ့ကိုမဆို အတိအကျ အတည်ပြုပြောဆိုရန် မဖြစ်နိုင်သေးပါ ဟု The Kaladan Post သို့ပြောဆိုခဲ့သည်။ ဖမ်းဆီးခံရသူက ဤကိစ္စသည် ကျွန်မနှင့် လုံးဝမသက်ဆိုင်သဖြင့် ကျွန်မကို လွှတ်ပေးပြီး ဦးစွန်ဆိုးတန်း ပြုလုပ်ခဲ့တာဖြစ်သည့်အတွက် သူ့ကိုသာ ရှာဖွေဖမ်းဆီးကြပါ။ သူသည် ခရီးထွက်နေခြင်း မဟုတ်ဘဲ၊ ယနေ့မနက် ရဲတပ်ဖွဲ့ လာမည်ကို သိသောကြောင့် ထွက်ပြေးသွားခြင်းသာဖြစ်သည်ဟုပြောဆိုသည်။ ဒီကိစ္စနှင့် ပတ်သက်ပြီး HPO/CDF-Hualngoram ကသတင်း အတိအကျမသိနိုင်သေးကြောင်းသိရသည်။