ဒေါက်တာ မင်းအောင်လှိုင် ပါရဂူဘွဲ့ လက်ခံခဲ့သော ဘွဲ့နှင်းသဘင်ခန်းမတွင် သွေးညှီနံ့များ လှိုင်နေပေ ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြော

ဖေဖော် ၆
The Kaladan Post
ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်က မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ (Honorary Doctor of Public Administration) အပ်နှင်းခဲ့သည်။ ဤဘွဲ့ချီးမြှင့်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ရန်ကုန်တက္ကသိုလ် ကြားကာလ တက္ကသိုလ်ကောင်စီ၊ ဆရာ-ဆရာများအသင်း နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ တို့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားတွင် ပါဝင်နေသော ပညာရေးဝန်ကြီး ချောချောစိန်နှင့် တက္ကသိုလ်ပါမောက္ခချုပ် တင်မောင်ထွန်း တို့၏ လုပ်ရပ်သည် စစ်ကျွန်ပညာရေး သရုပ်သဏ္ဍန်ကို ထင်ရှားစွာ ပြသခဲ့ခြင်းဖြစ်သည်ဟု ဝေဖန့်ဖော်ပြထားသည်။ ထို့အပြင် စစ်ရာဇဝတ်မှုများဖြင့် ကျောင်းသားများ၏ သွေးစွန်းနေသော မင်းအောင်လှိုင်အား ဘွဲ့ဝတ်ရုံ ဆင်မြန်းပေးခြင်းသည် ဘွဲ့၏ ဂုဏ်သိက္ခာကို ညစ်ညမ်းစေပြီး ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း သွေးညှီနံ့များ လှိုင်နေပေပြီဖြစ်သည့် အပြင် စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ ပညာရေးစနစ်လည်း စစ်ကျွန်အဖြစ် ဆက်လက်ရှင်သန်နေမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ပူးပေါင်းအဖွဲ့တို့က ပြောဆိုကြသည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာ ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်နိုင်မည်ဟု အလေးပေး ကြေညာထားသည်။

ချင်းပြည်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဆလိုင်းမျိုးထိုက် ရွေးချယ်တင်မြှောက်ခံရမှုအပေါ် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း GKYA ထုတ်ပြန်

ဖေဖော် ၆
The Kaladan Post
ချင်းပြည်ကောင်စီ (Chinland Council) ၏ ဒုတိယသက်တမ်း ဒုတိယအကြိမ် အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ ချင်းလုံမြို့တွင် ကျင်းပခဲ့ပြီး၊ ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဆလိုင်းမျိုးထိုက်ကို ချင်းပြည်အစိုးရ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ ဤရွေးချယ်တင်မြှောက်မှုကို ကမ္ဘာလုံးဆိုင်ရာ ခူမီးလူငယ်များအသင်း (Global Khumi Young Association – GKYA) က ဖေဖော်ဝါရီ ၅ ရက်တွင် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ဖော်ပြခဲ့သည်။ ဆလိုင်းမျိုးထိုက်၏ ဦးဆောင်မှုစွမ်းရည်၊ အတွေ့အကြုံနှင့် ချင်းပြည်သူလူထု အပေါ် တာဝန်ခံတတ်သော စိတ်ဓာတ်ကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ဆိုသည်။ သူ၏ ဦးဆောင်မှုအောက်တွင် ချင်းပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း၊ ပလက်ဝမြို့နယ်အတွင်း စီးပွားရေးအကျပ်အတည်း၊ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်များ၊ ပြည်သူ့လုံခြုံရေးနှင့် လူမှုသဟဇာတဖြစ်ပေါ်ရေး တို့အတွက် အစွမ်းကုန် ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပလက်ဝမြို့နယ်မှ လူငယ်များ၏ အခန်းကဏ္ဍ မြှင့်တင်ရေးနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အစိုးရဘက်နှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိကြောင်း GKYA က ဆိုသည်။ ဆလိုင်းမျိုးထိုက်၏ တာဝန်ထမ်းဆောင်မှုကာလတစ်လျှောက် ချင်းလူမျိုးတို့ လိုလားတောင့်တသော ဖက်ဒရယ် ချင်းပြည်တည်ဆောက်ရေး၊ စည်းလုံးညီညွတ်မှုနှင့် အောင်မြင်မှုများ ရရှိပါစေဟု ဆုမွန်ကောင်း တောင်းခံထားသည်။

ဒီးမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းမကြီးနှင့် လမ်းသွယ်များ ယာယီပိတ်ပင်ထားကြောင်း KNDF အသိပေး

ဖေဖော် ၆
The Kaladan Post
ကရင်နီပြည်နယ်အတွင်း မြေပြင်စစ်ရေး အခြေအနေ အရေးပေါ်ဖြစ်ပေါ်နေသည့်အတွက် ဒီးမော့ဆို – ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲ လမ်းမကြီးနှင့် ထိုလမ်းမကြီးပေါ်မှ ဖြတ်သန်းသွားလာရသော လမ်းသွယ်များအားလုံးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စ၍ လုံးဝ အသုံးပြုသွားလာခြင်း မပြုလုပ်ကြရန် KNDF ထုတ်ပြန်သည်။ စစ်ကောင်စီ၏ စစ်ကြောင်းအချို့သည် ဖရူဆို-ထားလဲ လမ်းမကြီးအပေါ်နှင့် နန်းဖဲကျးရွာဘက်သို့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ကာ ထိုးလှုပ်ရှားလာနေပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ အဆိုပါ လမ်းကြောင်းများသည် အများပြည်သူ အသုံးပြုနေသော လမ်းများနှင့် နီးကပ်စွာ ရှိနေသဖြင့် လုံခြုံရေး အလေးထားရန် လိုအပ်သည်ဟု KNDF က ဆိုသည်။ ထို့ကြောင့် အထက်ပါ လမ်းမကြီးနှင့် လမ်းသွယ်များအား ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပြီး လုံခြုံရေးအတွက် အထူး မေတ္တာရပ်ခံ ကာ သွားလာခြင်း ရှောင်ရှားကြရန် လေးစားစွာ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

စာသင်ကျောင်းများကို ‌ဗုံးကျဲပြီး လူငယ်တိုင်းကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေသော ဒေါက်တာ မင်းအောင်လှိုင်က ပညာမြှင့်တင်နေဟု ကြွေးကြော်

ဖေဖော် ၆
The Kaladan Post
ရန်ကုန်တက္ကသိုလ်က အကြမ်းဖက် မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ (Honorary Doctor of Public Administration – D.P.A. honoris causa) ယမန်နေ့ ဖေဖော်ဝါရီ ၅ က ချီးမြှင့်ခဲ့သည်။ ယင်း အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ်သည် လွတ်လပ်ရေးဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံတော်ခေါင်းဆောင်ကြီးများစွာကို မွေးထုတ်ပေးခဲ့သည့် ဂုဏ်ရှိတက္ကသိုလ်ဖြစ်ကြောင်း၊ ယနေ့ ဤဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရမှုအပေါ် ပီတိဖြစ်မိကာ အားရဝမ်းသာကြောင်း ဘွဲ့ချီးမြှင့်ခံရသူ ဒေါက်တာ မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးတွင် ခိုင်မာသော အဆောက်အအုံများအပြင် ပိုမိုခိုင်မာသော အသိပညာ အဆောက်အအုံများ တည်ဆောက်ရေးကို အရေးကြီးဟု ခံယူကြောင်း၊ ကျွန်တော် နိုင်ငံတော်တာဝန် ယူစဉ်ကာလအတွင်း ပညာရေးကို အထူးအလေးထားခဲ့ပြီး မျိုးဆက်သစ် လူစွမ်းအားကောင်းများ မွေးထုတ်ရေး၊ ထိရောက်သော သင်ကြားသင်ယူမှု ရရှိရေး၊ ဆရာ/ဆရာမ အင်အားများ မွေးထုတ်ရေး မူဝါဒများလမ်းညွန်ပေးထားသည်ဟု လည်း ပြောဆိုသေးသည်။ ကိုဗစ်ရောဂါနှင့် နိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြားမှ ကျောင်းသား/သူများ ပညာသင်ယူခွင့် အရှုံးဆုံးအောင် အခြေခံပညာမှ တက္ကသိုလ်အထိ ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် အဆောက်အဦးများ ဆောင်ရွက်ပေးခဲ့သော် လည်း အချို့အဖွဲ့များက ပညာရေးအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ပြည်သူအသိရှိပြီးဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များကို ရည်ညွှန်း၍ ဝေဖန်အပစ်ပုံချခဲ့သည်။

