ဖားကန့်မြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး

ဖေ‌ဖော် ၁၅
The Kaladan Post
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရှိ နယ်မြေရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ညပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက် ကြီးများဖြင့် ငြိမ်းချမ်းသာယာ ရပ်ကွက် အပိုင်း ၂ အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ထိမှန်ပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဂျက်တိုက်လေယာဉ်ဖြင့် ဆိုင်းတောင်ရွာဟောင်းသို့ သွားရာ လမ်းပိုင်းရှိ ဂျန်ကပ် RC ခရစ်ယာန်ဘုရားကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ဘုရားကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅) တွင် တိုက်ပွဲ ငြိမ်သက်နေသော်လည်း ရဲစခန်းကို ဝိုင်းရံထားသည့် အခြေအနေ ရှိနေဆဲဖြစ်ပြီး ပြည်သူများ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

ဖေ‌ဖော် ၁၅
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီးတစ်ဝိုက်တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်တပ်စွဲထားရာ နေရာမှ လက်နက်ခဲယမ်းနှင့် စစ်အသုံး အဆောင်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ဖော်ပြသည်။ လက်ရှိ နယ်မြေရှင်းလင်းရေး လုပ်ငန်းများအတွင်း စစ်တပ်တပ်စွဲရာ နေရာများမှ လက်နက်ခဲယမ်းများ ဆက်တိုက် သိမ်းဆည်းရရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဖလမ်းမြို့နယ်အတွင်း တပ်စွဲနေသည့် စစ်တပ်မှ စစ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ CNO/CNDF (Chin National Organization/Chin National Defense Force) ထံ အလင်းဝင် ပူးပေါင်းလာခဲ့ကြောင်း CNDF သတင်းရင်းမြစ်က ပြောဆိုသည်။ ယင်းတို့အနက် နံနက်ပိုင်းတွင် စစ်သား ၂ ဦး ပထမဦးစွာ အလင်းဝင်လာပြီး နေ့လယ်ပိုင်းတွင် နောက်ထပ် ၄ ဦး ထပ်မံ ပူးပေါင်းလာခြင်း ဖြစ်ကာ စုစုပေါင်း ၆ ဦး ဖြစ်သည်။ ၎င်းတို့နှင့်အတူ လက်နက်များနှင့် လက်ဗုံး ၄ လုံး ယူဆောင်လာခဲ့ကြောင်း သိရသည်။ CNDF အဆိုအရ အဆိုပါ စစ်သား ၆ ဦးသည် စစ်ရေးဖိအားများနှင့် စိတ်ဓာတ်ကျဆင်းမှုကြောင့် တော်လှန်ရေးတပ်များ ဘက်သို့ ပြောင်းလဲ ပူးပေါင်းလာခြင်း ဖြစ်ကြောင်း ဆိုသည်။


ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်တွင် စတုတ္ထအကြိမ်အဖြစ် ဘွဲ့ရမောင်မယ် ၁၉၀ ကျော် ဘွဲ့နှင်း

