ပတ်ဝန်းကျင်ပျက်စီးမှု စိုးရိမ်ပြီး ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှု KIO ပိတ်ပင်

ဖေဖော် ၈
The Kaladan Post
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ရွှေကူမြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှု များကို ပိတ်ပင်လိုက်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ရွှေကူမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်နယ်မြေများအပါအဝင် မြစ်ကြောင်းတစ်လျှောက်ရှိ ရွှေဖောင်များဖြင့် တူးဖော်နေမှုကို ယင်းနေ့မှစ၍ လုံးဝတားမြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လက်ရှိ ရွှေဖောင်အစီးရေ ထောင်ချီ ရှိနေပြီး မြစ်ရေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ လယ်ယာမြေများ ပျက်စီးမှုများ ပိုမိုဆိုးရွားလာနေသည့်အတွက် ဤဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်သတင်းရင်းမြစ် များက ဆိုသည်။ KIO အနေဖြင့် ယခင်ကလည်း မိမိထိန်းချုပ်နယ်မြေအတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရွှေတူးဖော်မှုကို ထိန်းချုပ်တားမြစ်ခဲ့ဖူးပြီး ၂၀၂၁ နှစ်ကုန်ပိုင်းက ရွှေကူခရိုင်မှ ထုတ်ပြန်ချက်တွင် အများပြည်သူနှင့်သက်ဆိုင်သော ဘာသာရေးနေရာ၊ လယ်ယာမြေ၊ ကျေးရွာများနှင့် မြစ်ဘေးပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် ရွှေတူးဖော်မှုကို လုံးဝ ပိတ်ပင်ကြောင်း အသိပေးခဲ့သည်။ မလိုက်နာပါက အရေးယူမည်ဟုလည်း သတိပေးထားသည်။ တစ်ဖက်တွင် စစ်တပ် ထိန်းချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနားနှင့် ဝိုင်းမော်ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအောက်ရှိ ဧရာဝတီမြစ် ကြောင်းပေါ်တွင်မူ စက်ယန္တရားများဖြင့် နေ့ရောညပါ ရွှေတူးဖော်နေဆဲ ဖြစ်ပြီး ဒေသခံများ အခက်အခဲ ကြုံနေရကြောင်း သိရသည်။

ရှမ်းပြည်အမျိုးသားနေ့တွင် စည်းလုံးညီညွတ်ရေး ရှေ့တန်းတင် ဘုံရန်သူ အတူတိုက်ထုတ်ရန် NUG တိုက်တွန်း

ဖေဖော် ၈
The Kaladan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ ကျရောက်သော (၇၉) နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခါသမယတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရှမ်းပြည်အတွင်း တော်လှန်ရေးရဲဘော်များ နှင့် ပြည်သူတရပ်လုံးအား စည်းလုံးညီညွတ်မှုကို ရှေ့တန်းတင်ကာ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ထုတ်ရန် တိုက်တွန်းခဲ့သည်။ NUG ၏ သဝဏ်လွှာတွင် လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း အာဏာရှင်စနစ်၏ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားဆက်ဆံမှုများကြောင့် ရှမ်းပြည်သူများ တန်းတူ ညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းစစ်၏ ခါးသီးသော ဒဏ်ရာများကို အလူးအလဲ ခံစားခဲ့ရကြောင်း ထောက်ပြထားသည်။ ထို့အပြင် ရှမ်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းအားထုတ်မှုဖြင့် အခက်အခဲများ ကို ကျော်လွှားကာ ငြိမ်းချမ်း၊ လွတ်လပ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်သို့ မလွဲမသွေ ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း ရေးသားထားသည်။ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူညီမျှမှုကို အာမခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးကို မယိမ်းယိုင်သော သန္နိဋ္ဌာန်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဟု အလေးပေး ဖော်ပြထားသည်။ ရှမ်းပြည်အမျိုးသား နေ့မှ စတင်လိုက်သော ညီညွတ်ရေးစိတ်ဓာတ်သည် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး အောင်မြင်သည်အထိ အားကောင်းမောင်းသန် ဆက်လက် ရှင်သန်နေပါစေဟု ယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

ဒီမိုကရေစီကူးပြောင်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို လိုက်နာရန် မင်းအောင်လှိုင် ပြောဆို

