ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းမှုသည် ဒေသတွင်း လုံခြုံရေး အန္တရာယ်များရှိဟု သုံးသပ်မှုများရှိနေ
ဖေဖော် ၁၉
The Kaladan Post
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး သည် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် မိသားစုဝင်အချို့နှင့်အတူ လက်နက် ၆ လက်နှင့် ခဲယမ်းများပါ စစ်တပ်ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း မြဝတီက ထုတ်ပြန်သည်။ စစ်တပ် ထုတ်ပြန် သည့် ဓာတ်ပုံများတွင် ဗိုလ်နဂါး၏ ခါးတွင် သေနတ်နှင့် ကျည်ကပ်များ ချိတ်ဆွဲသည်ကို တွေ့ရသဖြင့် ကြိုတင်စီစဉ်ထားသည့် လုပ်ရပ်ဟု လူမှုကွန်ရက်ပေါ်တွင် သုံးသပ်မှုများ ရှိနေသည်။ ဤဖြစ်ရပ်မတိုင်မီ ဖေဖော်ဝါရီ ၁၇ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများက BNRA စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့အပြင် ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်မှု များလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ NUG ဘက်က ဗိုလ်နဂါးနှင့် BNRA အဖွဲ့ဝင်အချို့ အား လူသတ်မှု၊ မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှု အပါအဝင် ရာဇဝတ်မှု ၇ မှု ကျူးလွန် ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးရန် ဆောင်ရွက်နေစဉ်တွင် ဤအညံ့ခံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဗိုလ်နဂါးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပုလဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း အမည်ပြောင်းများကာ BNRA အထိ ရောက်ရှိခဲ့သည်။ အစပိုင်းတွင် NUG လက်အောက်ခံ တပ်ရင်း များအဖြစ် ပါဝင်ခဲ့သော်လည်း ထောက်ပံ့မှု အငြင်းပွားမှု၊ အခွန်ကောက်ခံဂိတ်များဆိုင်ရာ ပဋိပက္ခများ ကြောင့် နှစ်ဖက်ဆက်ဆံရေး တင်းမာလာခဲ့သည်။ ၂၀၂၅ နှစ်ကုန်ပိုင်းမှ စ၍ ပဋိပက္ခ ပိုမိုပြင်းထန်လာ ကာ ဇန်နဝါရီ ၂၀၂၆ တွင် နှစ်ဖက် အခွန်ဂိတ်များကို အပြန်အလှန် စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ သည်။ NUG ဘက်က ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းသွားမှုသည် တော်လှန်ရေးအပေါ် သိသာထင် ရှားစွာ မထိခိုက်နိုင်ဟု ဆိုထားသော်လည်း ဒေသတွင်း လုံခြုံရေး အန္တရာယ်များ ရှိနေကြောင်း PDF တပ်ဖွဲ့ဝင်တချို့က ပြောဆိုသည်။ BNRA တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးထားပြီး တပ်သား ၁၅၀ ခန့်က နောက်ဆက်တွဲ လက်နက်ချ ပူးပေါင်းလာကြောင်း NUG က ထုတ်ပြန်ထားသည်။ ISP-Myanmar ခန့်မှန်းချက်အရ BNRA တွင် တပ်ဖွဲ့ဝင် ၃၀၀၀ ခန့် ရှိခဲ့ပြီး ပုလဲ၊ ရွှေဘို၊ ဒီပဲယင်း စသည့် မြို့နယ်များ တွင် လှုပ်ရှားခဲ့သည်။ နိုင်ငံရေးလေ့လာသူများက ဤဖြစ်ရပ်ကြောင့် စစ်ကောင်စီက ဒေသတွင်း သတင်းအချက်အလက်များ ရရှိနိုင်ပြီး ထိုးစစ်ဆင်ရန် အခွင့်အရေး ရရှိနိုင်ကြောင်း သုံးသပ်ကြသည်။

ဒေါ်ကြည်ပြာ စွပ်စွဲချက်များအပေါ် NUG စစ်ဆေးမှုများ လျစ်လျူရှုဟု တိုင်ကြားသူများ ပြောဆို
ဖေဖော် ၁၉