မိုးမိတ်မြို့တွင် စစ်တပ် လက်နက်သိုလှောင်ရုံကို PDF ပူးပေါင်းတပ်များက ဒရုန်း ဗုံးကြဲ ဖျက်ဆီး

ဖေဖော် ၆
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ ရွှေဇာလီရွာရှိ စစ်ကောင်စီ၏ လက်နက်ခဲယမ်း သိုလှောင်ရုံ အဆောက်အအုံတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ (PDF) က ဖေဖော်ဝါရီ ၃ ရက် ညပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လက်နက်ခဲယမ်းများ ပေါက်ကွဲ မီးလောင်ခဲ့ပြီး မြို့တွင်း အဝေးမှ ပေါက်ကွဲသံများ ကို ကြားရကြောင်း မိုးမိတ်မြို့ခံ ပြည်သူများက ပြောဆိုကြသည်။ အဆိုပါ သိုလှောင်ရုံတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း ရှိနေခဲ့ကာ တိုက်ခိုက်မှုကြောင့် အချို့ သေဆုံး ဒဏ်ရာ ရရှိမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း ရွာအဝင်လမ်း ပိတ်ဆို့ ခံထားရသဖြင့် အသေးစိတ် မသိရသေးဟု ဆိုသည်။ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က မိုးကုတ်နှင့် မိုးမိတ်မြို့များကို စစ်တပ်ထံ ပြန်အပ်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်များက ၂၀၂၅ ခုနှစ် အောက်တိုဘာ လတွင် မိုးမိတ်မြို့ ထဲ ပြန်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြို့အနီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်သေးဘဲ မိုးမိတ်မြို့ မှ အုန်းကြော ရွာ အထိ နှစ်မိုင်ခန့်သာ ထိန်းချုပ် နိုင်ခဲ့သည်။

ထောက်လှမ်းရေးရဲဘော် တစ်ဦးက စစ်တပ်ဂိတ်ကို တိုက်ပြီး သေနတ် ၂ လက်ရရှိ

ဖေဖော် ၆
The Kaladan Post
ပဲခူးတိုင်း၊ ဇေယျဝတီမြို့ သကြားစက်အနီးရှိ စစ်တပ်၏ စစ်ဆေးရေး ဂိတ်စခန်း တစ်ခုကို ဧရာဝတီ အမှတ်(၃) တပ်ရင်း မှ ထောက်လှမ်းရေး ရဲဘော် တစ်ဦးတည်းက ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီ ခွဲအချိန်တွင် 9MM ပစ္စတို တစ်လက်ဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ ဘက်မှ တပ်ကြပ် တစ်ဦး သေဆုံးခဲ့ပြီး MA3 သေနတ် တစ်လက်၊ MA11 သေနတ် တစ်လက်၊ ကျည်ဘောက်စ် နှစ်ခု နှင့် ကျည်အတောင့် ၄၀ ရရှိခဲ့သည်။ ရဲဘော်ဘက်တွင် ထိခိုက်ဒဏ်ရာမရှိဘဲ လုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ ဂိတ်စခန်း အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးသာ ရှိနေချိန်ဖြစ်ပြီး ပတ်ဝန်းကျင် အိမ်များတွင် တပ်ဖွဲ့ဝင် ၈ ဦး ခန့် အရက်သောက်သုံး နေပြီး ပုံမှန်အားဖြင့် ဂိတ်တွင် တပ်သား နှစ်ဦး စောင့်ကြပ်လေ့ ရှိသော်လည်း တစ်ဦး ကွမ်းယာ ဝယ်ရန် ထွက်နေချိန်ကို အခွင့်ကောင်း ယူ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်ရင်း တာဝန်ရှိသူက ပြောဆိုသည်။ ဂိတ်စခန်း ချထားမှု နှစ်ပတ်ခန့်သာ ရှိသေးပြီး ထောက်လှမ်းရေး သတင်းများကို တိကျစွာ စုဆောင်း ကြိုတင် ပြင်ဆင်ခဲ့ရသည်ဟု ဆိုသည်။