ဖေဖော် ၈
The Kaladan Post
နေပြည်တော်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်က ကျင်းပခဲ့သော ၂၀၂၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲ အခမ်းအနားတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပျက်မကွက် လိုက်နာဆောင်ရွက်ရန် နိုင်ငံရေးသမားများနှင့် ပြည်သူအားလုံး သိရှိထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီကူးပြောင်းရေး၏ အသက်ခန္ဓာကြီး ဖြစ်ပြီး နိုင်ငံရေး ပါဝင်သူများနှင့် ပြည်သူအားလုံး သိရှိ လိုက်နာရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။ ချက်ချင်း ပြောင်းလဲမှု မဖြစ်နိုင်ဘဲ အဆင့်ဆင့် ကူးပြောင်းရမည်ဖြစ်ပြီး လူ့အဖွဲ့အစည်း၏ လူမှုစီးပွားအခြေအနေ၊ လူမှုအုပ်စုဖွဲ့စည်းပုံနှင့် နိုင်ငံရေးယဉ်ကျေးမှုတို့အပေါ် အခြေခံ၍ ဆောင်ရွက်ရမည်ဟု ဆိုခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် တပ်မတော်က လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေး ဝန်ကြီးဌာနများကို ထိန်းချုပ်ထားကာ အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် တပ်မတော် ပါဝင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ တပ်မတော်ကိုယ်စားလှယ်များ သဘောတူညီချက်မရှိဘဲ ပြင်ဆင်ခွင့် မရှိစေရန် ရေးဆွဲထားကြောင်း ဥပဒေကျွမ်းကျင်သူများက ထောက်ပြလေ့ ရှိသည်။

မုံရွာ နမခ ကာကင်းမှ ထွက်လာသော စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သားနှင့် ပျူ ၉ ဦး သေဆုံး

ဖေဖော် ၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီး မင်းတဲရွာ ဘုန်းကြီးကျောင်း အတွင်း အထိုင်ချထားသော ကာကင်းစခန်းမှ ဖေဖော်ဝါရီ ၅ ရက် မနက် ၇ နာရီခွဲခန့်က ဆက်ကြေး ကောက်ခံရန် ထွက်လာသော စစ်ကြောင်း (အင်အား ၂၀ ကျော်၊ ထော်လာဂျီ တစ်စီး၊ ဆိုင်ကယ်နှစ်စီး ပါဝင်) ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မင်းတဲနှင့် သပြေတော ဖောက်လမ်းပေါ် (နမခ မှ ၁ မိုင်ကျော်အကွာ) တွင် ကင်းဝပ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ နှစ်ပွင့်ဗိုလ်တစ်ဦး အပါအဝင် စစ်သားနှင့် ပျူစစ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Black Falcon Guerrilla Force တပ်ဖွဲ့က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း ရှေ့ပြေးဆိုင်ကယ်ပေါ်မှ စစ်သား ၂ ဦး၊ ထော်လာဂျီပေါ်မှ စစ်သားနှင့် ပျူ ၄ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး MA-1 သေနတ် ၂ လက် သိမ်းဆည်း ရရှိခဲ့သည်။ တိုက်ပွဲအပြီး နမခ မှ စစ်ကူများ ရောက်ရှိလာကာ သေဆုံး/ဒဏ်ရာရသူများကို ပြန်လည် သယ်ဆောင်ခဲ့ရာ ဒဏ်ရာရရှိသည့် စစ်သား ၂ ဦး နမခ စစ်ဆေးရုံသို့ ရောက်ရှိပြီးနောက် ထပ်မံ သေဆုံး ခဲ့ကာ ကျန်ရှိသူများကို ဆက်လက် ကုသဆောင်ရွက်နေရကြောင်း သိရသည်။ဤတိုက်ခိုက်မှုကို Black Falcon Guerrilla Force ဦးဆောင်ကာ ပြည်သူ့လွှတ်မြှောက်ရေးတပ်မတော် (PLA)၊ မုံရွာခရိုင် အမှတ်(၂၄) တပ်ရင်း တပ်ခွဲ(၃)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) – SRA တပ်ပေါင်းစု၊ တိုက်နယ် ၅ ပလဖ၊ ကနောင်မင်း သားကြီး တပ်ဖွဲ့၊ သွေးသောက်ညီကို တပ်ဖွဲ့၊ Three Star တပ်ဖွဲ့နှင့် နယ်မြေခံ အမေ့သားတပ်ဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လင်းကတော ရဲစခန်းမှ စစ်မှုထမ်းတပ်သားသစ် သေနတ်တစ်လက်နှင့်အတူ အလင်းဝင်

