စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ပျက်စီး
ဖေဖော် ၂၆
The Kaladan Post
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ် သော မုန်းနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီ တပ်ဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်တွင် လက်နက်ကြီးများနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ မုန်းမြို့နယ် နတ်သံကွင်းအနီး ငနွားဆိပ်ကျေးရွာတွင် စစ်ကောင်စီ၏ ၈၁ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်မှုကြောင့် ဦးစိုးလင်းခိုင် (၃၅ နှစ်) နှင့် မောင်မြင့်ခိုင် (၁၅ နှစ်) တို့ ဒဏ်ရာရရှိခဲ့သည်။ ကျောက်ကြီးမြို့နယ်တွင်မူ ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမ လက်နက်ကြီးဖြင့် ကညင်ကျွန်းကျေးရွာကို ပစ်ခတ်ရာ ဒေါ်ဇင်မာဝင်း (၃၅ နှစ်)၊ ဒေါ်ဌေးလှိုင် (၅၉ နှစ်) နှင့် ဒေါ်မြဝင်း (၄၃ နှစ်) တို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီး ခဲ့သည်။ ထို့ပြင် သမိန်အင်းကုန်းကျေးရွာကို ၈ လုံး ပစ်ခတ်မှုကြောင့် နေအိမ် ၄ လုံး၊ ကျောက်တံခါး ဘက်မှ ဒရုန်းဖြင့် ဖျံတလင်းကျေးရွာကို ဗုံး ၂ လုံး ကျဲချမှုကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ကာ စုစုပေါင်း နေအိမ် ၇ လုံး ပျက်စီးခဲ့သည်။ KNU ဗဟိုက ညောင်လေးပင်ခရိုင်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ များကို ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် နေ့စဉ်ဘဝ ထိခိုက်ပျက်စီးနေရကာ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေရကြောင်း ထောက်ပြထားသည်။

မိုးဗြဲမြို့ အနောက်ဘက်ခြမ်း ရှမ်း-ကရင်နီ နယ်စပ်တွင် စစ်တပ်နှင့် PNO ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေ
ဖေဖော် ၂၆
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်း လာမောက်လာ ရွာ၊ လွယ်ယင်းမင်္ဂလာ ကျေးရွာ များတွင် စစ်ကောင်စီနှင့် ပူးပေါင်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက နယ်မြေစိုးမိုးရေး ရည်ရွယ်ချက်ဖြင့် အင်အားအလုံးအရင်း ထိုးစစ်ဆင်လျက်ရှိကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များသည် ဒရုန်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေပြီး စစ်ရှောင်ပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။ မြေပြင်တိုက်ပွဲများမှာ အဓိကအားဖြင့် လွယ်ယင်းဘက်တွင်သာ ဖြစ်ပွားနေပြီး အခြားနေရာများတွင် မဖြစ်ပွားကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောဆိုထား သည်။ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင်လည်း နယ်မြေရှင်းလင်းရေး ရည်ရွယ်ချက်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီနှင့် PNO တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင်လည်း မြေပြင်တိုက်ပွဲများ အချိန်မရွေး ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးဗြဲ PDF က သတိပေးထားသည်။ ထို့ကြောင့် တော်လှန်ရေး အင်အားစုများက ကန့်သတ်ထားသော နယ်မြေများအတွင်း ပြည်သူလူထုများ ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုလုပ်ကြရန်နှင့် သတိထား နေထိုင်သွားလာကြရန် အသိပေး တိုက်တွန်းထားကြောင်း သိရှိရသည်။

ခင်ဦးမြို့တွင် စစ်တပ်က မီးရှို့မှုကြောင့် ကျပ် သိန်းထောင်တန် ဆန်စက်ကြီး ၂ လုံးအပါအဝင် နေအိမ်များစွာ မီးလောင်
