မွန်ပြည်နယ်တွင် စစ်တပ် ရဲစခန်းနှင့် စစ်ကြောင်း တိုက်တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံး

ဖေဖော် ၂၅
The Kaladan Post
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာ ရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ညီနောင်ဒရုန်း တပ်ပေါင်းစုမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ဆောင်းဘောက် ဖွင့်ကခုန်နေချိန်တွင် အခွင့်အရေး ယူ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင် ရေးမြို့နယ် နှစ်ကရင်ရွာအတွင်း အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်း ကို ဒရုန်းဗုံးသီးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။ ဤဒရုန်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း (MSRF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် ရေးမြို့နယ် အောင်သပြေကျေးရွာအနီး ရောက်ရှိ နေသော အင်အား ၁၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ခံ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် မဟာမိတ်တပ်ဖွဲ့များအကြား ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နံနက် ၇ နာရီ ၁၇ မိနစ်မှ ၈ နာရီ ၀၅ မိနစ်အထိ မိနစ် ၄၅ ဝန်းကျင် ကြာမြင့်ခဲ့သည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဆင်ရေးများတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရေးပြောက်ကျားတပ် (YGF)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)၊ ဗျူဟာ ၃၃ ဒေါန ချေမှုန်းရေးတပ်ခွဲ၊ တပင်ရွှေထီးတပ် စသည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ခဲ့ပြီး မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော် ၂ ဦး ဖက်ဒရယ်ဒီမိုကရေစီအရေး တိုက်ပွဲ၌ အသက်ပေးလှူခဲ့ရသည်ဟု ဆိုသည်။

ပိုင်ကျုံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် KNLA အကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံး

ဖေဖော် ၂၅
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းသို့ စစ်တပ်က နယ်မြေစိုးမိုးမှု ချဲ့ထွင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်သည်။ ထိုတိုက်ပွဲများအတွင်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး တပ်သား ၂ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူက ပြောဆိုသည်။ ထို့အပြင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်များက နယ်မြေစိုးမိုးရေး ရည်ရွယ်ချက်ဖြင့် မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေ့ ရှိပြီး ဒေသခံ KNLA တပ်ဖွဲ့များနှင့် စစ်ရေး တင်းမာမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေကာ ဒေသခံ ပြည်သူများမှာလည်း စစ်ဘေးအန္တရာယ် ကို မကြာခဏ ရင်ဆိုင်နေရကြောင်း သိရသည်။ ပိုင်ကျုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပစ်ခတ် မှုများကြောင့် ဒေသခံ အများအပြား ဖားအံမြို့နှင့် အနီးဝန်းကျင် ကျေးရွာများသို့ ထွက်ပြေးတိမ်း ရှောင်နေရပြီး တိုက်ပွဲ ကြီးထွားလာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

တပ်မွေးနေ့ ၅ နှစ်ပြည့်တွင် စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်ဟု မန္တလေး PDF ပြောဆို

