စစ်တွေမြို့အနီး ရွှေမင်းဂံနှင့် ပုဏ္ဏားကျွန်းအစပ်တွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်
မတ် ၃
The Kaladan Post
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရွာအနီးနှင့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ဒေသများတွင် AA နှင့် စစ်တပ်အကြား ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကာ မတ်လ ၂ ရက်အထိ ဆက်တိုက်ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းတွင် AA ဘက် မှ အမြန်ရေယာဉ်များဖြင့် စစ်ကောင်စီ၏ ရေတပ်စခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ် သားများ သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ ထို့နောက်ပိုင်း ရွှေမင်းဂံ ရေတပ်စခန်း၊ ပွိုင့်ကမ်းခြေ၊ ဝါဘိုနှင့် ဇော်မဒက်ကျေးရွာအနီးရှိ တပ်စခန်းများကို AA က လက်နက်ကြီးများ၊ ဒရုန်းများနှင့် ထိုး စစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဆက်ရှိနေကြောင်း သိရသည်။ မတ်လ ၂ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ရွှေမင်းဂံရွာတဖက်ကမ်း ပုဏ္ဏား ကျွန်းမြို့နယ် ခမောင်းတောကျေးရွာဘက်သို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဗုံးကြဲမှုကြောင့် မြို့နီးအိမ်များပါ လှုပ်ခါသွားပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ဆက်ကြားနေရကြောင်း ဆိုသည်။ စစ်ကောင်စီဘက်တွင် စစ်တွေမြို့ကို ခံစစ်အခိုင်အမာ ပြင်ဆင် ထားပြီး အထပ်မြင့်အဆောက်အအုံများပေါ်တွင် စနိုက်ပါများ အသင့်ထားရှိခြင်း၊ ကမ်းနားပင်လယ်ပြင် တွင် မိုင်းများတပ်ဆင်ထားခြင်း၊ ရေတပ်စခန်းများသို့ စစ်အင်အားဖြည့်တင်းထားခြင်းတို့ ရှိနေကြောင်း သိရသည်။ စစ်တွေမြို့တွင် စစ်သင်္ဘော ၁၀ စီးကျော်ရှိပြီး ဒကစ၊ ခလရ (၂၀၊ ၂၇၀၊ ၂၃၂)၊ ခမရ (၃၄၄၊ ၃၅၄) နှင့် ရဲတပ်ရင်း အမှတ်(၁၂၊ ၃၆) အပါအဝင် တပ်ရင်း ၁၀ ခုကျော် ရှိနေသည်။

မင်းတုန်းက ဗုံးဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် CDF-Asho မှ တစ်မိနစ်ငြိမ်သက်ခဲ့
မတ် ၃
The Kaladan Post
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြောင်းကျေးရွာအနီးရှိ ကုန်တင်ကားများ ရပ်နားရာ ကုန်စည်လဲလှယ် ရေးနေရာကို ၂၀၂၆ ခုနှစ် မတ်လ ၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် စစ်တပ် ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ပေါင် ၂၀၀ နှင့် ပေါင် ၃၀၀ ဗုံးများ စုစုပေါင်း ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး ရော့ကက်များ ဖြင့်လည်း အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ပြည်သူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကုန်တင်ကား ၇ စီး၊ အိမ်စီးကား ၇ စီး စုစုပေါင်း ၁၄ စီး မီးလောင်ပျက်စီးခဲ့သည်။ ဤနေရာတွင် တိုက်ပွဲ လုံးဝ မဖြစ်ပွားခဲ့ဘဲ စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားကုန်သွယ်ရေးနေရာ ဖြစ်သဖြင့် စစ်တပ်၏ လုပ်ရပ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု တော်လှန်ရေးအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချနေကြ သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူများအတွက် ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နောက်တန်းစခန်းရှိ ရဲဘော်များက ချင်းအမျိုးသားအလံတော်ရှေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မတ်လ ၃ ရက် နံနက် ၇ နာရီတွင် တစ်မိနစ် ငြိမ်သက်ခြင်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းရာ မကွေး-ရခိုင်လမ်းကြောင်းကို စစ်တပ်က လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပိတ်ဆို့ခြင်းဖြစ်ပြီး ရခိုင်ပြည်တွင် အခြေခံစားသောက် ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းပြတ်လပ်မှု ပိုမိုဆိုးရွားစေခဲ့သည်။

