NCA အတိုင်း ပူးပေါင်းရန် လက်နက်ကိုင်အဖွဲ့များကို မင်းအောင်လှိုင် ဖိတ်ခေါ်

ဖေဖော် ၁၄
The Kaladan Post
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပေးပို့သည့် သဝဏ်လွှာတွင် “ကမ္ဘာကြီး မပျက်စီးသရွေ့ တပ်မတော် ခိုင်ခိုင်မာမာ တည်တံ့ခိုင်မြဲစွာ ရှိနေမည်” ဟု အလေးပေး ပြောကြားခဲ့သည်။ ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စု တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေး အဓိက လိုအပ်ကြောင်း၊ တိုင်းရင်းသားပြည်သူများက ပါဝင် ဖော်ဆောင်ရမည်ဟု ဆိုသည်။ NCA ပါ သဘောတူညီချက်များနှင့်အညီ ပူးပေါင်းပါဝင်ရန် လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့သည်။ ပြည်ပစွက်ဖက်မှု၊ ပြည်တွင်းပယောဂ ကင်းရှင်းပြီး တိုင်းရင်းသားညီအစ်ကိုများ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရုံသာ အောင်မြင်နိုင်မည်ဟု မှတ်ချက်ပြုကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် တံခါးဖွင့်ထားကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ဖလမ်းမြို့နယ်တွင် စစ်တပ်ထိုးစစ် ကြားဖြတ်ချေမှုန်းခံရပြီး ခဲယမ်းများစွာ သိမ်းဆည်းရရှိ

ဖေဖော် ၁၄
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ဦးတည်ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို ချင်းတော်လှန်ရေး တပ်များက ဖေဖော်ဝါရီ ၁၃ ရက်နေ့ ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး အတွင်း လက်နက်ကြီးကျည်များ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှ စတင်ကာ ကလေး-ဖလမ်း လမ်းပိုင်း စိုးမိုးရေးအတွက် စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၉ ရင်းမှ ထုတ်နုတ်ဖွဲ့စည်း ထားသော စစ်ကြောင်းများ (ဝေဘူလ၊ သိုင်းငင်း နှင့် ကလေးဘက်မှ စစ်ကြောင်း ၃ ကြောင်း) အင်အားထောင်ချီ ထိုးစစ်ဆင်နေခဲ့ရာ ၄ လကျော်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ စစ်ကောင်စီဘက်က လေယာဉ်များနှင့် အသေခံဒရုန်းများကို အဓိက အသုံးပြုခဲ့သော်လည်း မြေပြင်နှင့် လေကြောင်း သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေရာ အထိနာနေဆဲ ဖြစ်ကာ စစ်ကူများ ဆက်လက်ပို့ဆောင်နေကြောင်း ချင်းသတင်းရင်းမြစ်များက ဆိုသည်။


ဖလမ်းမြို့သို့ စစ်ကူထိုးလာသော စစ်တပ်စခန်းကုန်း သိမ်းပိုက်ခံရပြီး သေနတ် ၁၁ လက် ရရှိ

ဖေဖော် ၁၄
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း သိုင်းငင်းဘက်မှ ဖလမ်းသို့ စစ်ကူအဖြစ် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်များအကြား ဖေဖော်ဝါရီ ၁၃ ရက်နေ့ (မနေ့က) Tuphei နှင့် Lumbang ရွာကြားတွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်များက သိရသည်။ ယင်းတိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ နေရာယူထားသော စခန်းကုန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် ၁၁ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရှိရသည်။ ထို့အပြင် စစ်ကောင်စီဘက်မှ စစ်သားများ အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။ စစ်ကောင်စီစစ်ကြောင်းသည် ဖလမ်းမြို့ ပြန်လည်ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီ ၂၀ ရက်နေ့က ကလေးမြို့မှ ထွက်ခွာလာကာ သိုင်းငင်း-ဖလမ်း ကားလမ်းအတိုင်း ချီတက်လာခဲ့ရာ လက်ရှိ Lumbang ကျေးရွာအနီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ချင်းတော်လှန်ရေးပူးပေါင်းတပ်များက လမ်းတစ်လျှောက် ခုခံ ကြားဖြတ် တိုက်ခိုက်မှုများ ဆက်လက် ဆင်နွှဲနေဆဲ ဖြစ်သည်။ဖလမ်းမြို့ အပါအဝင် ချင်းမြောက်ပိုင်း နယ်မြေများကို ကာကွယ်ထိန်းသိမ်းရေး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များက ဆိုသည်။

