ငါးဇွန်မြို့နယ်တွင် စစ်တပ် ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံး

ဖေဖော် ၂၃
The Kaladan Post
မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ဆုံရွာမှ ဆီမီးခုံမြို့ဘက်သို့ ထွက်လာသော စစ်သားနှင့် ပျူစောထီး ပါဝင် သည့် အင်အား ၂၀ ခန့်ပါ ရိက္ခာယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ်(၃) တပ်ရင်း အသိပေးထားသည်။ မန္တလေးခရိုင် အမှတ်(၃) တပ်ရင်း (People’s Defense Force – Mandalay) ဦးဆောင်ပြီး ဆီမီးခုံ PDF၊ SRF၊ ဧရာဝတီမင်းသား ပြောက်ကျားတပ်ဖွဲ့၊ နယ်စီးမခြားတပ်ဖွဲ့၊ MGN နှင့် NGAZUN တပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ထိုတိုက်ပွဲသည် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပထမတွင် ၆ ဦး သေဆုံး၊ ကျန်ပျူစောထီးအများအပြား ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတက်ရောက်နေသော ပျူစောထီးနှင့် ရဲ ၄ ဦး ထပ်မံ သေဆုံးခဲ့သည်ဟု PDF – Mandalay တာဝန်ရှိသူက ပြောဆိုသည်။ တိုက်ပွဲအတွင်း G3 သေနတ် ၂ လက်၊ ကာဘိုင် ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ G3 ကျည် ၅၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု သိရှိရသည်။

ကချင်နှင့် စစ်ကိုင်းတိုင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅ ဦး ခန့် သေဆုံး

ဖေဖော် ၂၃
The Kaladan Post
ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက် တစ်နေ့တည်းအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ် မိုင်ဂျာယန်အနီး ဘွမ်ကထောင်ကျေးရွာနှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပဲနုပ်ဆွတ် ရွာတို့တွင် အရပ်သား သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ကချင်ပြည်နယ်၊ ဘွမ်ကထောင်ကျေးရွာကို ယမန်နေ့ ည ၁၁ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇၈ နှစ်အရွယ် ဦးဇော်တောင် အပါအဝင် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွတ်ရွာကို တစ်နေ့တည်း မွန်းလွဲ ၃ နာရီခန့်တွင် စက်တပ်လေထီး (Gyrocopter) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား ၇ ဦး နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့ကြောင်း သတင်းရင်းမြစ် များက ဆိုသည်။ ထို့အပြင် ၎င်းတိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် PDF ၂ ဦး လည်း သေဆုံးခဲ့ကာ စုစုပေါင်း သေဆုံးမှု အရေအတွက် ပိုမိုများပြားနိုင်ကြောင်း၊ စာရင်းကောက်ယူနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ ဤလေကြောင်းတိုက်ခိုက်မှုများသည် ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားလေဆိပ်တွင် MNA လေယာဉ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကို စစ်ကောင်စီက KIA နှင့် PDF တို့၏ လုပ်ရပ်ဟု စွပ်စွဲပြီး လိုင်ဇာ၊ မိုင်ဂျာယန်တို့ကို ဗုံးကြဲရန် လှုံ့ဆော်ခဲ့ပြီးနောက် ဆက်လက်ဖြစ်ပွားလာခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်း KIA ၏ တပ်မဟာ (၉) အနန့်ပါ၊ တပ်မဟာ (၈) ထိုင်ရာယာ ဒေသများကို ဗုံးကြဲခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် တပ်မဟာ (၃) ဘာပါနှင့် တပ်ရင်း (၁၁) နယ်မြေများကိုပါ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း KIA ထံမှ သိရှိရသည်။

ကချင်ပြည်နယ် ဘွမ်ကထောင်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဘိုးကြီး ၁ ဦး သေဆုံး

