ဘန့်ဘွေးပျူရွာ အနီး စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သုံးဦး သေဆုံး
ဖေဖော် ၂၀
The Kaladan Post
ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူရွာအနီး စစ်ကောင်စီတပ်ဖွဲ့ ခရီးသွားကားများကို ဖမ်းဆီးငွေညှစ်လျက် အနီးပတ်ဝန်းကျင်ရွာများမှ ရိက္ခာများ လုယက်နေမှုများကို တုံ့ပြန်ရန် ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ ကနီမြို့နယ် ပကဖ လက်ရုံးတပ်၊ ကနီ 9+ စစ်ကြောင်း နှင့် YMB Column (ယင်းမာပင်မြို့နယ် စစ်ကြောင်း) တို့မှ နှစ်ရက်ခန့် ကင်းပုန်းချ စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၃:၃၀ ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးခန့် ထွက်လာသည်ကို တွေ့ရှိ၍ လက်ဦးမှု ယူကာ တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး ရန်သူဘက်မှ စစ်သား ၃ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ များစွာဖြင့် ထွက်ပြေးလွတ်မြောက်သွား ကြောင်း ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်းက ပြောဆိုသည်။ အလင်းရောင် မရသေးခြင်း၊ ရန်သူ စခန်းမှ လက်နက်ကြီး ပစ်ကူ ပေးနေခြင်းတို့ကြောင့် အခင်းဖြစ်ပွားရာ နေရာကို အပြည့်အဝ ရှင်းလင်းနိုင်ခြင်း မရှိခဲ့ဘဲ တပ်ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အာဏာသိမ်းမှု ဖုံးကွယ်ကာ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ငြိမ်းချမ်းရေး လက်တွဲဆောင်ရွက်ရန် ချင်းပြည်သူများကို မင်းအောင်လှိုင် စည်းရုံး
ဖေဖော် ၂၀
The Kaladan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သော ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား သို့ ပေးပို့သည့် သဝဏ်လွှာတွင် မင်းအောင်လှိုင်က လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ချင်းပြည်သူများ နိုင်ငံတော်နှင့် ပူးပေါင်း လက်တွဲဆောင် ရွက်ကြရန် တိုက်တွန်းခဲ့သည်။ ပြည်ထောင်စု စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ချင်းပြည် နှင့် ပြည်ထောင်စု အကျိုးကို ထမ်းဆောင်ရန် တောင်းဆိုခဲ့ပြီး၊ ချင်းပြည်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားကြောင်း၊ နှစ်ပေါင်းထောင်ချီ ရှိခဲ့သော သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုများကို ဖျက်ဆီးနေကြောင်း မင်းအောင်လှိုင်က ဆိုသည်။ ၎င်းဆူပူမှုများကို ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ပယ်ဖျက်ခြင်းအပေါ် မမှန်ကန်စွာ သုံးသပ်မှု မရှိဘဲ အာဏာလိုချင်စိတ်မှ စတင်ခဲ့ခြင်းဟု စွပ်စွဲပြောဆိုခဲ့ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ တည်ငြိမ်သော ဒေသများကို တိုက်ခိုက်ဖျက်ဆီးနေသည်ဟု ဆိုခဲ့သည်။ နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေသော အကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေရန်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ချင်းပြည်သူများအပါအဝင် တိုင်းရင်းသား ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် ထပ်မံ တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

တောင်ခေါင်းလောင်းရွာ စစ်တပ်စခန်းကို KNLA-DNLA ပူးပေါင်းတပ်များ သိမ်းပိုက် စစ်သား ၃ ဦး သေဆုံး
ဖေဖော် ၂၀
The Kaladan Post