နတ်တလင်းမြို့နယ်တွင် ကျေးရွာများ မီးရှို့ဖျက်ဆီးသွားတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၅ ဦးကျော် သေဆုံး

ဖေဖော် ၁၄
The Kaladan Post
ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်း ဇန်နဝါရီ ၇ ရက်မှ စတင်ကာ မင်းဘူးကျွန်းပျူစောထီးနှင့် တောင်ညိုမြို့သစ်ရဲစခန်းမှ စစ်တပ်ပူးပေါင်း စစ်ကြောင်းထိုးလာခဲ့ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် တောင်ညို၊ ကွင်းစမ်း၊ ရွာသာယာ ကျေးရွာများကို မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကြောင်းကို နတ်စစ်သည်တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၁၅ ဦးကျော် သေဆုံးခဲ့ပြီး MA-2 လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ ၎င်း စစ်ကြောင်းအချို့ တောင်ညိုတွင် ကျန်ရှိနေဆဲ ဖြစ်ပြီး ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ ရက်တွင်လည်း ဓမ္မငယ်ကျေးရွာအုပ်စု နေအိမ် ၃၀ နှင့် မင်းဘူးကျွန်းကျေးရွာအုပ်စု ဘန်ကောက်တန်း၊ တာဂွ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ကွက်သစ်ကျေးရွာကိုပါ ထပ်မံ မီးရှို့နေကြောင်း ဒေသခံများက ဆိုသည်။ စစ်ကြောင်း ထိုးမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဓမ္မငယ်၊ မင်းဘူးကျွန်း စသည့် ကျေးရွာအုပ်စု ၂၀ ကျော်မှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ပခုက္ကူမြို့နယ်တွင် တစ်ရက်တည်း လူငယ် ၂၀ ခန့် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

၁၄
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် အနီးဝန်းကျင် ကျေးရွာများတွင် ၂၀၂၆ ခုနှစ် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက် တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ တစ်ရက်တည်းအတွင်း လူငယ် ၂၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ပခုက္ကူမြို့နှင့် အနီးဝန်းကျင် ကျေးရွာများမှ လူငယ် ၁၅ ဦးကို စစ်တပ်က ကားများဖြင့် ပတ်လည်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့အပြင် ပခုက္ကူ အမှတ်(၁၅) ဗိုလ်ချုပ်လမ်းတွင်လည်း လူငယ် ၃ ဦးကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပျူစောထီး၊ ရဲနှင့် စစ်သားများက ကားများဖြင့် ပတ်ပြီး ပေါ်တာဆွဲ သွားတာတာဖြစ်ပြီး ဖမ်းဆီးခံ လူငယ်များကို ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၅၉) တပ်ရင်းနှင့် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီသည် ဇန်နဝါရီလမှ စစ်မှုထမ်း အပတ်စဉ် (၂၁) ကို စတင်ဆောင်ရွက်နေပြီး အပတ်စဉ် (၂၂) အတွက် တပ်သားသစ်များ ထပ်မံ စုဆောင်းလျက်ရှိကာ မကွေးတိုင်းအပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် အခြားဒေသအသီးသီးတွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရှိရသည်။