ဖေဖော် ၂၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၄၀ ခန့်ပါ စစ်ကြောင်းတစ်ခုက မြို့အထွက် ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက်ရှိ ပြည်သူ့နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဆန်စက်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ ဆန်စက်ကြီး ၂ လုံး၊ လူနေအိမ် ၅ လုံး၊ ဆိုင်ခန်းနှင့် လူနေအိမ်တွဲရက် ၂ လုံး စုစုပေါင်း အဆောက်အအုံ ၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ပြောဆိုသည်။ ဆန်စက်ကြီးများမှာ ယနေ့ ကာလပေါက်စျေးအရ ကျပ်သိန်းထောင်ချီ တန်ဖိုးရှိနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။ ၎င်း စစ်တပ်တွေ မီးရှို့နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ဗိုလ်အဆင့်ရှိ စစ်ဗိုလ်တစ်ဦး (နာမည်ဆိုးဖြင့် “မီးကိုကို” ဟု လူသိများသည့် ကျော်ကိုကိုဦး) သေဆုံးကာ MA1 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးပအဖ တာဝန်ရှိသူက ထပ်မံ အတည်ပြုပြောဆိုထားသည်။ ခင်ဦးမြို့နယ်သည် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ် ခံစားနေရသော ဒေသတစ်ခုဖြစ်ပြီး ယခုလို အရပ်သား ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုများက ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်စေကြောင်း သိရှိရသည်။

ပြည်သူ့အင်အားသာရှိရင် အမြဲ ရှေ့ဆက်နိုင်မည်ဟု NUG ဒုဝန်ကြီး တိုက်တွန်း
ဖေဖော် ၂၆
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယ ကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွက်က ဖေဖော်ဝါရီ ၂၅ ရက် နေ့တွင် တနင်္သာရီတိုင်းစစ်ဌာနအတွက် ရဲဘော်များအား ကျည်ကာပစ္စည်း တပ်ဆင်ပေးနိုင်ရေး “ဆီသို့လှမ်းချီ တနင်္သာရီ” ကမ်ပိန်းတွင် ပြည်သူလူထု ပါဝင်ကူညီရန် တိုက်တွန်း သည်။ တော်လှန်ရေး ငါးနှစ်ခရီးတွင် ပြည်သူ့အင်အားဖြင့် အောင်ပွဲများစွာ ဆင်နွှဲနိုင်ခဲ့ပြီး လှိုင်းအနိမ့်အမြင့်များကို ကျော်ဖြတ် နိုင်ခဲ့ကြောင်း၊ ပြည်သူ့အင်အားသာ ရှိပါက အမြဲ ရှေ့သို့ လှမ်းချီနိုင်မည်ဟု ဆိုသည်။ တနင်္သာရီတိုင်းစစ် ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားကလည်း ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲ ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀၀၀ ကျော် သေဆုံး၊ တော်လှန်ရေးဘက်မှ ရဲဘော် ၁၃၀ ထိခိုက်ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။ အချို့ ကျဆုံးမှုများမှာ ကျည်ကာ အပါအဝင် အကာအကွယ်ပစ္စည်း မစုံလင်မှုကြောင့် ဖြစ်ပေါ်ခဲ့ရာ လာမည့် ရင်ဆိုင်တိုက်ပွဲများတွင် ရဲဘော်များအတွက် ကျည်ကာပစ္စည်း လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့ကြောင့် ချေမှုန်းရေးတပ်ဖွဲ့များတွင် ပါဝင်သော ရဲဘော်တစ်ဦးချင်းစီအတွက် ကျည်ကာ လိုအပ်မှု ရှိနေကြောင်း အလေးပေး တိုက်တွန်းထားသည်။

လူမှုကွန်ရက်ထိုးနှက်မှုများကြောင့် တပ်သိက္ခာကျဆင်းနေပြီး တပ်တွင်း စည်းလုံးရေးရန် လိုအပ်ဟု စိုးဝင်း ပြောဆို
ဖေဖော် ၂၆
The Kaladan Post
