ကျောက်ကြီးမြို့နယ်တွင် ခလရ ၃၉ မှ စစ်မှုထမ်းတပ်သားတစ်ဦး ကေအဲန်ယူ ထံ အလင်းဝင်ရောက်
ဖေဖော် ၇
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ခလရ ၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် တစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံ လက်နက်ချ အလင်းဝင် ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ဖေဖော်ဝါရီလ ၄ ရက်နေ့က အသက် ၃၂ နှစ်အရွယ် စောအာဘရောင်း ဆိုသူသည် လက်နက်မယူလာဘဲ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ဖြစ်ကြောင်း သိရှိရသည်။ KNU က ၎င်းအား ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်း ခိုင်းစေခံနေရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ကြရန် KNU ဗဟိုက တိုက်တွန်းထားသည်။

ငဖဲ နတ်ရေကန်ဗျူဟာကုန်းမှ စစ်မှုထမ်း စိုင်းဟတ် ချင်းကာကွယ်ရေးတပ် အရှိုထံ အလင်းဝင်
ဖေဖော် ၇
The Kaladan Post
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းတွင် စစ်တပ်သား ၅၀၀ ကျော်ရှိနေပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သား စိုင်းဟတ်က ဝန်ခံ ထွက်ဆိုထားသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့က ကင်းတာဝန်ကျနေစဉ် ထွက်ပြေးလာ ခဲ့ပြီး ချင်းကာကွယ်ရေးတပ် (CDF – အရှို) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ စိုင်းဟတ်သည် ရှမ်းလူမျိုး၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ဇာတိ ဖြစ်ပြီး စစ်မှုထမ်း စုဆောင်းခံရပြီးနောက် စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၅ တပ်ရင်းမှ ထိုစခန်းသို့ ပို့ဆောင်ခံရသူ ဖြစ်သည်။ စစ်ကောင်စီတပ်က ခဲယမ်း၊ ရိက္ခာများကို ၁၅ ရက်တစ်ကြိမ် လေယာဉ်ဖြင့် ချပေးနေသော်လည်း ထိုပစ္စည်းများအနက် ကော်ဖီမစ် ၃ ထုပ်လျှင် ကျပ် ၁ သောင်း၊ ဆေးလိပ် တစ်ဗူးလျှင် ကျပ် ၁ သောင်း နှုန်းဖြင့် တပ်ကြပ်ထံ ပြန်ဝယ်ယူနေရကြောင်း စိုင်းဟတ်က ထုတ်ဖော်ပြောကြားထားသည်။ စစ်ကောင်စီတပ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်း ခိုင်းစေခံနေရသူများ အနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားကြသည်။

မြိုင်မြို့နယ် ရွာသစ်ကြီးရွာကို စစ်တပ် လေကြောင်းဗုံးကျဲမှုကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ
ဖေဖော် ၇
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာကို ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ပြည်သူ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ ရှိနေကာ နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများကို မြိုင်မြို့နယ် ပကဖ မှ ဆေးကုသမှု ပေးနေကြောင်း ဖော်ပြထားသည်။ အလားတူ ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း မြိုင်မြို့နယ် မြောက်ဆည်ရွာအနီးတွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများသည် တိုက်ပွဲမရှိသော ကျေးရွာများကို ပစ်မှတ်ထားပြီး အရပ်သားပြည်သူများကို ထိခိုက်စေနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက ထောက်ပြလျက်ရှိသည်။

ရန်ကုန်မြို့တွင် ၂၀၂၆ ဇန်နဝါရီလအတွင်း စစ်ကောင်စီ မတရားဖမ်းဆီးမှု ၇၈ ဦး ရှိခဲ့
ဖေဖော် ၇
The Kaladan Post
ရန်ကုန်မြို့တွင် ယခုနှစ် ၂၀၂၆ ဇန်နဝါရီလအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြသည့် မတရားဖမ်းဆီးမှုများဖြင့် လူ ၇၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network (RSN) က ဖော်ပြထားသည်။ ဖမ်းဆီးခံရသူ ၇၈ ဦးအနက် ၄ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ၂၁ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ ကျန်ရှိသော ၅၃ ဦး၏ နောက်ဆက်တွဲ အခြေအနေကို အတည်မပြုနိုင်သေးကြောင်း RSN က ဆိုထားသည်။ ဖမ်းဆီးခံရသူများအား သတင်းအတိအကျဖြင့်၊ လမ်းပေါ်သွားလာစဉ်၊ လမ်းဘေးထိုင်နေစဉ်၊ ရှောင်တခင်စစ်ဆေးရင်း၊ ဧည့်စာရင်းစစ်ဆေးရင်း စသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ၂ ဦး၊ ရွေးကောက်ပွဲကို နှောက်ယှက်သည်ဟု စွပ်စွဲချက်ဖြင့် ၆ ဦး ဖမ်းဆီးခံခဲ့ရသည်။RSN ၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့တွင် ၂၀၂၅ တစ်နှစ်လုံးအတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုဖြင့် ထိခိုက်ခံရသူ နှစ်ထောင်ကျော်ရှိခဲ့ကြောင်း သိရှိရသည်။

သရက်ချောင်းမြို့နယ်တွင် စစ်တပ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA ထံ အလင်းဝင်
ဖေဖော် ၇
The Kaladan Post
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ခလရ ၄၀၄ တပ်ရင်းမှ တပ်သား ၁ ဦး သည် ဖေဖော်ဝါရီ ၆ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄၊ တပ်ရင်း ၁၂ ထံသို့ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ MA-1 ကျည်ဆံ ၂၁၀ ချက်နှင့်အတူ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးက ထုတ်ပြန်သည်။ အလားတူ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း လယ်ဒိုစိုးမြို့နယ်တွင် ခလရ ၄၀၆ တပ်ရင်းမှ စစ်သား ၅ ဦးက KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၀ ထံ လက်နက်ချ အလင်းဝင်ခဲ့ရာ MA-1 သေနတ် ၃ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ BA-100 သေနတ် ၁ လက်နှင့် ကျည်အပါအဝင် စစ်သုံးပစ္စည်းများ ပါဝင်ခဲ့သည်။ ကေအဲန်ယူ (KNU) က မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံ လက်နက်ချ အလင်းဝင် ပူးပေါင်းကြရန် ဆက်လက် တိုက်တွန်းနှိုးဆော်ထားသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတစ်လ အတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၇၉ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ပြောဆိုသည်။