ဖေဖော် ၈
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော အသက် ၁၈ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် မောင်မျိုးမင်းသန့်သည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီခန့်က MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည် ၁၀၀ တောင့်နှင့်အတူ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောဆိုသည်။ အဆိုပါ စစ်မှုထမ်းတပ်သားသစ်သည် ငပုတောမြို့နယ် ချောင်းသာရွာသားဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လိမ်လည်ခေါ်ဆွဲ၍ စစ်မှုထမ်း အပတ်စဉ် ၅ တွင် ပေါ်တာဆွဲခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။ ကင်းတာဝန် ထမ်းဆောင် နေစဉ် ဖုန်းဖြင့် ဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံလာခဲ့ခြင်း ဖြစ်ပြီး ယူဆောင်လာသော လက်နက်ငယ် နှင့် ကျည်ဆန်များအတွက် ဂုဏ်ပြုငွေ ၂၅ သိန်း ကျပ် ချီးမြှင့်ကာ လုံခြုံရေးအရ သင့်လျော်သည့် နေရာသို့ ပို့ဆောင်ထားကြောင်း ပကဖ တာဝန်ခံက အတည်ပြုသည်။

ပူတာအို PDF က စစ်ကောင်စီ တပ်စွဲနေရာများ နယ်မြေရှင်းလင်း၊ နင်းမိုင်း တချို့ သိမ်းဆည်း ရရှိ

ဖေဖော် ၈
The Kaladan Post
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူတာအို တပ်ဖွဲ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲခဲ့သည့် နေရာများကို နယ်မြေရှင်းလင်း ဆောင်ရွက်နေကြောင်း ယနေ့ ဖေဖော်ဝါရီ ၈ ရက် တွင် ထုတ်ပြန်သည်။ နယ်မြေရှင်းလင်းမှု လုပ်ငန်းစဉ်အတွင်း စစ်ကောင်စီ တပ်သားများ မူးယစ်ဆေးဝါး သုံးစွဲခဲ့သည်ကို တွေ့ရှိခဲ့ရပြီး၊ ထောင်ထားသော နင်းမိုင်း (ခြေနင်းမှိုင်း) အချို့ကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း PDF ပူတာအို က အသိပေးထားသည်။ ပူတာအိုမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ (၁၃၇) နှင့် (၁၃၈) တပ်ရင်းများ အခြေစိုက်ထားပြီး မြို့ကို ပိတ်ဆို့ထားကြောင်း ယခင်က PDF တာဝန်ရှိသူများက လူထုနွေဦး သို့ ပြောကြားခဲ့ဖူးသည်။ ထို့နောက်ပိုင်း မြစ်ကြီးနားမှ ပူတာအို သို့ ပို့ဆောင်နေသော လေယာဉ်ဆီ အပါအဝင် စက်သုံးဆီ ပေပါ အလုံး ၁၀၀ ကျော်ကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်း ရရှိခဲ့သည်။