ဖေ‌ဖော် ၁၅
The Kaladan Post
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU) ၏ စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် KIO/KIA ထိန်းချုပ်နယ်မြေအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။ အဆိုပါ အခမ်းအနားတွင် ဆေးပညာဘွဲ့ ၃ ဦး၊ မဟာသိပ္ပံ ၁ ဦး၊ မဟာဝိဇ္ဇာ ၁ ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ၁ ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ ၁ ဦး၊ မဟာအရည်ချင်းစစ်သင်တန်း ၄ ဦး၊ Post-Graduate Diploma in Philosophy ၂ ဦး၊ Graduate Diploma in Philosophy ၅ ဦး၊ သိပ္ပံဘွဲ့ ၁၉ ဦး၊ ဝိဇ္ဇာဘွဲ့ ၁၆၂ ဦး စုစုပေါင်း ဘွဲ့ရမောင်မယ် ၁၉၀ ကျော်က ဘွဲ့ဂုဏ်ထူးများ လက်ခံရယူခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ကျောင်းသား၊ မိဘများနှင့် ဆရာ/ဆရာမဦးရေ ၅၀၀ နီးပါး တက်ရောက်ခဲ့ပြီး အခမ်းအနား တွင် KSCU အဓိပတိ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် တက်ရောက် ခဲ့သည်။ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ယနေ့သည် ကချင်ပြည်နယ်အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြသည့် ပြည်ထောင်စုသားများနှင့် ဘွဲ့ရမောင်မယ် တို့၏ ဘဝတစ်ခုအတွက် ခမ်းနားသော မှတ်တမ်းတင်နေ့ ဖြစ်သည်ဟု မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး၊ ဘွဲ့ရလူငယ်များကို လက်တွေ့နှင့် သဘောတရားကို ညီညွတ်စွာ ပေါင်းစပ်ထားသည့် ပညာပဒေသာ၏ အောင်မြင်မှုအသီးအပွင့်များ အဖြစ် ချီးကျူးခဲ့သည်။ ထို့ပြင် ၎င်းတို့သည် နိုင်ငံတော်၏ အနာဂတ်ကို တာဝန်ယူရမည့် ခေါင်းဆောင်များ ဖြစ်ကြရန်နှင့် ကိုယ်ကျိုးစွန့်မှု၊ လူမှုအကျိုးပြုမှု၊ စည်းလုံးညီညွတ်မှု တို့ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အရေးပါသူများ ဖြစ်ပါစေ ကြောင်း ဆိုခဲ့သည်။ KSCU ကို ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အဆင့်မြင့်ပညာအဖွဲ့အစည်း ၈ ခု ပေါင်းစည်း၍ စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်၊ ဆေးပညာသိပ္ပံတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ် စသည့် ကျောင်း ၆ ကျောင်း ပူးပေါင်းဖွင့်လှစ်ထားကာ KIO အစိုးရ ပညာရေးဌာနနှင့် NUG ပညာရေးစနစ် အောက်တွင် တော်လှန်ရေးအခြေအနေများကြောင့် ပညာဆက်သင်ရန် ခက်ခဲနေသူများအတွက် အခွင့်အလမ်း ဖန်တီးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာကို အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် အသုံးချနိုင်ရန် ရင်းနှီးမြှုပ်နှံဖို့ တရုတ်ကို စိုးဝင်း ဖိတ်ခေါ်

ဖေ‌ဖော် ၁၅
The Kaladan Post
၂၀၂၆ ခုနှစ် မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက် ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် ကျင်းပခဲ့ရာ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက မြန်မာနိုင်ငံသည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော နေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် ဩဂုတ်လ တရုတ် ခရီးစဉ်အတွင်း ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံနိုင်ပါက နှစ်နိုင်ငံလုံးအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နေသော စီမံကိန်းများအနေဖြင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ မြစ်ဆုံ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေး မီးရထားလမ်းသစ်နှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ မူဆယ်-မန္တလေး ရထားလမ်းသည် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း၏ ပထမခြေလှမ်းဖြစ်ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာ ရှိသော အခွင့်အလမ်းကောင်းများ ဖြစ်ကြောင်း ထည့်သွင်း ရှင်းပြခဲ့သည်။

ဂန့်ဂေါခရိုင်၊ အမြောက်တပ် (၃၇၁) မှ တပ်သားတဦး လက်နက်တလက်နှင့်အတူ အလင်းဝင်

ဖေ‌ဖော် ၁၅
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ပြည့်ဝ အမြောက်တပ် အမှတ် (၃၇၁) တပ်ရင်းမှ တပ်သားတဦးသည် လက်နက်တလက်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်သို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ဂန့်ဂေါတောင်ပိုင်း တိုက်နယ် ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ထုတ်ပြန်သည်။ အဆိုပါ တပ်သားသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ သက်ဆိုင်ရာ အဖွဲ့အစည်းက တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။အလင်းဝင်လာသော တပ်သားအား ဂန့်ဂေါတောင်ပိုင်း တိုက်နယ် ပကဖ အဖွဲ့က ဆုကြေးငွေ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆက်လက်၍ အရပ်သားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာနိုင်ရေး ကူညီပေးသူများကိုလည်း ဆုကြေးငွေ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါတောင်ပိုင်း တိုက်နယ် ပကဖက အသိပေး ထုတ်ပြန်ထားသည်။