မုန်းမြို့နယ်တွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ၃ ဦး သေဆုံး

ဖေဖော် ၆
The Kaladan Post
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများကို ဖေဖော်ဝါရီလ ၁ ရက်မှ ၅ ရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များက လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တွင် ခမရ ၄၃၉ တပ်ရင်းက ခင်ကြီး၊ လှေဒုံး၊ ငတိုးခင် ကျေးရွာများကို လက်နက်ကြီး ၅ လုံး၊ ဒရုန်းဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၃ လုံး ပျက်စီးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ဒေါ်ထွေးရီသန်း သေဆုံးခဲ့ကြောင်းသိရသည်။ထို့အပြင် ဖေဖော်ဝါရီ ၄ ရက်တွင် တောင်ငူလေတပ်မှ စောခီးကျေးရွာကို လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ရာ အသက် ၉ နှစ်အရွယ် စောကလဲမူ သေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် ခမရ ၄၃၉ က ခင်ကြီးကျေးရွာကို ဒရုန်းဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၅၈ နှစ်အရွယ် မောင်မျိုး သေဆုံးခဲ့ပြီး ခလရ ၆၀ တပ်ရင်းက ငထွေစုတ်ကျေးရွာကို ဒရုန်းဗုံး ၁ လုံးနှင့် ၁၂၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ်ရာ အသက် ၁၄ နှစ်အရွယ် စောတာနေသား ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက်တွင် ခမရ ၄၃၉ က မျက်နီကွင်းကျေးရွာကို ဒရုန်းဖြင့် ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး ထပ်မံ ပျက်စီးခဲ့ကြောင်း သိရသည်။

ကြံ့ဖွတ်ပါတီ အစိုးရအသစ်ဖွဲ့ပြီးရင် နိုင်ငံတကာ ပိတ်ဆို့မှုတွေ ချက်ချင်း ရုပ်သိမ်းမည်ဟု ခင်ရီ ပြော

ဖေဖော် ၆
The Kaladan Post
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်) ဥက္ကဋ္ဌ ဦးခင်ရီက စစ်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ပါတီအနိုင်ရရှိမှုကို အခွင့်ကောင်းယူ၍ နိုင်ငံတကာက လက်ခံအသိအမှတ်ပြုမည်၊ စီးပွားရေးပိတ်ဆို့မှုများ ချက်ချင်း ရုပ်သိမ်းသွားမည်ဟု ပါတီတွင်း အစည်းအဝေးများ၊ မဲဆန္ဒရှင်တွေ့ ဆုံပွဲများနှင့် လွှတ်တော်အမတ်များနှင့် တွေ့ဆုံရာတွင် ထပ်ခါတလဲလဲ ပြောဆိုလျက်ရှိကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။ ဦးခင်ရီက ယင်းရွေးကောက်ပွဲသည် နိုင်ငံတကာ သတင်းထောက်များ၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ရှေ့မှောက်တွင် ကျင်းပခဲ့ပြီး လွတ်လပ်၍ တရားမျှတကြောင်း၊ ပြည်သူများ၏ စိတ်ပါလက်ပါ မဲပေးမှုကြောင့် ကြံ့ဖွတ်ပါတီ အနိုင်ရရှိခဲ့ကြောင်း အလေးပေး ပြောဆိုလေ့ရှိသည်။ ထို့ကြောင့် ကြံ့ဖွတ်အစိုးရသစ် တက်လာပါက နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိမည်ဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု၊ စက်ရုံအလုပ်ရုံများ ပြန်လည်ဝင်ရောက်လာမည်ဟု ဆိုကာ စီးပွားရေး ပြန်လည်နာလန်ထူမည်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်၊ ကုန်စျေးနှုန်းများ ကျဆင်းမည်ဟု အကြီးအကျယ် ဝါဒဖြန့်ချိနေကြောင်း သိရသည်။ ထို့ပြင် ကြံ့ဖွတ်ပါတီအတွင်း ရွေးကောက်ပွဲ အနိုင်ရရှိထားသော လွှတ်တော်အမတ်အချို့က အစိုးရအဖွဲ့တွင် ဝန်ကြီး သို့မဟုတ် အရေးပါရာထူးများ ရရှိရေး မျှော်လင့် နေကြပြီး တချို့က ဗေဒင်နှင့် ယတြာချေမှုများဖြင့် အိပ်မက်မက်နေကြသည်ဟုလည်း အဆိုပါ ရင်းမြစ်က ထည့်သွင်း ပြောဆိုထားသည်။