ကျောက်ကြီးမြို့နယ်တွင် စစ်တပ်မှ စစ်မှုထမ်းစေခိုင်းခံရသည့် စစ်သား ၉ ဦး KNU ထံ အလင်းဝင်
ဖေဖော် ၁၇
The Kaladan Post
ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း KNU ကော်သူးလေအုပ်ချုပ်မှု နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်သား ၉ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက တရားဝင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်သားများမှာ ခလရ ၄၃၉ တပ်ရင်းမှ ၅ ဦး၊ ခလရ ၅၉၈ မှ ၁ ဦး၊ ခလရ ၆၀ မှ ၁ ဦး၊ ခလရ ၃၅၁ မှ ၁ ဦး၊ ခမရ ၅၃ တပ်ရင်း မှ ၁ ဦး စုစုပေါင်း ၉ ဦး ဖြစ်ပြီး အသက် ၂၃ နှစ်မှ ၄၁ နှစ်အတွင်း ရှိကြပြီး ၎င်းတိုမှာ ကျော်ဇေယျ၊ သက်ပိုင်စိုး၊ စောကာဘီ၊ မင်းထက်၊ အောင်စိုးဝင်း၊ ကိုမျိုး၊ ဝင်းမြထူး၊ အာကာကျော်ဝင်း၊ အောင်မင်းစိုး တို့ ဖြစ်ကြသည်။ သူတို့သည် ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်ပြီး KNU တပ်မဟာ ၃ လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။ KNU က ထိုစစ်သားများကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ဖော်ပြထားသည်။ စစ်တပ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေ ရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာရန် KNU က ထပ်မံ တိုက်တွန်း နှိုးဆော်ထားသည်။ ပြည်သူ့ပန်းတိုင်မှ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း အလင်းဝင်၊ ပူးပေါင်း၊ လက်နက်ချ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၁ ဦး ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ဖေဖော်ဝါရီပထမပတ်အထိ စုစုပေါင်း ၂၇၇၈ ဦး အထိ ရှိခဲ့ကြောင်း သိရှိရသည်။

BNRA ဂိတ်စခန်းများကို NUG လက်အောက်ခံ MOD ယင်းမာပင်ခရိုင်တပ်ရင်းက စတင်တိုက်ခိုက်
ဖေဖော် ၁၇
The Kaladan Post
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်) ဂိတ်စခန်းများကို NUG (အမျိုးသားညီညွတ်ရေးအစိုးရ) လက်အောက်ခံ MOD တပ်ရင်းများက ယနေ့ (၁၇.၂.၂၀၂၆) မနက် ၇:၃၀ ခန့်တွင် လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်းများဖြင့် စတင်တိုက်ခိုက်နေကြောင်း BNRA ခေါင်းဆောင် ဗိုလ်နဂါးက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှ အသိပေးထားသည်။ ဗိုလ်နဂါးက ဤတိုက်ခိုက် မှုကို မမျှော်လင့်ထားကြောင်း ဖော်ပြပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရန် သတိပေးနှိုးဆော်ထားသည်။ ယခင်ဖြစ်စဉ်များအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ယင်းမာပင်ခရိုင် တပ်ရင်း ၄ မှ ရဲဘော် ကိုကတုံး ကျဆုံးမှုနှင့် ပတ်သက်ပြီး BNRA တပ်ဖွဲ့ဝင် ၂ ဦး၏ လက်ချက်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့ပြီး နှစ်ဖက်တွေ့ဆုံ ဖြေရှင်းရန် ကြားခံအဖွဲ့ ပူးပေါင်းဖွဲ့စည်း၍ စုံစမ်းစစ်ဆေးရေး၊ Zoom မှတဆင့်ပါ ဆွေးနွေးရန် တရားဝင် အကြောင်းကြားခဲ့သော်လည်း NUG ဘက်မှ ထပ်မံ ပြန်ကြားမှု မရှိခဲ့ကြောင်း BNRA က ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကပြောဆိုသည်။ ထို့ပြင် ယင်းမာပင်ခရိုင်အပါအဝင် ခရိုင်တပ်ရင်းများ BNRA ဂိတ်စခန်းတစ်ခု အနီးရှိ တောစပ်နေရာသို့ ခရိုင်တပ်အင်အားများ ဖြန့်ကျက်နေကြောင်း ဤသို့ တပ်ဖြန့်ကျက်မှုများသည် အခြေအနေကို ပိုမို ရှုပ်ထွေးစေနိုင်ကြောင်း သတိပြုရန် နှင့် NUG အနေဖြင့် ပုလဲမြို့နယ်လက်တောင်းရွာ နှစ်ကျော့ ပြန်လူသတ်မှု၊ ယင်းမာပင်ခရိုင်အတွင်း လူသတ်ဖြတ်မှုများ၊ ဓားပြမှု၊ မုဒိမ်းမှု၊ မူးယစ်ရောင်းဝယ်မှု၊ ပြန်ပေးဆွဲမှုများတွင် ပွင့်လင်းမြင်သာသော အရေးယူဆောင်ရွက်မှု မရှိဘဲ တရားခံများ လွတ်လပ်စွာ လှုပ်ရှားနေကြောင်း BNRA က ဝေဖန်ထားသည်။ ထို့ကြောင့် BNRA ဂိတ်စခန်းများအနီးမှ MOD တပ်ရင်းများ ပြန်လည်ရုပ်သိမ်းရန်နှင့် ပြည်သူလူထုအကြား လက်နက်ကိုင် ပဋိပက္ခများ ရှောင်ရှားရန် NUG သက်ဆိုင်ရာ တာဝန်ရှိသူများအား လူထုအသိပေး တိုက်တွန်းထားကြောင်း ဗိုလ်နဂါး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အပြင်းအထန်နေသော ဖားဆောင်းမြို့နယ်ရှိ သံလွင်တံတားမိုင်းဆွဲခံရပြီး ကျိုးကျ
ဖေဖော် ၁၇
The Kaladan Post
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်တပ်က ကရင်နီတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဖားဆောင်းမြို့ အချို့နေရာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ကရင်နီသတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် မြေပြင်စစ်ကြောင်းများ အလုံးအရင်း တက်လာခဲ့ကြောင်း သိရသည်။ ကရင်နီတပ် များက မြို့ပေါ်နေရာအချို့မှ ဆုတ်ခွာပေးခဲ့သော်လည်း စစ်တပ်ကို ဆက်လက် ခုခံတိုက်ခိုက်နေဆဲဖြစ် သည်။ ထို့ပြင် စစ်တပ်က လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုနေပြီး ဖားဆောင်း သံလွင်မြစ်ကူး တံတားကို ကာမီကာဇေဒရုန်း၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တံတား ကျိုးကျသွားခဲ့ကြောင်း သိရသည်။ ၎င်းတံတားဟာ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားပြီး ပေ ၁၂၀၀ ကျော်အရှည်ရှိပြီး ပျက်စီးမှုက ဖားဆောင်းမြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပြီး တံတားဖျက်ဆီးခံ ရတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာအတည်ပြုနိုင်သေးပါ။

ပခုက္ကူ တပ်မ ၁၀၁ မှ စစ်မှုထမ်း စစ်သားတစ်ဦး လျှပ်စီးတပ်ခွဲထံ အလင်းဝင်
ဖေဖော် ၁၇
The Kaladan Post
စစ်တပ် (စကမ) မှ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသည့် ပခုက္ကူ တပ်မ ၁၀၁ မှ စစ်သားတစ်ဦး ပြည်သူ့ ရိပ်သို့ ခိုလှုံခဲ့ကြောင်း လျှပ်စီးတပ်ခွဲက ထုတ်ပြန်သည်။ ၎င်းသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ တွင် စကမ မှ နေ့ခင်းကြီး အတင်းအဓမ္မ ပေါ်တာ ဆွဲခံရပြီး ရှမ်းပြည်နယ် ရပ်စောက် စစ်သင်းတန်း ကျောင်းသို့ ပို့ဆောင်ခံခဲ့ရပြီး သင်တန်း ၃ လ ပြီးဆုံးပြီးနောက် မိတ္ထီလာ မြို့တွင် မွန်းမံ သင်တန်း ၃ ရက် တက်ရောက်ခဲ့ပြီး မိတ္ထီလာမှ တဆင့် ပခုက္ကူ တပ်မ ၁၀၁ သို့ ရောက်ရှိလာစဉ် လျှပ်စီးတပ်ခွဲနှင့် ချိတ် ဆက်ကာ စစ်ကောင်စီ ကျွန်ဘဝမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။ ထွက်ပြေးလာသူ၏ ကိုယ်ပိုင်အမှတ် ပစ – ၁၈၄ ၊ အမည် ကိုထွေး (အမည်လွှဲ) ဖြစ်ပြီး ယနေ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မိသားစုထံ ဘေးအန္တရာယ်ကင်းစင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ စစ်သား အယောက် ၁၀၀ တွင် ၈၀ ဦးခန့်သည် အလားတူ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေကြ သည်ဟု သိရှိရပြီး အရပ်သားပြည်သူများနှင့် တပ်ရင်း (တလရ) တပ်ဖွဲ့များအနေဖြင့် ကြုံတွေ့ပါက တတ်နိုင်သမျှ ကူညီကယ်ဆယ်ပေးကြရန် ၎င်းစစ်သားက မေတ္တာရပ်ခံထားကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးဂိတ်များ ဖေဖော်ဝါရီ ၁၇ နောက်ဆုံးထား ပိတ်သိမ်းရန် ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ ညွှန်ကြား
ဖေဖော် ၁၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း PDF၊ ပကဖနှင့် Local PDF အဖွဲ့များ ဖွင့်လှစ်ထားသော အလှူခံ၊ မဲရောင်း၊ လမ်းပြုပြင်ရေး ရန်ပုံငွေ၊ စစ်ဆေးရေး စသည့် ငွေကြေးကောက်ခံဂိတ်များကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းရန် ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ညွှန်ကြားထားသည်။ ရွှေဘို ခရိုင်စစ်ဌာန (အမှတ် ၁) နှင့် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပါဝင်သော ကွပ်ကဲရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် အမိန့်စာ ထုတ်ပြန်ခဲ့ပြီး တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းမြို့နယ်များအပါအဝင် ခရိုင်တစ်ခုလုံး အကျုံးဝင်ကြောင်း ဖော်ပြထားသည်။ ဂိတ်များ များပြားလွန်းမှု၊ လုံခြုံရေး စစ်ဆေးမှု အားနည်းမှု၊ အခွန်ငွေ စီးဆင်းမှု စာရင်းအင်း မရှိမှုများ ကြောင့် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဟု အပြောင်အပျက် ပြောဆိုမှုများရှိနေကြောင်း သိရသည်။ ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် ယနေ့အထိ ခရိုင်အတွင်း ဂိတ်ပေါင်း ၅၀ ဝန်းကျင် ဖျက်သိမ်းခဲ့ပြီး ခွင့်ပြုထားသော အခွန်ဂိတ်အချို့ ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ ခရိုင်တစ်ခုလုံး ဂိတ်ပေါင်း ၅၀ ကျော်ရှိခဲ့ရာ ပြန်လည်စိစစ်ပြီးနောက် ၁၀ ဂိတ်ဝန်းကျင်သာ ကျန်ရှိခွင့်ပြုမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။ စစ်ဆေးရေးဂိတ်များတွင် အလှူငွေ မကောက်ခံရန်၊ အခွန်ဂိတ်များတွင် အထက်အဆင့် ညွှန်ကြားချက်နှင့်သာ ကောက်ခံရန် စည်းကမ်းချက်များ ထည့်သွင်းမည်ဖြစ်ပြီး လက်နက်ခဲယမ်း လိုအပ်ချက်ရှိပါက အထက်အဆင့်သို့ တင်ပြတောင်းခံရန်၊ ပြည်သူလူထုထံ တိုက်ရိုက်တောင်းခံခြင်း ရှောင်ရှားရန်နှင့် မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟု ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ပြောဆိုသည်။