ဖလမ်းမြို့နယ်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံး

ဖေဖော် ၈
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဦးတည်လာသော စစ်ကောင်စီ တပ်ဖွဲ့များနှင့် ချင်းပြည် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ တောက်လျှောက် ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက် (ယနေ့) တွင် သတင်းထုတ်ပြန်ခဲ့သည်။ ချင်းပြည် အစိုးရ တပ်ဖွဲ့များဖြစ်သော စစ်ကြောင်း (၂)၊ စစ်ကြောင်း (၃) နှင့် စစ်ကြောင်း (၄) တို့က စစ်ကောင်စီ တပ်များကို ဆက်တိုက် တိုက်ခိုက်နေရာ တိုက်ပွဲများအတွင်း အရာရှိ ၉ ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီသည် ကလေး-ဖလမ်း လမ်းကြောင်း စိုးမိုးနိုင်ရေးအတွက် တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း ၉ ရင်း ပါဝင်သော အင်အားထောင်ချီ စုဖွဲ့ကာ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်နေမှု လေးလကျော် ကြာမြင့်ခဲ့ပြီး ပြီးခဲ့သည့် နှစ်လကျော်အတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ သည် မြေပြင်နှင့် လေကြောင်း သာလွန်အင်အားဖြင့် ဆက်တိုက် ထိုးစစ်ဆင်နေသော်လည်း ကျဆုံးနှင့် ဒဏ်ရာရမှု များပြားလာသဖြင့် စစ်ကူတပ်များ စေလွှတ်နေရကြောင်း ချင်းပြည်ကောင်စီက အသိပေးထားသည်။ ၂၀၂၅ အောက်တိုဘာလကုန်မှ စတင်ကာ ကလေးမြို့မှ စစ်အင်အားအလုံးအရင်း ဖြင့် စစ်ကြောင်းထိုးလာခြင်း၊ ချင်းမြောက်ပိုင်း တီးတိန်မြို့ကို ရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်းများ စွာ စစ်အင်အား ဖြည့်တင်းခဲ့ခြင်းတို့ကြောင့် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်နေခြင်း ဖြစ်သည်။ ၂၀၂၆ ဇန်နဝါရီတွင်လည်း ကလေးမှ စစ်ယာဉ်တန်းဖြင့် အင်အား ၂၀၀ ကျော် စစ်ကူ ပို့ဆောင်ခဲ့ရာ ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး အရာရှိ အပါအဝင် သေဆုံး ထိခိုက်မှုများ ရှိခဲ့ကြောင်း ချင်းညီနောင် သတင်းရင်းမြစ်များက ပြောကြားထားသည်။


ပဲခူးတိုင်းတွင် စစ်တပ် လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦး ဒဏ်ရာရ ရွာလုံးကျွတ် စစ်ရှောင်

ဖေဖော် ၈
The Kaladan Post
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လက်နက်ကြီး (၁၂၀ မမ ၁၂ လုံး) နှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၇ ရက်နေ့က ကံသာယာကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာများတွင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရသည်။ ထို့ကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ယမန်နေ့ ညပိုင်းတွင်လည်း သခွပ်ကုန်းရွာရှိ ဈေးဆိုင် တစ်ဆိုင်ကို ဒရုန်းဗုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်မှု မရှိဘဲ ပစ္စည်းများ ပျက်စီးခဲ့သည်။ အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဆင်နင်းကျေးရွာကိုလည်း ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းမှစ၍ ခမရ ၁၂ တပ်ရင်းက အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ ထိခိုက်မှု မရှိခဲ့သော်လည်း ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ပွင့်ဖြူမြို့နယ်တွင် စစ်တပ်စစ်ကြောင်း နေအိမ် ၁၆ လုံး မီးရှို့ဖျက်ဆီး၊ အရပ်သား ၁၅ ဦး ဖမ်းဆီးခံရ

ဖေဖော် ၈
The Kaladan Post
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အနောက်ဘက်ရှိ ရေပုတ်ကလေးနှင့် ညောင်ပင်စောက် ကျေးရွာများကို ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ အင်အား ၈၀ နီးပါးပါဝင်သော အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။၎င်း စစ်ကြောင်းသည် ပထမဦးစွာ ရေပုတ်ကလေးကျေးရွာကို ဝင်ရောက်ပြီး အရပ်သား ၇ ဦးထက်မနည်း ဖမ်းဆီးခဲ့ကာ နောက်ပိုင်း ညောင်ပင်စောက်ကျေးရွာသို့ ဆက်လက်ဝင်ရောက်ကာ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက် ဆီးခဲ့သည်။ စုစုပေါင်း အရပ်သား ၁၅ ဦး ဖမ်းဆီးခံရပြီး အချို့ကို PDF နှင့်ဆက်စပ်မှုရှိသည်ဆိုကာ ဆက်လက်ထိန်းသိမ်းထားကာ အချို့ကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၅ ရက်နေ့က ကျောင်းကုန်းကြီးပြည်သူ့စစ်ရွာမှ ထွက်ခွာလာပြီး ပျူစောထီးများ အများအပြား ပါဝင်ခဲ့ကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်အတွင်း ရေပုတ်ကလေး၊ ညောင်ပင်စောက်၊ မဒဲ၊ ကနီ၊ သစ်ပုတီးကုန်း စသည့် ကျေးရွာများမှာ တော်လှန်ရေးစိုးမိုးနယ်မြေ အတွင်း ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်မှ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးလေ့ ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။