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လူမှုကွန်ရက်များမှတစ်ဆင့် ဆန့်ကျင်ဘက်အဖွဲ့များက တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် ထိုးနှက်တိုက်ခိုက်နေကြောင်း ထောက်ပြပြီး တပ်တွင်း စည်းလုံးညီညွတ် ရေးကို ခိုင်မာစွာ တည်ဆောက်ရမည်ဟု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) တွင် ကျင်းပခဲ့သော ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၂၉ သီဟတပ်ခွဲ သင်တန်းဆင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ပြီး စစ်သားများနှင့် မိသားစုဝင်များ အကြား မှန်ကန်သော အသိအမြင်နှင့် ယုံကြည်ချက်များ ခိုင်မာစေရေး အလေးထားရန် လိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။ တပ်တွင်းစည်းလုံးညီညွတ်ရေးသာမက တပ်ပြင်စည်းလုံးညီညွတ်ရေး (တပ်ပြင်စည်းရုံးရေး) ကိုပါ ဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူ့ကျင့်ဝတ် ၁၀ ပါး လိုက်နာရေး၊ ပြည်သူများအပေါ် စံနမူနာပြ ပြုကျင့်ရေး၊ သဘာဝဘေးအန္တရာယ်များတွင် လူသားချင်း စာနာမှုဖြင့် ကူညီဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားကူညီရေးများကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။ စစ်တပ်တွင် စည်းလုံးညီညွတ်မှုနှင့် တိုက်စွမ်းအား အားနည်း လာပါက နိုင်ငံခြားမှ ထိပါးစော်ကားမှုများကို ခံရမည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကန့်ဘလူမြို့တွင် စစ်တပ်ရိက္ခာပြတ်လပ်မှုကြောင့် ကုန်ကား ၆၀ ကျော်ဖမ်းဆီး ပစ္စည်းများသိမ်းယူ
ဖေဖော် ၂၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်ရှိ စစ်တပ်သည် ရိက္ခာပြတ်လပ်နေသဖြင့် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း မှ ဖြတ်သန်းလာသော ပြည်သူပိုင်ကုန်ကား အစီး ၆၀ ကျော်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရေကြည်ဦး ရွာအနီးတွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ဖမ်းဆီးပြီးနောက် ကားများကို ကန့်ဘလူမြို့ပေါ်သို့ ခေါ်ဆောင်လာကာ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကုန်ပစ္စည်းအားလုံးကို သိမ်းယူခဲ့ ကြောင်း သိရသည်။ လက်ရှိအချိန်ထိ မြို့ပေါ်ရှိ စစ်တပ်သည် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှ ကားများ ကို ဆက်တိုက်ဖမ်းဆီးပြီး ပစ္စည်းများကို စိတ်ကြိုက်သိမ်းယူနေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်တပ်နှင့် ပျူစောထီးများက မြို့အဝင်အထွက်လမ်းများအားလုံးကို ပိတ်ဆို့ထားသဖြင့် ပြည်သူများ ကုန်ပစ္စည်းပြတ်လပ်မှုကြုံနေရပြီး ဆားတစ်ပိဿာ ၇၀၀၀ ကျပ်အထိ ဈေးတက်နေကာ ဓာတ်ဆီနှင့် စက်သုံးဆီများကိုလည်း ဈေးကြီးပေးမှသာ ဝယ်ယူခွင့်ရှိသည်။ လျှပ်စစ်မီးပျက်တောက်မှု မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ယနေ့အထိ နီးပါး ၂ လ ကြာမြင့်နေပြီဖြစ်သည်။

ခေါဇာမြို့တွင် စစ်တပ် ကင်းလှည့်ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး
ဖေဖော် ၂၆
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့ ခေါဇာဈေးကြီးရှေ့တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ညီနောင်တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၈ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီ ၂၀ မိနစ်အတွင်း အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့သည်။ ဤစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် (၈၀၀၂) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ က ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ ခေါဇာမြို့တွင် စစ်တပ် လှုပ်ရှားမှုများကို တော်လှန်ရေးတပ်ဖွဲ့များ က ဆက်လက် ထိန်းချုပ်တိုက်ခိုက်နေပြီး ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် လွတ်မြောက်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောဆိုသည်။ ထို့အပြင် မွန်ပြည်နယ်၊ အောင်သပြေကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက စစ်ကြောင်းနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနလက်အောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်တပ်များက ပြောက်ကျားစစ်ဆင်ရေးဖြင့် ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာမြို့တွင် ရေနစ်ပျောက်ဆုံးခဲ့သော အသက် ၇ နှစ်အရွယ် ကလေးငယ်၏ ရုပ်အလောင်း တွေ့ရှိ
ဖေဖော် ၂၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က သလ္လာဝတီ ဆိပ်ကမ်းအနီး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့သော အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ပျောက်ဆုံးပြီး ၃ ရက်မြောက်ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၈ နာရီ ဝန်းကျင်တွင် မြစ်ရေပြင်ပေါ် ဆိုက်ကပ်ထားသော မော်တော်ရေယာဉ်များအနီး တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့) က ထုတ်ပြန်သည်။ ပျောက်ဆုံးနေစဉ် ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ ရက်များအတွင်း ကယ်ဆယ်ရေးအဖွဲ့များက ရေငုပ်သမားများအသုံးပြု၍ အဆက်မပြတ် ရှာဖွေခဲ့ သော်လည်း ပထမ ၂ ရက်အတွင်း မတွေ့ရှိဘဲ ယနေ့ တွေ့ရှိပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်းကို ဆယ်ယူ၍ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ အရှိန်မြှင့် လုပ်ဆောင်
ဖေဖော် ၂၆
The Kaladan Post
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် နွေရာသီ မီးလောင်ကျွမ်းမှု အန္တရာယ်များ မြင့်တက်လာချိန်တွင် ဒေသ တော်လှန်ရေး အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများအား ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ အမြန်ဆောင်ရွက်ရန် အသိပေး နှိုးဆော်ထားသည်။ မင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဒေသန္တရ အမိန့်ထုတ်ပြန်ခဲ့ပြီး မြို့ပေါ်ရှိ နေအိမ်ပတ်ဝန်းကျင်နှင့် လမ်းမကြီးများပေါ်တွင် သန့်ရှင်းရေး လုပ်ငန်းများကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံး အပြီးသတ် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း လိုက်နာရမည်ဖြစ်ပြီး ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူ မည်ဟု ဖော်ပြထားသည်။ အလားတူ ကန်ပက်လက်မြို့နယ် ပအဖကလည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က အသိပေးချက် ထုတ်ပြန်ခဲ့ပြီး မြို့ပေါ်ရှိ အိမ်ခြံမြေပိုင်ရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃၀ ရက်အတွင်း နေအိမ်နှင့် အိမ်ရှေ့မျက်နှာစာများ သန့်ရှင်းရေး ပြုလုပ်ရန် တိုက်တွန်းခဲ့ပြီးဖြစ်သည်။ ဒေသခံများအနေဖြင့် နွေရာသီ မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် သတ်မှတ်ရက်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

လူသားချင်းစာနာမှုဥပဒေပါ တာဝန်ဝတ္တရားများကို လိုက်နာစောင့်ထိန်းရန် UNICEF က တိုက်တွန်း