ဖေဖော် ၂၅
The Kaladan Post
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှ မွေးဖွားပေါ်ပေါက်လာခဲ့သော ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး) – MDY PDF သည် ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၆ တွင် တပ်ဖွဲ့စည်းမှု ၅ နှစ်ပြည့် ခဲ့ကြောင်း ထုတ်ပြန်သည်။ တပ်မွေးနေ့ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရက်တွင် လက်နက်ကိုင်တော်လှန်ရေး စတင်ဆုံးဖြတ်ခဲ့သည့်နေ့ကို အစွဲပြု၍ သတ်မှတ်ကျင်းပလျက်ရှိကြောင်း သိရသည်။ MDY PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်တွင် “အထူးလှုပ်ရှားတပ်မ” အဖြစ် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြသည်။ တပ်မ ကွပ်ကဲရေးမှူး ရဲဘော်ကိုနေ က “ငါးနှစ်ပြည့်တပ်မွေးနေ့တွင် တပ်ထဲက ရဲဘော်များသာမက မြန်မာတနိုင်ငံလုံးမှ တော်လှန်ရေးရဲဘော်ရဲဘက်များကိုပါ မှာကြားလိုသည်မှာ ခြေလှမ်းတိုင်း၊ လုပ်ငန်းစဉ်တိုင်းသည် ပြည်သူလူထု၏ မျှော်မှန်းချက်များဖြစ်ရကြောင်း၊ ပင်ပန်းခက်ခဲသော်လည်း တော်လှန်ရေးမှ မရပ်နား ရန်၊ သစ္စာမဖောက်ရန်နှင့် ယုံကြည်မှုအပြည့်ဖြင့် ဆက်လှမ်းရန်” တိုက်တွန်းခဲ့သည်။ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း အပြည့်အဝ ပူးပေါင်းပံ့ပိုးခဲ့သော ပြည်သူလူထုကို ကျေးဇူးတင်ရှိကြောင်း၊ ကျဆုံးခဲ့သော ရဲဘော်များကို ဦးညွှတ်ဂုဏ်ပြု၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ရဲဘော်များကိုလည်း ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တပ်ဖွဲ့ဖွဲ့စည်း ပြီးနောက် မဟာမိတ် ERO များနှင့် ပူးပေါင်း၍ ဝါဆို စစ်ဆင်ရေး၊ သပြေညို စစ်ဆင်ရေး၊ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁) နှင့် အပိုင်း(၂) တို့တွင် ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း နယ်မြေများကို ဟန်ချက်ညီစွာ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ အထူးလှုပ်ရှားတပ်မ စစ်ရေးအရာရှိ ရဲဘော်ဂစ်ဘွန်း က “၅ နှစ်တာ တပ်မဟာဆိုရင် ပြည်သူလူထု၏ လက်ခုပ်သံများကြား တွင် ပျော်မွှေ့ခဲ့ရသလို ဝေဖန်တိုက်ခိုက်မှုများကိုပါ သင်ယူခဲ့ရသည်။ ရှေ့တန်းရဲဘော်များနှင့် တော်လှန်ရေးနှင့်အတူ ရှိနေသော ပြည်သူလူထုက အားအင်တရပ်ဖြစ်ကြောင်း၊ ပြည်သူလူထု ရှိနေသေးသရွေ့ တော်လှန်ရေး ဆက်ရှိနေမည်” ဟု ပြောကြားခဲ့သည်။ စစ်အာဏာရှင် စနစ် အမြစ်ပြတ်သည်အထိ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားကြောင်း MDY PDF က ပြောဆိုသည်။

ခင်ဦးဆေးရုံတွင် အထိုင်ချ စစ်တပ် ဗိုလ် “မီးရှို့ ကိုကို” ရှင်းလင်းဟု ခင်ဦးမြို့နယ် ပကဖ ပြောဆို