ဖေဖော် ၂၃
The Kaladan Post
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသ၊ ဘွမ်ကထောင်ကျေးရွာကို ဖေဖော်ဝါရီ ၂၂ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီ တပ်မတော်က လေကြောင်းဗုံးကြဲ တိုက်ခိုက် ခဲ့ရာ အသက် ၇၅ နှစ်အရွယ် အဘိုးကြီး တစ်ဦး သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဤဖြစ်ရပ်သည် KIO အုပ်ချုပ်ရေး သတ်မှတ်ချက်အရ ဗန်းမော်ခရိုင် စင်လုံမြို့နယ် အရှေ့ပိုင်း၊ KIA တပ်မဟာ(၃) နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ တိုက်ပွဲ မရှိသော အရပ်သား နေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်မှုဟု ကချင်သတင်းရင်းမြစ်များက ဆိုသည်။ စစ်တပ် သည် ယခုရက်ပိုင်းအတွင်း KIA ထိန်းချုပ်နယ်မြေများဖြစ်သော ဌာနချုပ် လိုင်ဇာအနီး၊ တပ်မဟာ(၂)၊ (၃)၊ (၅)၊ (၈)၊ (၉) နှင့် (၁၁) နယ်မြေများကို ဆက်တိုက် လေကြောင်းဗုံးကြဲ တိုက်ခိုက်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ညောင်လေးပင်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ဖေဖော် ၂၃
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ မှုတ်ရှည်အုပ်စု၊ ညောင်လေးပင်ရွာ အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးဆန်းဝင်း ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။ နေ့လယ် ၁ နာရီဝန်းကျင်ခန့်တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သူ၏ နေအိမ်သို့ ဝင်ရောက်ပြီး ဦးခေါင်းတွင် ၄-၅ ချက်ခန့် ပစ်ခတ်ခံရပြီး သေဆုံးသည်။ ဦးဆန်းဝင်းသည် မီတာကြေးနှင့် စစ်မှုထမ်းကြေးများကို ပုံမှန်ပမာဏထက် အဆမတန် မြှင့်တင်ကောက်ခံခဲ့ပြီး အိမ်တစ်လုံးချင်းကို ကြည့်ပြီး ၅ သောင်း၊ ၁ သိန်း၊ ၂ သိန်း စသဖြင့် ခွဲတမ်းချ ကောက်ခံလေ့ရှိကြောင်း၊ PDF တပ်ဖွဲ့များထံ တိုင်ကြားပါက ရွာတစ်ရွာလုံး ပြာကျအောင် လုပ်မည်ဟု ကြွေးကြော်ထားကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် နေ့လယ် ၂ နာရီဝန်းကျင်တွင် တောင်တွင်းကြီးနယ်မြေခံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်က အလောင်းကို လာရောက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှု ကို လုပ်ဆောင်ခဲ့သော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ယနေ့အထိ တရားဝင် သတင်းထုတ်ပြန် ခြင်း မရှိသေးပါ။ အလားတူ ဖြစ်ရပ်တစ်ခုအဖြစ် ဖေဖော်ဝါရီ ၁ ရက်က တောင်တွင်းကြီးမြို့နယ်၊ ငှက်ပျောတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သေဆုံးခဲ့သည်။

ဂန့်ဂေါခရိုင် တပ်ရင်း(၁၃) နယ်မြေအတွင်း ခရီးသွားလာမှု ကန့်သတ်ပြီး ပြည်သူများနှင့် လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပေးရန် တောင်းဆို

ဖေဖော် ၂၃
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း(၁၃) လှုပ်ရှားနယ်မြေအတွင်း ခရီးသွားလာမှုများကို ကန့်သတ်ထား ကြောင်း ထုတ်ပြန်သည်။ ထိုထုတ်ပြန်ချက်အရ ဂန့်ဂေါခရိုင် တပ်ရင်း(၁၃) နယ်မြေအတွင်း သွားလာ နေထိုင်နေသော ပြည်သူများနှင့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ပြီး၊ ကန့်သတ်နယ်မြေနှင့် အချိန်အတွင်း ခရီးသွားလာရန် ခရီးသွားလာခွင့် (MO – Movement Order) ပါရှိမှသာ ခွင့်ပြုမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို ည ၈ နာရီ ၃၀ မိနစ်မှ မနက် ၆ နာရီအထိ လုံခြုံရေး အခြေအနေအရ လုံးဝ ဖြတ်သန်း သွားလာခွင့် ပိတ်ထားခြင်း ဖြစ်ကြောင်းသိရသည်။ ဤလမ်းပိုင်းကို ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့် လက်နက်ကိုင် အဖွဲ့များအနေဖြင့် စစ်ဆေးမှုများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန် အဆိုပါအဖွဲ့က မေတ္တာရပ်ခံ ထားသည်။ အရေးပေါ်ကိစ္စရပ်များကြောင့် ဖြတ်သန်းရန် လိုအပ်ပါက ဂန့်ဂေါခရိုင် တပ်ရင်း(၁၃) ထံ ကြိုတင် အကြောင်းကြား၍ ခွင့်ပြုချက်ရယူပြီးမှ သွားလာရန် တိုက်တွန်းထားပြီး၊ ခွင့်ပြုချက်မရှိဘဲ သွားလာပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး ထားသည်။

