ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက “ချင်းညီနောင်စစ်ဆင်ရေး” ဖြင့် ၂၀၂၄ နိုဝင်ဘာ ၉ မှ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ဧပြီ ၉ တွင် ၅ လပြည့်ချိန်တွင် မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်များ၏ ခွဲဝေမှုနှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့များအကြား စိတ်ပျက်မှုဖြစ်ပေါ်ခဲ့သည်။ Era’s Eye ၏ ၂၀၂၅ မေလ ၆ ဖော်ပြချက်အရ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က သိမ်းဆည်းလက်နက် ၅၀၀ အနက် အရည်အသွေးအကောင်းဆုံးများကို ရွေးယူထားပြီး မဟာမိတ်အဖွဲ့များကို တစ်ဖွဲ့လျှင် ၁-၅ လက်သာ ခွဲဝေပေးခဲ့သည်။ ထို့ပြင် မဟာမိတ်များ၏ ပျက်စီးလက်နက်နှင့် ကျည်များကို အစားထိုးဖြည့်တင်းပေးခြင်းမရှိသဖြင့် ၎င်းတို့မှာ တန်ဖိုးထားမှုမရှိဟု ခံစားရပြီး လက်နက်အချို့ကို ထားခဲ့ရသည်ဟု ဖော်ပြသည်။
The Kaladan Post က Myingyan Black Tiger (MBT) ၏ တာဝန်ရှိသူ BO Mite Khae ထံ မေးမြန်းရာ ၎င်းက သတင်းများ မှန်ကန်ကြောင်း အတည်ပြုပြီး မဟာမိတ်များအကြား ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်ရန် စီစဉ််လျက်ရှိပြီး အသေးစိတ်ဖြေကြားရန် မဖြစ်နိုင် သေးကြောင်း ပြောဆိုသည်။ CNDF ၏ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းမှာ ခရီးလွန်နေသဖြင့် လက်ရှိဖြေကြားနိုင်ခြင်းမရှိသော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖြေကြား မည်ဟု ဆိုသည်။
၎င်းစစ်ဆင်ရေးတွင် MBT မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ခြေလက်အင်္ဂါဆုံးရှုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။