ဖေဖော် ၂၅
The Kaladan Post
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် အထိုင်ချ တပ်စွဲနေထိုင်သော စစ်တပ်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီခန့်တွင် သံချပ်ကာကားကို အကွယ်အကာပြု၍ အင်အား ၄၀ ဝန်းကျင်ဖြင့် ခင်ဦးမြို့ အနောက်ထွက်၊ ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက် ပြည်သူ့နေအိမ်များ၊ ဈေးဆိုင်ခန်းများနှင့် ဆန်စက်များကို အကြောင်းမဲ့ ယုတ်မာစွာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် မြို့နယ်ပကဖ က ပြောဆိုသည်။ ထိုမီးရှို့ အဖွဲ့ကို ခင်ဦးမြို့နယ် မြို့နယ်ပကဖ၊ UG ပကဖ၊ တိုက်နယ် ပကဖ များ ပူးပေါင်း၍ နာရီပိုင်းအကြာ ထိပ်တိုက်တိုက်ပွဲ ဆင်နွှဲခဲ့ရာ စကမ ဘက်မှ ခင်ဦးဆေးရုံ အထိုင်ချ ဗိုလ်ဖြစ်သူ ကျော်ကိုကိုဦး (နာမည်ဆိုး “မီးရှို့ ကိုကို”) သေဆုံးခဲ့ပြီး စကမ တစ်ဦး ဒဏ်ရာ ရရှိ၍ ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု ခင်ဦးမြို့နယ် ပကဖက ထုတ်ပြန်သည်။ သေဆုံးခဲ့သော ကျော်ကိုကိုဦး (မီးရှို့ ကိုကို) သည် ပြည်သူများအကြား နာမည်ဆိုးဖြင့် ကျော်ကြားပြီး ယင်းအမည်ကို ကိုယ်တိုင် ပြည်သူများကို ခြိမ်းခြောက်ရန် အသုံးပြုခဲ့သူ ဖြစ်ကြောင်း သိရသည်။ သူသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ခင်ဦး-ရွှေဘို နယ်စပ်တိုက်ပွဲတွင် စကမ ဘက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီး အဆင့်များအပါအဝင် အများအပြား သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သော တိုက်ပွဲကျ ဗိုလ်ကြီး မင်းထက်နေရာ (ရန်ကုန် တမဟ-၄ မှ ဗိုလ်နှင့်အဖွဲ့သစ်) အဖြစ် အစားထိုး စေလွှတ်ခံရသူ ဖြစ်သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အထိအခိုက် လုံးဝ မရှိခဲ့ဘဲ စကမ အသုံးပြုသော MA-1 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ သေဆုံးခဲ့သော ဗိုလ် ကျော်ကိုကိုဦး၏ ရုပ်အလောင်းကို ၂၅ ရက် နေ့လည် ၁:၃၀ ခန့်တွင် ခင်ဦးမြို့ တောင်သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း အတည်ပြုရသည်။


သံလွင်မြစ်နှင့် မိုလိုချောင်းရေများတွင် အာဆင်းနစ်အဆိပ်ပါဝင်မှု အဆများစွာ မြင့်တက်ဟု (IEC) သတိပေး

ဖေဖော် ၂၅
The Kaladan Post
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် သံလွင်မြစ်နှင့် မော်ချီးသတ္တုတွင်းဒေသကနေ စီးဆင်းလာ သော မိုလိုချောင်းရေများတွင် အာဆင်းနစ် (Arsenic) အဆိပ် ပါဝင်မှု မြင့်မားနေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်သည်။ IEC နှင့် ချင်းမိုင်တက္ကသိုလ် (သဘာဝပတ်ဝန်းကျင်သုတေသနဌာန) ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ သံလွင်မြစ်အထက်၊ အလယ်၊ အောက်ပိုင်းနှင့် မိုလိုချောင်း စုစုပေါင်း နေရာ ၁၁ ခုမှ ရေနမူနာများ စစ်ဆေးခဲ့ရာ အာဆင်းနစ်ပါဝင်မှုသည် နိုင်ငံတကာ သောက်သုံးရေစံနှုန်း (၀.၀၁ mg/L) ၏ အထက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်း စစ်ဆေးမှုအရ သံလွင်မြစ်ရေတွင် ၀.၀၄၂ mg/L မှ ၀.၀၉၆ mg/L (စံနှုန်း၏ ၄ ဆ မှ ၉.၆ ဆ အထိ) ပါဝင်ပြီး မိုလိုချောင်းရေတွင် ၀.၅၅၃ mg/L (စံနှုန်း၏ ၅၅.၃ ဆ အထိ) ပါဝင်နေကြောင်း ဓာတ်ခွဲစစ်ဆေးချက်များအရ‌‌ တွေ့ရသည်ဟု (IEC) က ပြောဆိုသည်။ ထို့ကြောင့် သံလွင်မြစ်ရေ၊ မိုလိုချောင်းရေကို လုံးဝ မသုံးဆောင်ရန်၊ ရေနှင့် ထိတွေ့မိပါက သန့်စင်သောရေဖြင့် ချက်ချင်း ဆေးကြောရန်၊ မိုလိုချောင်းရေထဲမှ ရေနေသတ္တဝါများကို လုံးဝ မစားရန် နှင့် အကယ်၍ သံလွင်မြစ်ရေထဲမှ ရေနေသတ္တဝါများကို စားရန်လိုအပ်ပါက ဦးခေါင်း၊ အတွင်းကလီစာ ဖယ်ရှားပြီးမှ စားသုံးရန် IEC က ပြည်သူများအား အရေးတကြီး သတိပေးလာသည်။ ဆင်းနစ်အဆိပ်သင့်မှုကြောင့် ရေတိုတွင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပြီး ရေရှည်တွင် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းရောဂါများနှင့် ကလေးငယ်များတွင် မှတ်ဉာဏ်ထိခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း IEC က အသိပေးထားသည်။ ပြည်သူများအနေဖြင့် ရေအသုံးပြုမှုတွင် အထူးဂရုစိုက်ကြရန်နှင့် လိုအပ်ပါက သန့်စင်သော ရေအရင်းအမြစ်များကိုသာ အားကိုးကြရန် IEC က ထပ်မံ တိုက်တွန်းထားသည်။