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စသည့် စွပ်စွဲ ချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ ခိုင်လုံသောသက်သေမတွေ့ရှိရ သဖြင့် တရားစွဲဆိုရန် သို့မဟုတ် ရာထူးမှ ထုတ်ပယ်ရန် လုံလောက်သော အချက်အလက်မရှိကြောင်း ဝန်ကြီးချုပ်ရုံးက ယမန်နေ့ ဖေဖော်ဝါရီ ၁၈ က ထုတ်ပြန်သည်။ စစ်ဆေးမှုအရ ဒေါ်ကြည်ပြာဘက်မှ တင်ပြထားသော ငွေစာရင်းဇယားများ၊ NUG စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ နှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာများတွင်လည်း အဂတိလိုက်စားမှု မတွေ့ရှိဟု ဖော်ပြထားသည်။ သို့သော် ဝန်ထမ်းများ အပေါ် ပြောဆိုဆက်ဆံရာတွင် ချိုသာမှု မရှိသည်ကို တွေ့ရှိရသဖြင့် နောက်နောင် ချိုသာစွာ ဆက်ဆံ ရန် ပြင်းထန်စွာ သတိပေးခဲ့သည်ဟု NUG က ဆိုသည်။ ထို့အပြင် တိုင်ကြားသူ ဝန်ထမ်းဟောင်း ၁၂ ဦးဘက်က ဤစစ်ဆေးမှုကို အပေါ်ယံဆန်ပြီး အမှန်တရားကို မထင်ဟပ်ဟု ဆိုကာ ပယ်ချလိုက်ပြီး လက်ဝယ်ရှိ သက်သေအထောက်အထားများကို ပြည်သူ့ထံ မချွင်းမချန် တင်ပြမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တိုင်ကြားချက်တွင် အဂတိလိုက်စားမှုအပြင် အကျိုးစီးပွားပဋိပက္ခ၊ နီးစပ်သူများကို နေရာပေးခြင်း၊ ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ ရုံးတွင်း လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှုများနှင့် ဝန်ထမ်းများကို ခြိမ်းခြောက်နှောင့်ယှက်ခြင်း စသည့်အချက်များပါဝင် သော်လည်း စစ်ဆေးမှုတွင် လျစ်လျူရှုခံခဲ့ရသည်ဟု တိုင်ကြားသူများက ဆိုသည်။ ထို့အပြင် တိုင်ကြား သူများက ဓမ္မနှင့် အမှန်တရားကို ပြည်သူများက ဆုံးဖြတ်နိုင်ရန် သက်သေများကို ဆက်လက်တင်ပြ တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုထားသည်။

နတ်ရေကန်ဗျူဟာကုန်းကာကင်းစခန်းမှ စစ်ကောင်စီတပ်သား ၃ ဦး CDF-Asho ထံ အလင်းဝင်
ဖေဖော် ၁၉
The Kaladan Post
မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်း ကာကင်းစခန်းမှ စစ်ကောင်စီ တပ်သား ၃ ဦး (သန့်ဇင်ဝင်း၊ ဟိန်းထက်အောင်၊ သဲဇော်အောင်) သည် ဖေဖော်ဝါရီ ၁၄ ရက်နေ့က အလင်းဝင်ရောက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ကထုတ်ပြန်သည်။ အဆိုပါ တပ်သားများမှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်အခြေစိုက် စကခ ၁၇ လက်အောက်ခံ ခမရ ၅၂၀ တပ်ရင်းမှ ဖြစ်ပြီး စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီးနောက် နတ်ရေကန်ရှေ့တန်းသို့ ပို့ဆောင်ခံရသူများဖြစ်ကြကြောင်းသိသည်။ ၎င်းအလင်းဝင်လာသူများမှာ တပ်သားဟိန်းထက်အောင် ကိုယ်ပိုင်အမှတ် – ပစ /၁၇၇၇၀၁၊ တပ်သား သဲဇော်အောင် ကိုယ်ပိုင်အမှတ် – ပစ /၁၄၄၈၃၄ နှင့် တပ်သားသန့်ဇင်ဝင်း ကိုယ်ပိုင်အမှတ်-ပစ/ ၁၇၇၅၇၅ တို့ဖြစ်ကြောင်းသိရသည်။ ၎င်းတို့သည် စစ်တပ်အတွင်း ညှဉ်းပမ်းနှိပ်စက်မှု၊ လစာဖြတ်တောက်ခံ ရမှု၊ အစားအသောက်နှင့် ငွေသားကိုင်ဆောင်ခွင့် မရှိခြင်းစသည့် အခက်အခဲများကြောင့် တော်လှန်ရေး ဘက်သို့ ပြောင်းလဲ အလင်းဝင်ခဲ့ကြောင်း တပ်သား သန့်ဇင်ဝင်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် စစ်ကောင်စီအရာရှိများက လက်အောက်ခံတပ်သားများကို တိုက်ပွဲတွင် ထိုးကျွေးနေသည့် အတွက် ယုံကြည်စိတ်ချရသော နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရန် ဖိတ်ခေါ်တိုက်တွန်း ထားသည်။ နတ်ရေကန်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အလင်းဝင်သူနှင့် ထွက်ပြေးသူများ ဆက်တိုက်ရှိနေဆဲ ဖြစ်ကြောင်း ဆက်စပ်သတင်းများအရ သိရသည်။