ကံမ္မရဲမြို့တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး

၁၄
The Kaladan Post
မကွေးတိုင်း၊ ကံမ္မရဲမြို့ မြို့မရဲစခန်းမှ ထွက်လာသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ကံမ္မစျေးအနီး၌ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Ayar Daung အဖွဲ့က ထုတ်ပြန် သည်။ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်တွင် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကာ တော်လှန်ရေးဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ စစ်ကြောင်း သည် ရဲစခန်းနှင့် စာသင်ကျောင်းမှ ပူးတွဲ ထွက်လာပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေစဉ် ထိတွေ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ စစ်ကြောင်းသည် ညောင်ဂျစ်ပင် ပျူစောထီးစခန်းတွင် ရှိနေပြီး ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေဆဲ ဖြစ်ကြောင်း Ayar Daung အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး ကိုရှိန်းက ရှင်းပြသည်။ ယင်းတိုက်ခိုက်မှုကို ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ABSDF အမှတ်(၃) စစ်ကြောင်း၊ ကံမ္မတပ်ပေါင်းစု၊ PC စစ်ကြောင်း၊ မကွေး PDF၊ မြို့နယ်ပြည်သူ့လုံခြုံရေး အင်အားစု၊ SAF တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပုတီးကုန်းမြို့နယ် ဘူးပြောကျေးရွာ စကမ ဂိတ်စခန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၂ ဦး သေဆုံး

၁၄
The Kaladan Post
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၆ နာရီခန့်တွင် ပဲခူးတိုင်း ပြည်ခရိုင်၊ ပုတီးကုန်း မြို့နယ်၊ ဘူးပြောကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က အသိပေးထားသည်။ အဆိုပါတိုက်ခိုက် မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၁) ကွပ်ကဲမှုဖြင့် ပြည်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၄)၊ ဗျူဟာ (၂၁) တိုက်ခိုက်ရေးအဖွဲ့၊ ပြည်ခရိုင် တပ်ရင်း (၁) တပ်ရင်းရုံး တိုက်ခိုက်ရေးအဖွဲ့နှင့် တပ်ခွဲ (၁) ရဲဘော်များက ပူးပေါင်း မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စကမ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အတွင်း ဂိတ်စခန်းအတွင်းရှိ ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့ ဝင်များဘက်မှ အထိအခိုက်မရှိ လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ ပြည်သူလူထု အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်စပ်သော နေရာများသို့ သွားရောက်ခြင်း မပြုကြရန် ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတိပေးထားသည်။

မန္တလေး PDF ထံ စစ်တပ် ခလရ (၄၁၇) မှ ပစ ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

၁၄
The Kaladan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် ခလရ (၄၁၇) မှ အပတ်စဉ် (၁၇) ဆင်း ပစ စစ်သည် ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်တကွ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း မန္တလေး PDF က ပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) အနေဖြင့် အလင်းဝင် စစ်သား ၂ ဦးကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကာ ဘေးကင်းလုံခြုံရာ သို့ ပို့ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ဒရုန်းနှင့် မီးလောင်ဗုံး အသုံးပြု တိုက်ခိုက်သဖြင့် PDF ရဲဘော် ၆ ဦး ဒဏ်ရာရ

၁၄
The Kaladan Post
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ဖေဖော်ဝါရီ ၅ ရက်နေ့ တိုက်ပွဲအတွင်း ဒရုန်းဖြင့် မီးလောင်ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ နွားထိုးကြီး PDF ရဲဘော် ၆ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း နွားထိုးကြီး PDF တာဝန်ရှိသူက ပြောဆိုသည်။အခုတော့ ရဲဘော်တွေ သက်သာပါတယ် ဟု ဆိုကာ လက်ရှိ စစ်ကောင်စီစစ်ကြောင်းများ ဆက်တိုက် ထိုးနေဆဲ ဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယနေ့အချိန်တွင် စစ်ကြောင်းသည် မကျီးကုန်းရွာ၊ ဖောင်ကျင်းရွာ အပါအဝင် အနီးနားကျေးရွာများတွင် တပ်ဖြန့်ထားကြောင်း သိရှိရသည်။ ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများကို ဒရုန်းနှင့် မီးလောင်ဗုံး ကြဲချ မီးရှို့ဖျက်ဆီးခဲ့ပြီး မြဝတီနှင့် တော်ဝေး ကျေးရွာများမှ အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ကျေးရွာ တစ်ဒါဇင် ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများနှင့် ဆက်စပ်သတင်းရင်းမြစ်များက အတည်ပြုပြောဆို ထားသည်။ စစ်ကြောင်းထိုးမှုနှင့် ဖျက်ဆီးမှုများကြောင့် ဒေသခံ ထောင်ချီ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။