ဟင်းချက်ဆီအဖြစ် ဘိန်းဆီ အသုံးပြုမှုကြောင့် ပင်လောင်းမြို့နယ်တွင် ကျန်းမာရေး ထိခိုက်မှုများ စိုးရိမ်နေ

ဖေဖော် ၂၅
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း စားသုံးဆီများ စျေးနှုန်း မြင့်တက်မှုနှင့် စီးပွားရေး အခက်အခဲများကြောင့် ဘိန်းစေ့မှ ထုတ်လုပ်သော ဘိန်းဆီကို ဟင်းချက်ဆီအဖြစ် နေ့စဉ် အသုံးပြုလာ သူများ တဖြည်းဖြည်း များပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကြောင့် မူးဝေမှု၊ ခေါင်းကိုက်မှု၊ အစာမကြေမှု၊ သွေးဖိအားမမှန်မှု၊ လေဖြတ်မှု စသည့် ကျန်းမာရေး ပြဿနာများ တိုးလာနေသည်။ ဒေသခံတစ်ဦးက ဆီစျေးက အရမ်းမြင့်နေတော့ မဝယ်နိုင်ကြလို့ ဘိန်းစေ့ကနေ ဆီပြန်ကြိတ်ပြီး သုံးလာကြတာ ဒီနှစ်မှ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၃-၄ နှစ်လောက်ကတည်းက စားသုံးနေ ကြတာဟု ပြောကြားသည်။ ကျေးရွာ ဆေးပေးခန်းများမှ ကျန်းမာရေးဝန်ထမ်းများက ဘိန်းဆီ စားသုံးမှု ကျန်းမာရေးနှင့် မညီညွတ်ကြောင်း သတိပေးထားသော်လည်း ဆီစျေးနှုန်း ဆက်လက်မြင့်တက်နေ သဖြင့် ဆက်လက် အသုံးပြုနေရဆဲ ဖြစ်သည်။ ဒေသခံများက အခြားဆီများ ရရှိနိုင်ရေး၊ စျေးနှုန်း တည်ငြိမ်ရေးနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ အရေးတကြီး လိုအပ်နေကြောင်း ပြောဆိုကာ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လေ့လာ ဖြေရှင်းပေးရန် တောင်းဆိုထားသည်။ လက်ရှိ ဘိန်းဆီ စားသုံးမှု တိုးလာခြင်းသည် စီးပွားရေး အခက်အခဲနှင့် ဆီစျေးကွက် အခြေအနေများနှင့် ဆက်စပ်နေပြီး အချိန်မီ မဖြေရှင်းပါက ဒေသခံများ၏ ကျန်းမာရေး အန္တရာယ်များ ပိုမို ကြီးမားလာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက သုံးသပ်ထားသည်။


ရွေးကောက်ပွဲမှ အနိုင်ရပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးမည်ဟု စိုးဝင်း ပြောဆို