ကချင်ပြည်နယ် ဘွမ်ကထောင်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဘိုးကြီး ၁ ဦး သေဆုံး

ဖေဖော် ၂၃
The Kaladan Post
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသ၊ ဘွမ်ကထောင်ကျေးရွာကို ဖေဖော်ဝါရီ ၂၂ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီ တပ်မတော်က လေကြောင်းဗုံးကြဲ တိုက်ခိုက် ခဲ့ရာ အသက် ၇၅ နှစ်အရွယ် အဘိုးကြီး တစ်ဦး သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဤဖြစ်ရပ်သည် KIO အုပ်ချုပ်ရေး သတ်မှတ်ချက်အရ ဗန်းမော်ခရိုင် စင်လုံမြို့နယ် အရှေ့ပိုင်း၊ KIA တပ်မဟာ(၃) နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ တိုက်ပွဲ မရှိသော အရပ်သား နေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်မှုဟု ကချင်သတင်းရင်းမြစ်များက ဆိုသည်။ စစ်တပ် သည် ယခုရက်ပိုင်းအတွင်း KIA ထိန်းချုပ်နယ်မြေများဖြစ်သော ဌာနချုပ် လိုင်ဇာအနီး၊ တပ်မဟာ(၂)၊ (၃)၊ (၅)၊ (၈)၊ (၉) နှင့် (၁၁) နယ်မြေများကို ဆက်တိုက် လေကြောင်းဗုံးကြဲ တိုက်ခိုက်နေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။


အာရက္ခပြည်သူ့အစိုးရ ထိန်းချုပ်နယ်မြေများတွင် လမ်းနှင့် တံတားများ အဆင့်မြှင့်ပြုပြင်

ဖေဖော် ၂၃
The Kaladan Post
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အာရက္ခပြည်သူ့အစိုးရက လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို ဆက်တိုက်ဆောက်လုပ်၊ ပြုပြင်နေကြောင်း ဒေသခံများက ပြောဆိုသည်။ အာရက္ခပြည်သူ့အစိုးရသည် ထိန်းချုပ်နယ်မြေများအတွင်း ကျေးရွာချင်း ဆက်လမ်းသစ်များ ဖောက်လုပ်ခြင်း၊ စစ်ကောင်စီလက်ထက် ပျက်စီးခဲ့သော လမ်း၊ တံတားများကို ပြန်လည်ပြုပြင်ခြင်း၊ လမ်းကြမ်းများကို လမ်းချောအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို အဓိက လုပ်ဆောင်နေကြောင်းသိရသည်။ ကျောက်တော်မြို့နယ်တွင်လည်း တင်းမကျေးရွာသို့ သွားရာလမ်းပိုင်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် ဟိုင်းဝေးကားလမ်းမ ဧရိယာအပေါ် တိုးချဲ့ဆောက်လုပ်ထားသော ဆိုင်ခန်းများ၊ အိမ်များကိုလည်း ဖယ်ရှားမှုများ စတင်လုပ်ဆောင်နေပြီး ကား၊ ဆိုင်ကယ်နှင့် စက်တပ်ယာဉ်များ စနစ်တကျ မောင်းနှင်ရေး၊ ယာဉ်တိုက်မှု လျှော့ချရေး အတွက် အသိပညာပေးမှုများ၊ စည်းကမ်းတင်းကျပ်မှုများနှင့် အရေးယူမှုများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါ်ကြည်ပြာ ရာထူးမှ နုတ်ထွက်ပြီးနောက် တက္ကသိုလ်ဝင်ခွင့်လုပ်ငန်း ပြန်လည်စတင်