ဘုတ်ပြင်းမြို့နယ် ထိုင်းနယ်စပ်မှ ထွက်လာသောစစ်တပ်စစ်ကြေင်းတိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

ဖေ‌ဖော် ၁၅
The Kaladan Post
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီး ရွာဟေ့လူ စစ်တပ် စခန်းမှ ထွက်လာသော စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန် သည်။ တိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကြောင်းကို ကြိုတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်း တပ်ခွဲ(၂) နှင့် KTLA ဗိုလ်ချုပ်မြအထူးတပ်ရင်း ပူးပေါင်းအဖွဲ့များက ရွာဟေ့လူ စခန်းအနီး နယ်စပ်နေရာတွင် ပူးတွဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း သိရသည်။ ပြည်သူ့ ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ကျဆုံးရဲဘော်၏ ရုပ်အလောင်းကို ပြန်လည်သယ်ယူ ၍ တပ်ဖွဲ့ဝင်များ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖ တာဝန်ရှိသူက ပြောဆိုသည်။ ရွာဟေ့လူ စခန်းသည် ထိုင်း-မြန်မာနယ်စပ်အနီးတွင် တည်ရှိသော နယ်ခြားစောင့်စခန်းတစ်ခုဖြစ်ပြီး စစ်သား အင်အား ၂၀၀ နီးပါး တပ်စွဲထားကာ အနီးဝန်းကျင် ကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိကြောင်း သိရှိရသည်။


တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ နေအိမ် ၁၀၀ ကျော် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ဖေ‌ဖော် ၁၅
The Kaladan Post
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအတွင်း နေအိမ်အလုံး ၁၀၀ ကျော်ကို စစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန် သည်။ စစ်တပ် စစ်ကြောင်းတစ်ခုသည် လယ်သစ်ကျေးရွာသို့ ဝင်ရောက်လာပြီး အရပ်သားပြည်သူ များ၏ နေအိမ်များကို စနစ်တကျ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တိုက်ပွဲ ဖြစ်ပွားမှုလည်း မရှိခဲ့ဘဲ စစ်ရေးနှင့် မသက်ဆိုင်သည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်းကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင် ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ပြောဆိုသည်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့သည် ရွာအတွင်း ဆက်လက် တပ်စွဲနေဆဲ ဖြစ်နေသဖြင့် ဒေသခံများသည် မီးရှို့ခံရသော နေအိမ်များကို ပြန်လည်ကြည့်ရှုလိုသော်လည်း ရွာထဲသို့ ဝင်ရောက်ရန် မရဲကြတော့ကြောင်း သိရှိရသည်။

မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော်မောင်နှံ ၃ တွဲ စုပေါင်း မင်္ဂလာပွဲ ချစ်သူများနေ့တွင် ကျင်းပ