ဖေဖော် ၂၅
The Kaladan Post
မြန်မာစစ်တပ် ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်သွားမည်ဟု ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နောင်ဝိုး၊ ကျိုးခမ်း၊ မိုင်းပျဉ်း တပ်နယ်ရှိ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ “ရွေးကောက်ပွဲကျင်းပပေးခဲ့ ပြီး အနိုင်ရရှိတဲ့ ပါတီကို နိုင်ငံတော်ရဲ့ တာဝန်ကို လွှဲပြောင်းပေးအပ်သွားမယ်” ဟု စိုးဝင်းက ဆိုသည်။ ထို့အပြင် မတ်လ ၁၆ ရက်နှင့် ၁၈ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို ကျင်းပ မည်ဖြစ်ပြီး ဧပြီလ ဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်ကာ အစိုးရသစ်ဖွဲ့စည်း၍ နိုင်ငံတော် တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဟု ထပ်မံ ဖော်ပြခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တွင် စစ်တပ်က NLD အစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများနှင့် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ခဲ့ပြီဟု စိုးဝင်းက ဆိုသည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ၇,၈၁၃ ဦး သေဆုံးခဲ့ပြီး ၃၀,၅၁၄ ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

မြိတ်-ထားဝယ်လမ်းပိုင်း နေ့စဉ်တိုက်ပွဲဖြစ်ပြီး စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထောင်ချီ တိမ်းရှောင်

ဖေဖော် ၂၅
The Kaladan Post
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် ဖေဖော်ဝါရီလ အစောပိုင်းမှ စတင်ကာ နေ့စဉ်ရက်ဆက် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် စစ်တပ်က စုံစင်ဖျားကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ် သား ၁ ဦး သေဆုံးကာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရ သည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း ချောက်ချောင်းရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများ ကို ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်များဖြင့် အကြိမ်ရေ ၂၀ ကျော် ဗုံးကျဲခဲ့ကာ လက်နက်ကြီးပစ်ခတ်မှု များလည်း နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ စစ်တပ်သည် သရက်ချောင်းမြို့ မှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၂ ကြောင်း ခွဲကာ လဘရွာဘက်မှ တဆင့် အောက်ပိုင်းသို့ စစ်ကြောင်းထိုးနေပြီး အချို့ စစ်ကြောင်းများမှာ ဝင်းဝစခန်း၊ သရက်နှစ်ခွတံတားနှင့် ရွှေဂူတောင် တံတားစစ်ဆေးရေးဂိတ်ဘက်သို့ ဦးတည်နေကြောင်း သိရှိရသည်။ လေကြောင်း ဗုံးကျဲမှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ရှင်မထီးရွာ၊ ဆောဝရွာ၊ ချောက်ချောင်းရွာ၊ စုံစင်ဖျားရွာ အပါအဝင် ကျေးရွာ ၁၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်မှာ ၁၀ ရက်ကျော်ရှိပြီ ဖြစ်ကာ ခရီးသွားပြည်သူများလည်း ပိတ်မိနေကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာဈေးတန်းတွင် ရောင်းဝယ်သူ ၁၈ ဦးကို မင်းအောင်လှိုင် သတ်ဖြတ်

ဖေဖော် ၂၅
The Kaladan Post
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးတန်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၇ မိနစ်ခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး တိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးသူ ဦးရေ ၁၈ ဦးအထိ တိုးလာကြောင်း အာရက္ခတပ်တော် (AA) ထုတ်ပြန်သည်။ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီး ၁၇ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း ဒဏ်ရာရရှိသူများထဲမှ ယိုးငူ ကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဒေါ်ရွှေယိုင်နု တစ်ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူများတွင် အသက် ၄ နှစ်၊ ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးငယ် ၃ ဦး ပါဝင် ကြောင်း သိရသည်။ သေဆုံးသူ စာရင်းတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး ဈေးတန်း အတွင်း စည်ကားနေချိန် ဖြစ်ပွားခဲ့သဖြင့် ထိခိုက်မှု ပိုမိုများပြားခဲ့ကြောင်း သည်ဟု AA က ပြောဆို သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဈေးဆိုင်များ၊ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။ ဤလုပ်ရပ်သည် အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများကို အကာအကွယ် မပေးဘဲ သတ်ဖြတ်နေခြင်းဖြစ်သည် ဟု စာရေးဆရာ ဝေဟင်အောင်က သုံးသပ်ပြောဆိုသည်။ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကလည်း ဤတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချကာ နိုင်ငံတကာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုနှင့် ဂျီနီဗာကွန်ဗင်းရှင်း ချိုးဖောက်မှုများအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်ပါက ပူးပေါင်းဖမ်းဆီးပေးကြရန် SAC တိုက်တွန်း