ဖေဖော် ၂၃
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်က ယာယီရပ်ဆိုင်းခဲ့သော စတုတ္ထအကြိမ် တက္ကသိုလ် ဝင်ခွင့်လုပ်ငန်းစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းမှ ပြန်လည်စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ယင်းအဖွဲ့က ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်ကြည်ပြာ နှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားချက်များနှင့်ပတ်သက်ပြီး NUG ဘက်မှ စုံစမ်းစစ်ဆေးကာ ရှင်းလင်းချက်များ ထုတ်ပြန်ပေးခဲ့မှုကို ကြိုဆိုကြောင်း ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စုံစမ်းအဖွဲ့က တွေ့ရှိချက်များအရ ဆက်စပ်သူ နှစ်ဦးကို တာဝန်မှ ရပ်ဆိုင်းခဲ့ပြီး ဒေါ်ကြည်ပြာကိုယ်တိုင်က ကျန်းမာရေးအကြောင်း ပြချက်ဖြင့် ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူ့အသံနှင့် CDM အဖွဲ့အစည်းများ၏ အသံကို နားထောင်ပေးခဲ့မှုအပေါ် ကျေနပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကတိပြုချက်များကို ဆက်လက်ဖြောင့်မတ်စွာ အကောင်အထည်ဖော်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းရေးသားထားသည်။ လက်ရှိတွင် နွေဦးတော်လှန်ရေးကာလ CDM ကျောင်းသားကျောင်းသူများအတွက် ကြားကာလတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများကို မတ်လ ၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁:၅၉ နာရီအထိ ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 


ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်နှစ်ကျော်ချိန်ထိ နှစ်ဖက်ကြား အပြန်အလှန်တိုက်ပွဲ ဆက်လက်ပြင်းထန်

ဖေဖော် ၂၃
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ တစ်နှစ်ကျော်ကြာ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်တပ်စခန်းများကို ထိုးစစ်ဆင်ခဲ့သော်လည်း လက်ရှိတွင် KIA ဘက်က ထိုးစစ် ကို ရပ်တန့်ထားချိန်တွင် စစ်တပ်က ဒီဇင်ဘာ နောက်ပိုင်း တန်ပြန်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။ ရှေ့တန်းသတင်းရင်းမြစ်များအရ လွန်ခဲ့သည့် သောကြာ၊ စနေနေ့များမှ စတင်ကာ စစ်ကောင်စီတပ်များ တန်ပြန်ထိုးလာခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေကာ စစ်ကောင်စီဘက်တွင် အကျအဆုံးများစွာ ရှိခဲ့သည့်အတွက် ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။ ဗန်းမော်ပတ်ဝန်းကျင်တွင် နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ ရှိနေပြီး Y-8 ကင်းထောက်လေယာဉ် များဖြင့် ကင်းထောက်ကာ ဂျက်လေယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် ညပိုင်းများတွင်လည်း လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်ရှိနေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှ စတင်ခဲ့သော KIA ၏ တကျော့ပြန်ထိုးစစ်အတွင်း စစ်တပ်၏ အရေး ပါသော စကခ ၂၊ ခလရ ၄၇၊ ထောက်ပို့တပ် ၉၃၃ စသည့် တပ်ရင်းနေရာများကို တပြိုင်နက် တိုက်ခိုက်ခဲ့ပြီး သံချပ်ကာယာဉ် ၇ စီး ဖျက်ဆီးနိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၀ ရက်က တိုက်ပွဲတွင် ခမရ ၆၀၁ မှ ဒုတပ်ရင်းမှူး တစ်ဦး သေဆုံးခဲ့သည်ဟုလည်း ရှေ့တန်းရင်းမြစ်များက ဆိုသည်။ မကြာသေးမီက ဖေဖော်ဝါရီ ၂၁ ရက်တွင် ခလရ ၂၃၆ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း တိုက်ပွဲအလျှော့အတင်း ဆက်ရှိနေဆဲ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။