လောင်းကစားဝိုင်းများ လုံးဝတားမြစ်ပြီး ဆက်လက်လုပ်ဆောင်သူများကို အရေးယူမည်ဟု ကျောက်တံခါးမြို့နယ် ပကဖ ပြောဆို
ဖေဖော် ၁၉
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း လောင်းကစားဝိုင်းများ မပြုလုပ်ရန် ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ မြို့နယ်အတွင်း လောင်းကစားဒိုင်အချို့သည် စစ်တပ်လက်အောက်ခံ အဖွဲ့များကို ငွေကြေးပေးပြီး ဝိုင်းဖွင့်လှစ်နေကြောင်း၊ ဥပမာ မှန်တန်း လောင်းကစားဝိုင်းကို ကြံ့ဖွတ်ခေါင်းဆောင် မြင့်လွင်က ဦးဆောင်ပြီး ရဲ၊ တပ်၊ ပျူစောထီးများကို ပွဲစဉ်တစ်ခုလျှင် သိန်းတစ်ရာ ပေးရသည်ဟု ဒေသခံများက ပြောဆိုထားသည်။ လောင်းကစားဝိုင်းများကြောင့် ခိုးမှု၊ လုယက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများ များပြားလာ ပြီး ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။ ထို့ကြောင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် မြို့နယ်အတွင်း မည်သည့်လောင်းကစားဝိုင်းမျိုးကိုမဆို လုံးဝ မပြုလုပ်ရန် ပကဖက တင်းကျပ်စွာ သတိပေး တားမြစ်လိုက်ခြင်း ဖြစ်သည်။ ယခင်က စာနှင့်အကြိမ်ကြိမ် သတိပေးခဲ့သော် လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်ပြုလုပ်နေသော ဖဒိုမြို့ ဘိုးပိုက်ဆံ (၄) ရပ်ကွက် လောင်းကစား ဝိုင်းကို ဇန်နဝါရီ ၃ ရက်တွင် ပကဖအဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ပြီး နောက်ဆုံးအကြိမ် သတိပေးခဲ့ဖူး ကြောင်း သိရသည်။ ဆက်လက်ပြုလုပ်နေသော လောင်းကစားဝိုင်းများကို ပကဖက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ဘေးအန္တရာယ်ကင်းရှင်းရန် လောင်းကစားဝိုင်းရှိရာ နေရာများနှင့် ဝေးဝေးနေကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

မကွေးတံတား စစ်ဆေးရေးဂိတ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ဆေးဆိုင်ပိုင်ရှင် ကိုအောင်ကျော်မိုး သေဆုံး
ဖေဖော် ၁၉
The Kaladan Post
မကွေးတိုင်း၊ မကွေးမြို့နှင့် မင်းဘူးမြို့ကို ဆက်သွယ်ထားသော ဧရာဝတီတံတား (မကွေး) မင်းဘူးဘက် ခြမ်း စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၁၇ ရက် ည ၉ နာရီခွဲခန့်က မင်းဘူးဒေသခံ အမျိုးသား ၄ ဦး လိုက်ပါလာသော ဟိုက်ဂျက်ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသူ မင်းဘူးမြို့ အောင်မင်းကျော် ဆေးဝါးအရောင်းဆိုင်ပိုင်ရှင် ကိုအောင်ကျော်မိုး (အသက် ၄၀ ကျော်) ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ထုတ်ပြန်သည်။ မကွေးဘက်မှ ပြန်လာသော ကားနှစ်စီးသည် ဂိတ်ကို ဖြတ်သန်းရန် ရပ်တန့်စစ်ဆေးခဲ့ပြီး ရှေ့ကားကို သွားခွင့်ပြုပြီးနောက် ကိုအောင်ကျော်မိုး