ရေးနှင့် သံဖြူဇရပ်မြို့နယ်ရှိ စစ်တပ်ယာယီစခန်းနှင့် ရဲစခန်းများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး ဒဏ်ရာရရှိ
မတ် ၃
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီးရှိ စစ်ကောင်စီ ယာယီစခန်းနှင့် သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းတို့ကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေရွာအနီး ယာယီတပ်စွဲနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဗုံးသီး ၄ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟု MSRF က ပြောဆိုသည်။ ထို့အပြင် မတ်လ ၁ ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ အခြေစိုက် ရဲစခန်းကို ဒရုန်းဗုံးသီး ၄ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုနှစ်ကြိမ်စလုံး အပြီး ညီနောင်တပ်ဖွဲ့များဘက်တွင် ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြသည်။ ၎င်းတိုက်ခိုက်မှုကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုသည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF – အမှတ် ၈၀၀၂)၊ ရေးပြောက်ကျားတပ်ရင်း (YGF – အမှတ် ၈၀၀၁) တို့၏ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားသော တပ်ပေါင်းစု ဖြစ်သည်။
ဆက်ကြေးကောက်ခံနေသော စစ်သားများတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး
မတ် ၃
The Kaladan Post
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ် (GTC) ရှေ့တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေး အတင်းအဓမ္မ ကောက်ခံနေသော စစ်ကောင်စီ စစ်သားများကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ရဲဘော်များက မတ်လ ၁ ရက် နံနက် ၆ နာရီခန့်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ စစ်သား ၃ ဦး သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်း က ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း MA-1 အမျိုးအစား သေနတ် ၂ လက်၊ G-3 အမျိုးအစား သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ G-3 ကျည် ၁၀၀ တောင့်၊ MA ကျည် ၁၀၀ တောင့်နှင့် MA ကျည်ဘောက် ၅ ခု အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။ ဒူရက စစ်ကြောင်းက ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်၊ လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ သတင်းအချက်အလက်များ လိုက်နာကြရန်နှင့် စစ်သားနှင့် ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းကြရန် တိုက်တွန်းထားသည်။

သရက်ချောင်းမြို့နယ်တွင် စစ်တပ်၏ လေကြောင်းနှင့် သတ်ဖြတ်မှုများကြောင့် ပြည်သူ ၈ ဦး သေဆုံး
မတ် ၃
The Kaladan Post
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် (ကစယ်ဒိုနယ်မြေ) တွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ၂၇ ရက်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများကြောင့် အရပ်သား ပြည်သူ ၈ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ ဝင်းဝ စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေချိန် တွင် စစ်တပ်က စစ်အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာပြီး စုံစင်ဖျားကျေးရွာ၊ မင်းဒပ်ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ ပြင်းဖြူသားကျေးရွာ၊ ဝင်းဝကျေးရွာ၊ ရငဲကျေးရွာ၊ ချောက်ချောင်းကျေးရွာ စသည့်ကျေးရွာများကို လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုကာလအတွင်း Y-12 လေယာဉ်ဖြင့် ၂၈ ကြိမ်၊ တိုက်လေယာဉ်ဖြင့် ၈ ကြိမ် တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ခလရ (၄၀၉) တပ်ရင်း စစ်ကြောင်းက စုံစင်ဖျားကျေးရွာအနီး