ဖေဖော် ၂၆
The Kaladan Post
မြန်မာနိုင်ငံတွင် လက်ရှိ ပဋိပက္ခများကြောင့် ကလေးငယ်များနှင့် အရပ်သားများ အဆိုးရွားဆုံး စစ်ဘေး ဒဏ်ခံစားနေရကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အထူးစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ရှောင် မိသားစုများ ခိုလှုံသော ကျေးရွာရှိ နေအိမ်များနှင့် လူစည်ကားရာ ဈေးတစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခံရပြီး စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင်လည်း လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်များတွင် အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ထို တိုက်ပွဲများကြောင့် ကလေးငယ်များ နေရပ်စွန့်ခွာ ထွက်ပြေးနေရုံသာမက ကျန်းမာရေး၊ ပညာရေး၊ ဘေးကင်းလုံခြုံရေး စသည့် အရေးကြီး ဝန်ဆောင်မှုများ ဆုံးရှုံးနေရသည်ဟု UNICEF က ထောက်ပြပြီး ပဋိပက္ခပါဝင်သည့် အဖွဲ့အစည်းအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ (International Humanitarian Law) ပါ တာဝန်ဝတ္တရားများကို လိုက်နာရန် အလေးအနက် တိုက်တွန်းထားသည်။ ကလေးငယ်များကို မည်သည့်အချိန်တွင်မဆို အကာအကွယ်ပေးရမည်ဖြစ်ပြီး ပဋိပက္ခဒဏ်ခံစားနေရသော ကလေးငယ် များနှင့် မိသားစုများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို မြန်မာနိုင်ငံတစ်ဝန်း ဆက်လက် ဆောင်ရွက်ပေးနေသည်ဟု UNICEF က ပြောဆိုသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးငယ်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရမှုမှာ ဆိုးရွားလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများက အရပ်သားများအပေါ် သက်ရောက်မှု ပိုမိုဆိုးရွားလာကြောင်း သိရသည်။

တော်လှန်ရေး အရှိန်အဟုန်ကြောင့် စစ်ကောင်စီတပ်သာား ၄၅ လက်နက်ချ အလင်းဝင်
ဖေဖော် ၂၆
The Kaladan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များထံမှ အလင်းဝင် ပူးပေါင်း၊ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း စုစုပေါင်း ၄၅ ဦး ရှိခဲ့ကြောင်း စာရင်းကောက်ယူ ပြုစုနေသော ပြည်သူ့ပန်းတိုင်အဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့ ထုတ်ပြန်သည်။ အလင်းဝင်ပူးပေါင်းလာ သူ ၂၁ ဦးတွင် စစ်ကောင်စီ စစ်သားများဖြစ်ပြီး မကွေးတိုင်း ၅ ဦး၊ ချင်းပြည်နယ် ၆ ဦး၊ ကရင်ပြည်နယ် ၉ ဦး၊ စစ်ကိုင်းတိုင်း ၁ ဦး ဖြစ်ကာ ထိုထဲမှ ၁၃ ဦးမှာ စစ်မှုထမ်း အဓမ္မစုဆောင်းခံရသူ တပ်သားသစ် များဖြစ်ကြောင်း သိရသည်။ လက်နက်ချ အလင်းဝင်လာသူ ၂၁ ဦးတွင် စစ်သား ၁၁ ဦး၊ ရဲ ၁၀ ဦး ပါဝင်ပြီး စစ်သား ၁၁ ဦးမှာ တနင်္သာရီတိုင်း ၁ ဦး၊ ကရင်ပြည်နယ် ၁၀ ဦး ဖြစ်ကာ ထိုထဲမှ ၁၀ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်သည်။ ရဲ ၁၀ ဦးမှာ တနင်္သာရီတိုင်းမှ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ချင်းပြည်နယ်မှ ၂ ဦး၊ မွန်ပြည်နယ်မှ ၁ ဦး စုစုပေါင်း စစ်သား ၃ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ထိုထဲမှ ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ အောက်ခြေစစ်သားများအတွက် အိမ်ပြန်ရန် ဝေးလေလေ၊ အသက်ရှင်ကျန်ရစ်ရန် ခက်ခဲလေလေ ဖြစ်လာနေပြီဖြစ်ကြောင်း ထောက်ပြရင်း အခွင့်သာချိန်တွင် ပြည်သူ့ဘက်သို့ လက်နက်ချ ပူးပေါင်းကြရန် ပြည်သူ့ပန်းတိုင်အဖွဲ့က တိုက်တွန်းထားသည်။