မောင်းနှင်လာ သော ကားကိုလည်း လိုက်ထွက်ခဲ့ရာ ဂိတ်လွန်ချိန်တွင် စစ်တပ်က အော်ဟစ်ကာ သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်း ဖြစ်ကြောင်း ရင်းမြစ်များက ပြောဆိုသည်။ ကိုအောင်ကျော်မိုးမှာ နောက်စေ့ ထိမှန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ပစ်ခတ်မှုနောက်ပိုင်း ကားပေါ်ပါ ကျန်ရှိသော မိသားစုဝင် ၃ ဦးနှင့် ကားကိုပါ မကွေး တပ်မ ၈၈ တွင် ဖမ်းဆီးခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် မိသားစုဝင်များက လိုက်လံ ညှိနှိုင်း ခဲ့ရာ ရုပ်အလောင်းကို ငွေကြေးပေးပြီး ပြန်ရယူခွင့်ရရှိခဲ့ကာ ဖမ်းဆီးခံရသူ ၃ ဦးလည်း ပြန်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ ဧရာဝတီတံတားတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် စစ်တပ်၊ ရဲ၊ ပသစ စသည့် အဖွဲ့များက ငွေကြေးညှစ်ယူမှု၊ အကြောင်းမဲ့ ဖမ်းဆီးမှု၊ မူးယစ်ရမ်းကားမှု များရှိနေပြီး ခရီးသွားပြည်သူများ အသက်အန္တရာယ်နှင့် ငွေကြေးဓားပြတိုက်ခံရမှု အခြေအနေများ ရှိနေကြောင်း ဆက်စပ်ဖော်ပြချက်များအရ သိရသည်။

မြင်းခြံမြို့နယ် တဲရွာ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စခန်းစွန့်ခွာ ထွက်ပြေး
ဖေဖော် ၁၉
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တဲရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း အရေအတွက်အတိအကျ အတည်မပြုနိုင်သေးကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းမှ ကိုဝမ်းတူးက ပြောဆိုသည်။ စစ်တပ် သည် စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့ပြီး နောက်ပိုင်း စစ်ကူရောက်ရှိလာသဖြင့် တော်လှန်ရေးရဲဘော်များ က ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြထားသည်။ စခန်းတွင် စစ်တပ်သား အင်အား ၁၅ ဦးခန့် ရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု မရှိခဲ့ကြောင်း ကိုဝမ်းတူးက ဆိုသည်။ ဤတိုက်ခိုက် မှုကို မြင်းခြံခရိုင် အမှတ် (၁၊ ၂၊ ၇) တပ်ရင်းများနှင့် မြင်းခြံခရိုင် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။ ပြည်သူများအနေဖြင့် စစ်တပ်စခန်း၊ ဂိတ်များနှင့် အဝေးတွင် နေထိုင်ရန်၊ အသွားအလာ ဂရုစိုက်ရန်နှင့် လေကြောင်းရန်ကို အထူးသတိပြုရန် ကိုဝမ်းတူးက တိုက်တွန်းထားသည်။

BNRA တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်အပ်နှံရန် ယင်းမာပင်ခရိုင်ပကဖ ကြေညာ
ဖေဖော် ၁၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း နေထိုင်နေသော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင်များအနေဖြင့် အဖွဲ့အစည်းမှ ထုတ်ပေးထားသော လက်နက်များနှင့် ဆက်စပ်ပစ္စည်း များကို ခရိုင်/မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များထံ ချိတ်ဆက် လာရောက်အပ်နှံကြရန် ယင်းမာပင်ခရိုင် ပကဖ က ဖေဖော်ဝါရီ ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ လက်နက်များကို ရောင်းချ၊ ပေါင်နှံ၊ ဖျောက်ဖျက် သို့မဟုတ် ဖျက်ဆီးခြင်း မပြုရန် သတိပေးထားပြီး စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြထားသည်။ သက်ဆိုင်ရာ ရပ်ကျေး/တိုက်နယ် ပကဖ နှင့် ပအဖ များကိုလည်း BNRA တပ်ဖွဲ့ဝင်များရှိပါက သတင်းပေး ချိတ်ဆက်ပေးရန် ညွှန်ကြားထားသည်။ ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းပြီးနောက် သူ့တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းအချို့ ပျောက်ဆုံးနေကြောင်း ယင်းမာပင်ခရိုင် တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။ စုံစမ်းချက်များအရ ဗိုလ်နဂါး၊ မိသားစုဝင်များနှင့် နောက်လိုက်အချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းပြီး ရဟတ်ယာဉ်ဖြင့် အင်အား ၂၀၀ ကျော်ဖြည့် စစ်ကြောင်းထိုး
ဖေဖော် ၁၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့တွင် အာဏာသိမ်း စစ်တပ်က MI-17 ရဟတ်ယာဉ်နှစ်စင်းဖြင့် မနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ စုစုပေါင်း ၁၂ ကြိမ် ပျံသန်းကာ အင်အားဖြည့်တင်းခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။ စစ်တပ် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ပုလဲမြို့ ပေါ်မှ အနောက်ဘက် မြကုန်း၊ မင်းတိုင်ပင်ရွာဘက်သို့ ဦးတည်ထိုးစစ်ဆင်နေပြီး လက်ရှိ ကုက္ကိုကုန်း ရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ စစ်ကြောင်းထိုးမှုကြောင့် မြကုန်း၊ ကုက္ကိုကုန်း၊ စေတီရုံ၊ စပါးစေ့၊ နွယ်ရှောက်စသည့် ကျေးရွာများမှ ဒေသခံ ပြည်သူ ၆,၀၀၀ နီးပါး စစ်ဘေးရှောင်ထွက်ပြေးနေ ရကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်တပ် လှုပ်ရှားမှုသည် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ပုလဲနယ်အခြေစိုက် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး (နိုင်လင်း) နှင့် အဖွဲ့ဝင်အချို့ လက်နက်ခဲယမ်းများ နှင့်အတူ စစ်တပ်ထံ လက်နက်ချ ပူးပေါင်းခဲ့ပြီးနောက် ချက်ချင်း ဖြစ်ပွားလာခြင်းဖြစ်သည်။ စစ်တပ် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများအနေဖြင့် ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှု၊ နေအိမ်မီးရှို့ခံရမှု၊ လေကြောင်းဗုံးကြဲခံရမှုများကို ကြောက်ရွံ့၍ စစ်ဘေးရှောင်ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
တောင်သာမြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူထောင်ချီ စစ်ဘေးရှောင်
ဖေဖော် ၁၉
The Kaladan Post
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၉ ရက် ယနေ့ စစ်ကောင်စီက လေယာဉ်နှင့် စက်တပ်လေထီး (ပါရာမော်တာ) များဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်း များလည်း ထပ်မံ ဝင်ရောက်လာသဖြင့် ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောဆိုသည်။ ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်နှင့် မွန်းလွဲ ၃ နာရီကျော်အချိန်များတွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး၊ မိတ္ထီလာလေတပ်မှ စက်တပ် လေထီးများဖြင့် တောင်သာမြို့နယ် အရှေ့ခြမ်းနှင့် အရှေ့တောင်ခြမ်း ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုများတွင် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။ ထို့ပြင် ယနေ့ နံနက် ၇ နာရီကျော်ခန့်တွင် မကျီးရိုး ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းက နကူးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သဖြင့် လမ်းတလျှောက် ဒေသခံများ ကြိုတင် ရှောင်တိမ်းနေရကြောင်း သိရသည်။ ဤစစ်ကြောင်းထိုးမှုကြောင့် လက်သဲကျင်ရွာ၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာ၊ ပဲခင်းကျော်ရွာ စသည့် ကျေးရွာများမှ ပြည်သူ ထောင်နှင့်ချီ ရွာလုံးကျွတ် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး လေကြောင်းဗုံးကြဲမှုနှင့် စစ်ကြောင်းထိုးမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများ ကြောင့် ဒေသခံ ပြည်သူများ လုံခြုံရေး အလွန်စိုးရိမ်နေရပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးရွားလာနိုင်ကြောင်း စိုးရိမ်ရသည်။

စစ်တပ်က နဂါးကို ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး အတွက် အသုံးချနိုင်ဟု သုံးသပ်မှုများရှိ
ဖေဖော် ၁၉
The Kaladan Post
ပုလဲနယ်တွင် စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်မှုများ ရှိနေပြီး စစ်ကြောင်း ထိုးနိုင်ခြေ မြင့်တက်နေသဖြင့် ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထူး သတိပြုရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က သတိပေး ထုတ်ပြန်ထားသည်။ နဂါး စစ်တပ်နှင့် ပူးပေါင်းမှုနောက်ပိုင်း ပုလဲနယ်တွင် လေကြောင်း တိုက်ခိုက်မှု ရှိလာခဲ့ပြီး နဂါး၏ သတင်း ပေးပို့မှုကြောင့် နယ်မြေ အချက်အလက်များ စစ်တပ်သို့ ရောက်နိုင်သည်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ဖေဖော်ဝါရီ ၁၈ ရက် ညက နွယ်အင်းနှင့် သပြေပင်ရွာ ဝန်းကျင်ကို ပါရာမော်တာ ဖြင့် တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၁၉ ရက်တွင်လည်း ပုလဲ အနောက်ပိုင်း တစ်နေရာသို့ ရဟတ်ယာဉ် ဝင်ရောက်ခဲ့ကြောင်း နီးစပ်သူများ နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ ဒေသခံများက စခန်း တည်နေရာ အများစု ပြောင်းရွှေ့နေ ပြီဟု ပြောဆိုသည်။ နိုင်ငံရေး သမား ကိုစိုးဝင်းဆွေ က လုံခြုံရေး အတွက် စီမံ ပြောင်းလဲရန် တိုက်တွန်းပြီး နဂါး ပျူစောထီး သို့မဟုတ် ပြည်သူ့စစ် ခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း ထောက်ပြ သည်။ CDM ဗိုလ်မှူး နောင်ရိုးက နဂါးကို ဝါဒဖြန့်ချိရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး အတွက် အသုံးချနိုင် ကြောင်း၊ တော်လှန်ရေး အင်အားစုများ ခွဲထုတ်ရန်နှင့် ပြည်သူ ယုံကြည်မှု လျော့ကျစေရန် လုပ်ဆောင် နိုင်ဟု သုံးသပ်သည်။ NUG က အရေးပေါ် ထုတ်ပြန်ချက်တွင် BNRA တပ်ဖွဲ့ဝင်များ၏ အမှု ၇ ခုကို အသိပေးခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၀ ခန့် PDF နှင့် ပကဖ များသို့ ပူးပေါင်း လာနေကြောင်း ဖော်ပြထားသည်။ တိုက်ခိုက်မှုများ၏ အသေးစိတ် ထိခိုက်မှုကို အတည်မပြုနိုင်သေးသော်လည်း အခြေအနေ တင်းမာနေ ဆဲ ဖြစ်သည်။