စစ်ရှောင်နေသော အရပ်သား ပြည်သူ ၇ ဦးကို ဖမ်းဆီး ရက်စက်စွာ သတ်ဖြတ်ခဲ့ရာ သေဆုံးသူများအနက် အမျိုးသမီး ၅ ဦး ပါဝင်ကြောင်း KNU က ဖော်ပြထားသည်။ ဒေသခံသတင်းရင်းမြစ်များအဆိုအရ ထိုပြည်သူများသည် စစ်ရှောင်များဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တိုးတွေ့ပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံ ပြည်သူ ငါးရာကျော် ထွက်ပြေးတိမ်းရှောင်နေရကာ လုံခြုံရေး၊ အသက်အိုးအိမ်နှင့် နေ့စဉ်ဘဝ ထိခိုက်ပျက်စီးမှုများ ဆက်ရှိနေသည်ဟု KNU က ပြောဆိုသည်။

ချမ်းမြသာစည်မြို့နယ် ပကဖအဖြစ် NUG-MOD ကွပ်ကဲမှုအောက် ပူးပေါင်းမည်ဟု ရတနာပုံတပ်ဦး ပြောဆို
မတ် ၃
The Kaladan Post
မန္တလေးမြို့အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ ရတနာပုံတပ်ဦးသည် မတ်လ ၂ ရက်နေ့တွင် အမျိုး သားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ချမ်းမြသာစည်မြို့နယ် (ရတနာပုံတပ်ဦး) အဖြစ် ပူးပေါင်း တာဝန်ထမ်းဆောင်မည်ဟု အဆိုပါအဖွဲ့က ကြေညာသည်။ ရတနာပုံတပ်ဦးသည် ၂၀၂၄ ခုနှစ် မေလ ၁ ရက်တွင် မန္တလေးဒေသ Local တပ်ဖွဲ့အဖြစ် စတင်တည်ထောင်ခဲ့ပြီး တည်ထောင်ချိန်မှ ယနေ့အထိ NUG-MOD ၏ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် ကွပ်ကဲမှု (COC) အောက်တွင် တော်လှန်ရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ် ပကဖအဖြစ် ပူးပေါင်းရန် ကြိုဆိုခဲ့မှုအပေါ် တပ်ဖွဲ့ဝင်အားလုံး အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်း ဆိုထားသည်။ ယခင်က မြနန္ဒာစစ်ဆင်ရေး ရပ်နားခဲ့ပြီးနောက် ပြန်လည်စုဖွဲ့၍ တည်ထောင်ခဲ့သော တပ်ဖွဲ့ဖြစ်ပြီး ယခု ပကဖအဖြစ် ပူးပေါင်း လိုက်ခြင်းဖြင့် စစ်ဆင်ရေးများတွင် ကွာခြားမှုများ ရှိလာမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော်ပြောဆိုသည်။ အထူးသဖြင့် အရင်က စစ်ကူ မသွားလိုပါက ငြင်းဆန်ခွင့်ရှိခဲ့သော်လည်း ယခု MOD ကွပ်ကဲမှုအောက်တွင် အဆင့်ဆင့် ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ ရတနာပုံတပ်ဦးသည် မင်းကွန်းတိုက်နယ်အတွင်း နယ်မြေခံ ပကဖများ၊ People Servant Force၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ No More Dictatorship PDF (NMD) စသည့် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရတနာပုံတပ်ဦး ပြန်ကြားရေးတာဝန်ခံက လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို မြင်တွေ့နေရသည့်အတိုင်း စိတ်ဓာတ်မကျဘဲ ဆက်လက်တည်မြဲစွာ ပါဝင်ရန်နှင့် တော်လှန်ရေးတွင် စိတ်အားထက်သန်သော လူငယ်များ အခန်းကဏ္ဍ ဆက်ရှိနေဆဲ ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ အားဖြည့်ဝန်းရံ ပံ့ပိုးပေးရန် တိုက်တွန်းထားသည်။

ဖောင်းပြင်မြို့နယ်တွင် စစ်တပ်တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
မတ် ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုမှ တပ်ကြပ်အဆင့်ရှိ ဟိန်းမင်းထက်သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က MA-3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ခဲယမ်းများယူဆောင်ကာ အလင်းဝင်ခဲ့ကြောင်း မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်း က ထုတ်ပြန်သည်။ လဟယ်မြို့အခြေစိုက် ခလရ-၂၇၂ တပ်ရင်းမှ တပ်ကြပ် ဟိန်းမင်းထက်က စစ်တပ်အတွင်း မတရားဗိုလ်ကျမှုများ၊ မီးရှို့ လူသတ်မှုများနှင့် ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသည့်အတွက် ဆက်လက်တာဝန် မထမ်းဆောင်လိုတော့ဘဲ ပြည်သူနှင့်ပူးပေါင်းပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ လက်ရှိတွင် လက်နက်နှင့်တကွ အလင်းဝင်လာသည့် တပ်ကြပ် ဟိန်းမင်းထက် ကို တပ်ရင်းမှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ချက်ချင်း ပေးအပ်ခဲ့ပြီး နိုင်ငံတော်အဆင့်မှ ထပ်မံ ဂုဏ်ပြုထောက်ပံ့နိုင်ရန် အဆင့်ဆင့် တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်တပ်အတွင်း မတရားမှုများကြောင့် စိတ်ပျက်ကာ ပြည်သူ့ဘက်သို့ ကူးပြောင်းလာသော စစ်သည်အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေကြောင်း သိရှိရသည်။