ဖေဖော် ၂၅
The Kaladan Post
တီမောလက်စ်တေ (Timor-Leste) နိုင်ငံ၏ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများအတွက် တရားစွဲဆိုရန် စတင်လှုပ်ရှားမှုကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ချီးကျူးကြိုဆိုကြောင် ပြောဆိုသည်။ ဖေဖော်ဝါရီလ အစောပိုင်းတွင် တီမောလက်စ်တေက ရှေ့နေ တစ်ဦး ခန့်အပ်ကာ စစ်တပ်၏ ရာဇဝတ်မှုများကို စစ်ဆေးရန် ဆောင်ရွက်ခဲ့ပြီး ယင်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခုက အခြားအဖွဲ့ဝင်တစ်ခုအပေါ် ပထမဆုံး ဤသို့ လုပ်ဆောင်ခြင်း ဖြစ်ကာ အာဆီယံ အတွက် အလှည့်အပြောင်း တစ်ရပ်အဖြစ် မှတ်ယူနိုင်ကြောင်း Myanmar Accountability Project က ဆိုသည်။ ယင်းလှုပ်ရှားမှုသည် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (universal jurisdiction) အရ ဆောင်ရွက် ခြင်း ဖြစ်ပြီး ချင်းလူမျိုးချင်း အခွင့်အရေး အဖွဲ့ (CHRO) က တင်ပြခဲ့သော တိုင်ကြားချက်အပေါ် အခြေ ခံထားသည်။ စစ်ကောင်စီက ယင်းကို အာဆီယံ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဟု စွပ်စွဲကာ တီမောလက်စ်တေ သံရုံး တာဝန်ခံကို နှင်ထုတ်ခဲ့သည်။ SAC က ဤ လှုပ်ရှားမှုကို ချီးကျူးရင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တီမောလက်စ်တေကို ပံ့ပိုးကာ စစ်ကောင်စီကို ဝိုင်းဝန်း ဖြိုခွင်းသင့်ကြောင်း တိုက်တွန်းထားသည်။ အထူးသဖြင့် လက်ရှိ အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် သမ္မတဟောင်း ဒူတေးကို ICC သို့ လွှဲပြောင်းပေးပို့ခဲ့သလို မင်းအောင်လှိုင်အပေါ် ICC က ဖမ်းဝရမ်း ထုတ်ပြန်လာပါက ဖမ်းဆီး လွှဲပြောင်းပေးရန် လူသိရှင်ကြား အတည်ပြုသင့်ကြောင်း တောင်းဆိုထားသည်။ စစ်တပ်၏ ရက်စက်မှုများသည် အာဆီယံ တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိနေပြီး အာဆီယံ၏ ငြိမ်းချမ်းရေး ကတိကဝတ်များကို ချိုးဖောက်နေကြောင်း SAC က ထောက်ပြခဲ့သည်။ မင်းအောင်လှိုင်နှင့် ပါဝင်ကျူးလွန်သူများကို အရေးယူခြင်းသည် မြန်မာပြည်သူများ ၏ တရားမျှတမှု ရရှိရေး၊ ဒီမိုကရေစီ လိုလားချက်များကို အကောင်အထည်ဖော်နိုင်ပြီး အာဆီယံ၏ ရပ်တည်ချက်ကို မြှင့်တင်နိုင်မည်ဟု ဆိုထားသည်။