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တောင်ခေါင်းလောင်းရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၉ နာရီကျော်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ စစ်အင်အား ၂၇ ဦးခန့် တပ်စွဲထားသော ယင်းစခန်းကို မြေပြင်တိုက်ခိုက် မှုနှင့် ဒရုန်းဗုံးကြဲမှုများ ပူးပေါင်းအသုံးပြု၍ တိုက်ပွဲ တစ်နာရီကျော်ကြာ ဆင်နွှဲပြီးနောက် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ထုတ်ပြန်သည်။ စခန်းကို ရွာစာသင် ကျောင်းနှင့် ပြည်သူ့အိမ်များတွင် တပ်စွဲထားသဖြင့် ပြည်သူများကို ခေါ်ထုတ်ပြီး တိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အလောင်းများကို ထွက်ပြေးရင်း ဆွဲယူသွား ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဗုံးနှစ်ကြိမ်ကြဲ၊ ရေတပ်မှ လက်နက်ကြီး ပစ်ကူပေးခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ထိခိုက်မှု မရှိခဲ့ကြောင်း ဖော်ပြထားသည်။ စခန်းမှ စစ်ကောင်စီတပ်သားများ အနီးရှိ တိုင်းဗဟို ၁၂ နှင့် ခလရ ၂၈၀ တပ်ရင်းသို့ ထွက်ပြေးခဲ့ပြီး စခန်းတွင်းမှ ၆၀ မမ တာဝေးပစ်ဗုံးသီး ၁၀ လုံး၊ အီတာဂါ ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဖားဆောင်း နန့်ကစ်အနီး တိုက်ပွဲ ဆက်ပြင်းထန်ပြီး စစ်တပ်က သံလွင်တံတားဘက်တွင် တပ်ဖြန့်
ဖေဖော် ၂၀
The Kaladan Post
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် နန့်ကစ်ကျေးရွာအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း မြေပြင်ရဲဘော်များက ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ခလရ (၁၃၅) တပ်ရင်းမှ မီတာ ၄၀၀ ခန့်အကွာ သံလွင်တံတား (ဖားဆောင်း) ဘက်သို့ တပ်ဖြန့်လာခဲ့ပြီး တိုက်ပွဲကို နှစ်ပိုင်း ခွဲ၍ ဖြစ်ပွားနေကြောင်း သိရသည်။ မြို့အထက်ခြမ်း နန့်ကစ်ဘက်တွင် စစ်ကြောင်းကို ကာကွယ်နေပြီး တံတားနားတွင် အချို့နေရာများမှ ဆုတ်ခွာခဲ့ရကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး ရဲဘော်တစ်ဦးက ပြောဆိုခဲ့သည်။ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများဖြင့် စစ်ကောင်စီက ဖားဆောင်းမြို့ကို ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး နေရာအများစုကို ရရှိထားသော်လည်း မြေပြင်တိုက်ပွဲများအရ အချိန်မရွေး အပြောင်းအလဲ ဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။ ဖားဆောင်းကို စစ်ကောင်စီက ပြန်ရရှိပါက မော်ချီးဒေသ အရင်းအမြစ်များဆီသို့ ဆက်လက် တိုးချဲ့နိုင်မည်ဖြစ်ရာ စိုးရိမ်စရာ အခြေအနေ ဖြစ်ကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်များက သတိပေးထားသည်။ စစ်တပ်က ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီဟု ထုတ်ပြန်ထားသော်လည်း ကရင်နီတပ်ပေါင်းစု ဘက်မှ သီးခြားထုတ်ပြန်ခြင်း မရှိသေးဘဲ မြေပြင်အခြေအနေ ရှုပ်ထွေးနေဆဲဟု ကရင်နီတပ်မတော် (KA) ဘက်က တုံ့ပြန်ထားသည်။ ဖားဆောင်းမြို့တွင် ခလရ (၁၃၄) နှင့် (၁၃၅) တပ်ရင်းနှစ်ခု အခြေစိုက်ထားပြီး ပြီးခဲ့သည့်နှစ်ဝက်က ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) က သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၆ ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်တပ်က ပြန်ရရှိခဲ့သည်။

ဂန့်ဂေါ အမှတ် ၃၇၁ အမြောက်တပ်မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်
ဖေဖော် ၂၀
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည့်ဝကျေးရွာအနီး အမှတ် ၃၇၁ အမြောက်တပ်ရင်းမှ စစ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ယောအလင်းတန်းက ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် အဆိုပါ တပ်ရင်းမှ တပ်သား သန့်ဇင်အောင်က MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်အတောင့် ၇၀ နှင့်အတူ ထွက်ပြေးလာခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင် YRA ထီးလင်းတပ်ဖွဲ့ စခန်းသို့ ရောက်ရှိ၍ အလင်းဝင်ခဲ့ခြင်း ဖြစ်သည်။ ယင်းစစ်သားသည် သန္ဓေစစ်သားဖြစ်ပြီး ကြိုတင်ချိတ်ဆက်မှု မရှိခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက လိုက်ရှာ ခေါ်ယူခဲ့ရာ လမ်းခရီး ၅ ရက်ခန့် ကြာမြင့်ခဲ့ကြောင်း၊ အဆိုပါ တပ်ရင်းသည် ဂန့်ဂေါမြို့နှင့် ၂ မိုင်ခန့်အကွာတွင်ရှိကြောင်း သိရသည်။ YRA ထီးလင်းတပ်ဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လိုအပ်သမျှ ကူညီစောင့်ရှောက်ပေးထားကာ လက်နက်ခဲယမ်း တန်ဖိုးငွေ ချီးမြှင့်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း ၁၁၁ ဦး ဖမ်းဆီးရမိခဲ့ပြီး အလင်းဝင်ပူးပေါင်းလာသည့် စစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၄ ဦး ရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရသိသည်။