မြောက်လူးကန်ကျေးရွာတွင် ဓားပြတိုက်လုယက်နေသော ရဲတပ်သားတစ်ဦးကို ဒေါင်းညီနောင် PDF ဖမ်းဆီးရမိ
မတ် ၃
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာတွင် ဘုန်းကြီးကျောင်းမှ အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ရဲတပ်သား ကော့သောင်းသားလေး (ခ) သူရအောင်သည် ညအချိန် များတွင် တစ်ကိုယ်တော် ထွက်ခွာကာ ပြည်သူနေအိမ်များကို သေနတ်ပြ၊ ဓားပြတိုက်လုယက်မှုများ ကျူးလွန်နေကြောင်း ဒေသတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၁ ရက် မနက် ၁ နာရီခန့်က ရွာတစ်အိမ်သို့ ဝင်ရောက်ပြီး လက်နက်ပြလုယက်နေစဉ် အိမ်ရှင်များ အော်ဟစ်သဖြင့် ထွက်ပြေးရာ ရွာအရှေ့တောင်ပိုင်းတွင် လိုက်လံပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးချိန်တွင် G3 သေနတ် ၁ လက်၊ ကျည် ၂၇၈ တောင့်၊ 9 mm ပစ္စတိုကျည် ၂၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ဖုန်းများကို သိမ်းဆည်း ရမိခဲ့သည်။ ရဲတပ်သားက ပစ်ခတ်မှုကြောင့် အသက် ၂၈ နှစ်အရွယ် အိမ်ရှင် အမျိုးသမီးတစ်ဦး ခြေထောက်တွင် ကျည်ထိဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ စစ်ဆေးမှုအရ ယင်းရဲတပ်သားသည် ရွာအတွင်း သေနတ်ပြဓားပြတိုက်မှု ၈ ကြိမ် ကျူးလွန်ခဲ့ပြီး ဖုန်း ၈ လုံး၊ ငွေကျပ် သုံးသောင်း၊ ရွှေလက်စွပ် ၁ ကွင်း၊ ဆွဲကြိုး ၁ ကုံးတို့ကို လုယက်ခဲ့ကြောင်း ထွက်ဆိုထား သည်။ လက်ရှိတွင် အချုပ်ထိန်းသိမ်းထားပြီး စစ်သုံ့ပန်းဥပဒေအရ အရေးယူသွားမည်ဖြစ်ကာ ကျူးလွန်ထားသော ပြစ်မှုများအလိုက် ဒေါင်းညီနောင် ပြည်သူကာကွယ်ရေးအဖွဲ့က ထပ်မံ အရေးယူရန်ရှိကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ရခိုင်တွင် AA ထိန်းချုပ်မြို့နယ် ၁၅ မြို့ကို တစ်နှစ်အတွင်း ပြန်သိမ်းမည်ဟု ဘူးလတ်လှဆွေ ကြုံးဝါး
မတ် ၃
The Kaladan Post
စစ်ကောင်စီကို ပံ့ပိုးသူအဖြစ် လူသိများသော ဘူးလတ်လှဆွေသည် မတ်လ ၁ ရက်နေ့က လူမှုကွန် ရက်မှတစ်ဆင့် ထုတ်လွှင့်ခဲ့သော ရုပ်သံဖိုင်တွင် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ် ၁၅ မြို့ကို တစ်နှစ်အတွင်း စစ်တပ်က (D-Day) သတ်မှတ်ကာ တစ်မြို့ပြီး တစ်မြို့ ပြန်လည်သိမ်းပိုက်သွားမည်ဟု ပြောဆိုခဲ့သည်။ ထို့ပြင် AA ခေါင်းဆောင်များအနေဖြင့် နောက်ဆုံးအခြေအနေတွင် ဘန်ကာထဲ၌ အဆိပ်သောက်သေဆုံးရန် ပြင်ဆင်ထားကြရန်ဟု ပြင်းထန်စွာ ခြိမ်းခြောက်ခဲ့သည်။ ဘူးလတ်လှဆွေက ဒုတိယကမ္ဘာစစ်ကာလ နာဇီဂျာမနီ၏ ချဲ့ထွင်မှုနှင့် မဟာမိတ် တပ်များ၏ D-Day ကမ်းကပ်တိုက်ခိုက်မှုကို နှိုင်းယှဉ်ပြောဆိုခဲ့ပြီး ဟစ်တလာ၏ နောက်ဆုံးအခြေနေ ကိုပါ ရည်ညွှန်းခဲ့သည်။ ရခိုင်ပြည်နယ်တွင် AA သည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော်၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ ငပလီ၊ တောင်ကုတ်၊ အမ်း နှင့် ချင်းပြည်နယ်မှ ပလက်ဝ စသည့် မြို့နယ်များကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ စစ်ကောင်စီဘက်က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များကိုသာ ဆက်လက်ထိန်းချုပ် ထားကာ AA က စစ်တွေ၊ ကျောက်ဖြူ ဒေသများကို သိမ်းပိုက်ရန် တိုက်ပွဲများ ဆက်လက်ဖော်ဆောင် နေသည်။ လက်ရှိ စစ်တွေမြို့အနီး ပုဏ္ဏားကျွန်း၊ ရွှေမင်းဂံ ဝန်းကျင်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး AA ဘက်မှ စစ်တွေကမ်းရိုးတန်းအနီး နေဗီသင်္ဘောများကို ပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။