ဂန့်ဂေါမြို့နယ် ရှောက်ပင်ကာကင်းစခန်းကို ရော့ကတ်ဖြင့် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး
ဖေဖော် ၁၇
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာ အတွင်း စစ်တပ် ခလရ (၅၀) တပ်ဖွဲ့ တပ်စွဲထားသည့် ကာကင်းစခန်းကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂန့်ဂေါမြို့မှ တစ်မိုင်ကျော်အကွာ မြစ်သာမြစ် ကမ်းနံဘေးရှိ အဆိုပါ စခန်းကို ဂန့်ဂေါမြို့နယ် Unity Rocket Organization (URO) နှင့် Black Dragon Force (BDF) အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရော့ကတ် ၃ လုံး ပစ်ခတ်ခဲ့ကာ စခန်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် ပေါက်ကွဲခဲ့အဆိုပါတပ်ဖွဲ့က ပြောဆိုသည်။ စစ်တပ်ဘက်မှ အင်အား ၂၀ မှ ၃၀ ခန့်ရှိသည့် စခန်းတွင် စစ်သားကြီး ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း စခန်းတွင် ပျူမရှိဘဲ စစ်သားများသာ အဓိက တပ်စွဲထားကြောင်း သတင်းရင်းမြစ်များက ဖော်ပြ ထားသည်။ ဤ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် ဂန့်ဂေါမြို့နယ်အတွင်း တတိယကြိမ်မြောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တော်လှန်ရေးအင်အားစုများက ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီ ဂိတ်စခန်းများနှင့် နီးစပ်သော နေရာများတွင် အရပ်သားပြည်သူများ အထူးသတိထားကာ သွားလာကြရန် ထပ်မံ တိုက်တွန်းထားသည်။

သံတောင်မြို့နယ် ကွင်းချောင်းကျေးရွာကို စစ်တပ်ဒရုန်းဗုံးကျဲတိုက်ခိုက်မှု နေအိမ် ၆ လုံး ပျက်စီး
ဖေဖော် ၁၇
The Kaladan Post
ပဲခူးတိုင်း၊ သံတောင်မြို့နယ် (ကရင်အမည်ရ ဒေါ်ဖားခို)၊ ကွင်းချောင်း (ဝေထူးကဝေါ် ပလောထိကလိုး) ကျေးရွာကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံး ဗုံးထိမှန် ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် စစ်တပ်က တောင်ငူခရိုင်အတွင်း အရပ်သားပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေမှုကြောင့် ဒေသခံ မိဘပြည်သူများ ထိတ်လန့်ကြောက်ရွံ့စွာ အသက်ရှင်နေထိုင်နေရကြောင်း ဖော်ပြထားသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဇန်နဝါရီလမှ စတင်ကာ စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကျေးရွာ ၁၄ ရွာ မှ ပြည်သူ ထောင်ချီ တစ်လနီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်ချက် များပြားနေကြောင်း ဒေသခံများ ပြောဆိုကြသည်။

NUG တိုက်ခိုက်မှုကြောင့် BNRA ရဲဘော် ၁၀ ဦးခန့် သေဆုံးပြီး သေဆုံးသူ မိဘများကိုပါ ဖမ်းဆီးဟု ဗိုလ်နဂါး ပြော
ဖေဖော် ၁၇
The Kaladan Post