ချင်းပြည် ရာနှုန်းပြည့်နီးပါး ထိန်းချုပ်ပြီး လွတ်မြောက်ရေး ဆုံးခန်းတိုင်ဖော်ဆောင်ရန် ဒူဝါလရှီးလ တိုက်တွန်း
ဖေဖော် ၂၀
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျရောက်သည့် ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသော နယ်မြေများကို အာမခံချက်ပြည့်ဝသည့် လွတ်မြောက်နယ်မြေများအဖြစ် ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်းထား သည်။ ချင်းပြည်တွင် ချင်းတော်လှန်ရေးတပ်များက ရာနှုန်းပြည့်နီးပါး ထိန်းချုပ်စိုးမိုးနေပြီဖြစ်ကြောင်း၊ ထိုနယ်မြေများကို စစ်ရေးနှင့် နိုင်ငံရေးအရ တစ်ပြိုင်နက် အားဖြည့်ကာ လွတ်မြောက်ရေးကို ဆုံးခန်း တိုင်အောင် ဖော်ဆောင်ရန် လိုအပ်ကြောင်း သူက ပြောကြားခဲ့သည်။ ထို့ပြင် ချင်းလူမျိုးများအကြား အမျိုးသားစည်းလုံးညီညွတ်ရေးကို အရေးအကြီးဆုံးအချက်အဖြစ် သတ်မှတ်ကာ ပထဝီဒေသ ကွဲပြားမှု၊ မျိုးနွယ်စုအလိုက် ဓလေ့ထုံးတမ်းများကို နားလည်ပြီး ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ချင်းလူမျိုးများ၏ ဦးဆောင်ပါဝင်မှုက အရေးကြောင်း ဆက်လက်ပြောဆိုသည်။ စစ်အာဏာရှင်စနစ်က ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ပြုကာ ချင်းလူမျိုးရေးလက္ခဏာများကို ပုံဖျက်ရန် ကြိုးပမ်းနေကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် ဖက်ဒရယ်အခွင့်အရေးများကို လျစ်လျူရှုခဲ့ကြောင်း ဝေဖန်ခဲ့ပြီး ချင်းလူငယ်မျိုးဆက်သစ်နှင့် နိုင်ငံရေးခေါင်းဆောင်များက နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေမှုကို အလေးအမြတ်ပြုကာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချုပ်ငြိမ်းပြီး စစ်မှန်သော လွတ်လပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရယူနိုင်ရန် တိုက်တွန်းခဲ့သည်။

စစ်တပ်က မူးယစ်ဆေးဖြန့်ဖြူးရေးတွင် ကလေးငယ်များကို အသုံးချသည်ဟု KNU ပြောဆို
ဖေဖော် ၂၀
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့က စိတ်ကြွရူးသွပ်ဆေး WY ပြား အလုံး ၁၀၀ ခန့် သယ်ဆောင်လာသော အသက် ၁၆ နှစ်နှင့် ၁၃ နှစ်အရွယ် ကလေး ၂ ဦးကို ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ ဖမ်းဆီးရမိသည့် ကလေးငယ်နှစ်ဦးကို စစ်ဆေးမေးမြန်းချက်အရ ပဲခူးတိုင်း ကျောက်တံခါးမြို့ ဈေးပိုင်းတွင် နေထိုင်သူများဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ ဖိအားပေး ခိုင်းစေမှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်း WY မူးယစ်ဆေးဝါးများ လာရောက်ဖြန့်ဖြူးရန် လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည်ဟု သိရသည်။ KNU ဗဟိုက ထုတ်ပြန်ချက်တွင် စစ်အုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အင်အားကို ချိနဲ့စေရန် စစ်ရေးနည်းလမ်းများသာမက အကျိုးအမြတ်ဖြင့် ဆွဲဆောင်ခြင်း၊ သတင်းတု သတင်းမှားများ ဖြန့်ချိခြင်း၊ ဒေသခံလူထု၏ အကျင့်စာရိတ္တကို ပျက်ပြားစေရန် နည်းလမ်းမျိုးစုံ အသုံးပြုလျက်ရှိကြောင်း ထောက်ပြခဲ့သည်။ ဤလုပ်ရပ်များသည် ကရင့်တော်လှန်ရေး အဆက်ဆက်ကြုံတွေ့နေရသော စနစ်တကျ လုပ်ဆောင်မှု များဖြစ်ကြောင်း ဆိုထားသည်။ စစ်ကောင်စီသည် မူးယစ်ဆေးဝါး ဖြန့်ဖြူးရေး လုပ်ငန်းစဉ်များတွင် ကလေးငယ်များကို အသုံးချနေပြီး ဒေသခံလူထု ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ဆက်လက် ကြိုးပမ်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားကြသည်။