ဖေ‌ဖော် ၁၅
The Kaladan Post
မွန်ပြည်နယ်အခြေစိုက် မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ရဲဘော်မောင်နှံ ၃ တွဲ၏ စုပေါင်းမင်္ဂလာအခမ်းအနားကို တော်လှန်ရေး အစဉ် အလာနှင့်အညီ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း (MSRF)က ထုတ်ပြန်သည်။ အဆိုပါ မင်္ဂလာမောင်နှံ ၃ တွဲသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးကာလအတွင်း ရှေ့တန်းစစ်မျက်နှာပြင်များနှင့် တပ်ဖွဲ့တာဝန်အမျိုးမျိုးတွင် ပခုံးချင်းယှဉ်တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ပြီး မွန်ရိုးရာဝတ်စုံများနှင့် တော်လှန်ရေးယူနီဖောင်းများ ဝတ်ဆင်ကာ တာဝန်ရှိ လူကြီးမင်းများနှင့် ရဲဘော်များ ရှေ့မှောက်တွင် ဘဝလက်တွဲဖော်အဖြစ် ခိုင်မာသော သစ္စာပြုချက်များဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။ မင်္ဂလာပွဲသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာနမှူး၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ MSRF တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ နည်းဗျူဟာ (၃၃) မှ နည်းဗျူဟာမှူးနှင့် တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များ စုံညီစွာ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များကို တပ်မ ၃၃ နှင့် တပ်မ ၉၉ သို့ အလုံးအရင်း ပို့ဆောင်နေ

ဖေ‌ဖော် ၁၅
The Kaladan Post
အာဏာသိမ်းစစ်တပ်သည် သင်တန်းဆင်း စစ်မှုထမ်းတပ်သားသစ် အများစုကို စစ်ကိုင်း၊ မကွေး နှင့် ရခိုင်ပြည်နယ်တို့တွင် ထိုးစစ်အရှိန်မြှင့်ဆောင်ရွက်ရန် တပ်မ ၃၃ (စစ်ကိုင်းအခြေစိုက်) နှင့် တပ်မ ၉၉ (မိတ္ထီလာ/မကွေး အခြေစိုက်) သို့ အရေအတွက်များစွာ ပို့ဆောင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ် များက ဖော်ပြကြသည်။ ယခင်က သင်တန်းတစ်ကျောင်းဆင်းလျှင် တပ်အလိုက် ၂၀-၃၀ ဦးခန့်သာ ပို့ဆောင်ခဲ့သော်လည်း လက်ရှိတွင် တစ်ကြိမ်လျှင် ၆၀ ဦးအထိ ပို့နေပြီး ရန်ကုန် တကက(၁) ဂျိုးဖြူ၊ စခတ(၁) ဖောင်ကြီး၊ တကက(၄) ဝဲကလိ စသည့်သင်တန်းကျောင်းများမှ အပတ်စဉ် ၁၈၊ ၁၉ မှ စစ်မှု ထမ်းသစ်များကို တပ်မ ၃၃ သို့ ပို့ဆောင်နေကြောင်း သိရသည်။ တပ်မ ၉၉ သည် မကွေး-ရခိုင်အစပ် အမ်း-ပဒါနွယ်လမ်းပိုင်းနှင့် ရခိုင်ဒေသတွင် AA နှင့် မဟာမိတ်တပ်များ၏ ထိုးစစ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိ၊ အလင်းဝင်၊ ထွက်ပြေးသူ များပြားနေသဖြင့် အင်အားဖြည့်တင်းရန် လိုအပ်နေကြောင်း တပ်တွင်းအသိရှိသူများက ဆိုသည်။ လက်ရှိ စစ်ဆင်ရေးများတွင် မူလတပ်သား (သန္ဓေ) များကို မြို့နယ်လုံခြုံရေးအဖြစ် အဓိကထားတာဝန်ပေးထားပြီး စစ်မှုထမ်းသစ်များကို ရှေ့တန်းစစ်မျက်နှာပြင် သို့ အဓိက ပို့ဆောင်နေကြောင်း ထွက်ပြေးလွတ်မြောက်လာသော အပတ်စဉ် ၁၄ စစ်မှုထမ်းဟောင်း တစ်ဦးက ပြောသည်။ လက်ရှိ အပတ်စဉ် ၂၁ ကို ဆင်းပြီး ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် အပတ်စဉ် ၂၂ အတွက် လူငယ်များကို ဆက်လက် အဓမ္မဖမ်းဆီးနေကြောင်း သိရှိရသည်။