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန် ရေးတပ်မတော် (BNRA) တပ်စခန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ရင်းများက ယနေ့ ၁၇ ရက် နံနက် ၇:၃၀ ခန့်မှ စတင်ကာ လက်နက်ကြီးနှင့် ဒရုန်း များဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ BNRA ဘက်မှ ရဲဘော် ၁၀ ဦးခန့် သေဆုံးခဲ့ ကြောင်း ဗိုလ်နဂါးက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်ခံရသော ပုပ္ပါအနီး BNRA တပ်စခန်းကို စစ်ကောင်စီကလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်နဂါးက ထုတ်ဖော်ရေးသားထားသည်။ ထို့ပြင် သေဆုံးခဲ့သော ရဲဘော်များအတွက် ဝမ်းနည်းကြေကွဲမှုကို ဖော်ပြရင်း “တော်လှန်ရေးတာဝန်ကို မိသားစုပစ်ပြီး ထမ်းဆောင်ခဲ့ကြသည့် ရဲဘော် ၁၀ ဦး အသက် ဆုံးရှုံးခဲ့ရပြီး BNRA ကျသွားပါက ပြည်သူများပါ ဒဏ်ခံရမည်ဟု ဗိုလ်နဂါးက ပြောဆိုသည်။ ယခင် ဇန်နဝါရီ ၉ ရက်တွင် ပုလဲမြို့နယ်အတွင်း BNRA စစ်ဆေးရေးဂိတ်နှစ်ခုကို NUG တပ်ရင်းများက စီးနင်းတိုက်ခိုက်ခဲ့ဖူးပြီး BNRA ဘက်က ဇန်နဝါရီ ၁၇ ရက်တွင် ပန်းရွာ NUG အခွန်ဂိတ်ကို စီးနင်းကာ ဂိတ်တာဝန်ခံ ကိုမင်းခိုင်ကို ဖမ်းဆီးခဲ့ဖူးသည်။ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပုလဲမြို့နယ်အတွင်း BNRA တပ်စခန်းများကို NUG တပ်ရင်းများက ဆက်လက်တိုက်ခိုက်နေသဖြင့် BNRA တပ်ဖွဲ့ဝင်များ နေရာရွှေ့ ပြောင်းနေရသည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ ထို့အပြင် တိုက်ပွဲတခုမှာကျဆုံးသွားသည့် ရဲဘော်များ၏ မိဘနှစ်ပါးကိုလည်း NUG တပ်ရင်းရဲဘော်များက ဖမ်းဆီးနေကြောင်း BNRA ဦးဆောင်သူ ဗိုလ်နဂါးက ပြောဆိုသည်။ ရဲဘော်ချင်း တိုက်တယ်ဆိုတာတောင်လွန်လှပြီ တပ်ရဲ့ ဆက်စပ်သူတွေ မိသားစုဝင်တွေကိုပါ ဖမ်းဆီးတာတော့ တရားလွန်သွားပြီ ဖြစ်သလို အားပေး အားမြှောက်လိုင်းပေါ်မှ အော်ဟစ်နေတဲ့သူများပါတာဝန်ရှိသွားပြီပြောရပါမည်ဟု အဆိုပါ ခေါင်းဆောင်က သတိပေးထားသည်။

ဝက်လက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး သေဆုံး
ဖေဖော် ၁၇
The Kaladan Post
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦး အထက် သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရှားကွဲရွာ အနောက်ဘက် တောကြီးတောတိုက်အနီး ရောက်ရှိနေသော စစ်ကြောင်းနှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားသဖြင့် စစ်ကြောင်း အထိနာကာ ရှားကွဲရွာဘက်သို့ ပြန်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ စစ်ကြောင်းသည် ရှားကွဲရွာ အနောက်ဘက် တောတဲများကိုပါ ဝင်ရောက် မွှေနှောက်ကာ ပစ္စည်းများ ခိုးယူပြီး ထုံးဘိုရွာ အတွင်းသို့ ကားများဖြင့် ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်ကာ ဝက်လက်မြို့နယ် အရှေ့မြောက်ပိုင်း ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်တပ်ကြောင့် ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပိုဆိပ်၊ သစ်ဆိပ်ရွာများမှ ပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှ ယနေ့အထိ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီက ဆက်တိုက် စစ်ကြောင်းထိုး၊ ရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ရွာတော်ကုန်း၊ တမာကုန်း၊ ထုံးဘို၊ မူးကြီး၊ တံတားဦး၊ လှတောရွာ စသည့် ကျေးရွာ ၁၇ ရွာကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များက ဖော်ပြထားသည်။
