နတ်ရေကန်တောင်တိုက်ပွဲ ပြင်းထန်နေပြိး စစ်တပ်က ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်

မတ် ၄
The Kaladan Post
ရခိုင်ပြည်နယ် အမ်း-ပဒါန်းလမ်းပိုင်း၊ နတ်ရေကန်တောင်ရှိ စစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေး ဗျူဟာစခန်းတွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက မတ်လ ၂ ရက်မှ စတင်ကာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲ အလွန်ပြင်းထန်နေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်တပ် အထိနာခဲ့ပြီး စခန်းကုန်း မကျဆုံးရေးအတွက် မတ်လ ၃ ရက်တွင် ဂျက်တိုက်လေယာဉ် ၃ စင်း၊ Y-12 လေယာဉ် ၁ စင်း စုစုပေါင်း လေယာဉ် ၄ စင်းဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၁၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ပထမတွင် ဂျက်ဖိုက်တာ ၃ စင်း လာရောက်တိုက်ခိုက်ကာ နောက်ပိုင်း Y-12 ဖြင့် ဆက်လက် ဗုံးကြဲနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ နတ်ရေကန်တောင်စခန်းကို တနှစ်ဝန်းကျင်ကတည်းက AA နှင့် ပူးပေါင်းတပ်များက စားနပ်ရိက္ခာ ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ထားခဲ့ပြီး လက်ရှိ တော်လှန်ရေးတပ်များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီဘက်က လေကြောင်း အင်အားကို အလွန်အမင်း အားကိုးနေရကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ကပစ ၁၄၊ ဆုန်ကုန်းအမြောက်တပ်များမှ လက်နက်ကြီး ပစ်ကူပေးကာ စစ်အင်အား ၄၀၀ ခန့်ဖြင့် လမ်းဟောင်း၊ လမ်းသစ်ဘက်မှ စစ်ကြောင်းထိုး တိုက်ခိုက်နေသော်လည်း ယနေ့အထိ ပဇီနှင့် ဂုတ်ကြီးကို မကျော်နိုင်သေးဘဲ ရပ်တန့်နေကြောင်း ဒေသခံများက ပြောဆိုသည်။ နတ်ရေကန်တောင်သည် ရခိုင်နှင့် မကွေးတိုင်း အစပ်တွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသော လေကြောင်း ရန်ကာကွယ်ရေး ဗျူဟာကုန်းဖြစ်သည့်အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်ကြောင်း ဒေသသတင်းရင်းမြစ်က သုံးသပ်ထားသည်။

ဖလမ်းမြို့နယ်တွင် စစ်တပ်နှင့် ချင်းတော်လှန်‌ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ဆက်လက် ပြင်ထန်

မတ် ၄
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း စစ်တပ်နှင့် ချင်းပူးပေါင်း တော်လှန်ရေးတပ်များအကြား နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ ချင်းညီနောင်အဖွဲ့ဝင် CNDF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းတင်မီက မတ်လ ၃ ရက်တွင် စစ်တပ်၏ Y-12 လေယာဉ်ဖြင့် ချပေးထားသော ခဲယမ်းထုပ် အချို့ကို ချင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ စစ်ကောင်စီသည် ၂၀၂၅ နိုဝင်ဘာလမှ စတင်ကာ ချင်းမြောက်ပိုင်း ဖလမ်းမြို့ အပါအဝင် ဒေသတွင်း ပြန်လည်ထိန်းချုပ် ရန် ထိုးစစ်ဆင်လာခဲ့ပြီး တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း ၉ ရင်း၊ အင်အားထောင်ချီ အသုံးပြုကာ ကလေး-ဖလမ်း လမ်းကြောင်းစိုးမိုးရေး ဦးတည်တိုက်ခိုက်နေသော်လည်း သိုင်းငင်း၊ ဝေဘူလနှင့် ဖလမ်းကြားတွင် ချင်းပူးပေါင်းတပ်ဖွဲ့၏ ခုခံတိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေဆဲ ဖြစ်ကြောင်း သိရသည်။ စစ်တပ်ဘက်က မြေပြင်နှင့် လေကြောင်း သာလွန်အင်အားဖြင့် ဆက်တိုက် ထိုးစစ်ဆင်နေသော်လည်း ကျဆုံးနှင့် ဒဏ်ရာရမှု များပြားလာသဖြင့် စစ်ကူတပ်များ စေလွှတ်နေရဆဲ ဖြစ်ကြောင်း သတင်းရင်မြစ်က ပြောဆိုသည်။ ၂၀၂၆ ဇန်နဝါရီတွင်လည်း ကလေးမှ စစ်ယာဉ်တန်းဖြင့် အင်အား ၂၀၀ ကျော် စစ်ကူ ပို့ဆောင်ခဲ့ရာ ချင်းတပ်များက တိုက်ခိုက်ခဲ့ပြီး အရာရှိအပါအဝင် သေဆုံး၊ ထိခိုက်မှုများ ရှိခဲ့ကြောင်း ချင်းညီနောင်သတင်းရင်းမြစ်များက ဆိုသည်။ ဖလမ်းမြို့နယ်သည် ချင်းပြည်နယ်မြောက်ပိုင်း ဗျူဟာအရ အရေးပါသော နေရာဖြစ်ပြီး စစ်ကောင်စီ၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီချိုးချွေတာရေးအတွက် ကားနံပါတ်ပြားအလိုက် မောင်းနှင်ခွင့် ကန့်သတ်

မတ် ၄
The Kaladan Post
ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများနှင့် လောင်စာဆီတင် သွင်းရေးလမ်းကြောင်းများတွင် အဟန့်အတားများ ဖြစ်ပေါ်နေသဖြင့် စက်သုံးဆီ ဖူလုံမှုရှိစေရန်နှင့် ချွေတာရေးအတွက် စစ်ကောင်စီက အမိန့်ထုတ်ပြန်လိုက်ကြောင်း စစ်တပ်ပိုင်မီဒီယာများက ဖော်ပြကြသည်။ လာမည့် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှ စတင်ကာ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် နံပါတ်ပြားအလိုက် စည်းကမ်း သတ်မှတ်ချက်များနှင့် အညီမောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။ “စုံ” ရက်များ (စုံဂဏန်းနှင့် အဆုံး သတ်သော နံပါတ်ပြားများ၊ ဥပမာ ၂၊ ၄၊ ၆၊ ၈၊ ၀ ဖြင့်အဆုံးသတ်သော ယာဉ်များ) သာ မောင်းနှင် ခွင့်ရှိမည်။ “မ” ရက်များ (မ ဂဏန်းနှင့်အဆုံးသတ်သော နံပါတ်ပြားများ၊ ဥပမာ ၁၊ ၃၊ ၅၊ ၇၊ ၉ ဖြင့်အဆုံးသတ်သော ယာဉ်များ) သာ မောင်းနှင်ခွင့်ရှိမည်ဟု ဖော်ပြထားသည်။ သို့သော် လျှပ်စစ်ကားများ (EV မော်တော်ယာဉ်များ) နှင့် EV ဆိုင်ကယ်များကို နေ့စဉ်မောင်းနှင်ခွင့်ပြုထားသည့် အပြင် အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ ဆီသယ်ယူပို့ဆောင်ရေး ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေး ယာဉ်များ၊ လူနာတင်ယာဉ် များနှင့် နိဗ္ဗာန်ယာဉ်များ အပါအဝင် စည်ပင်အမှိုက်သိမ်းယာဉ် ယာဉ်အမျိုးအစားများကို နေ့စဉ် မောင်းနှင်အသုံးပြုခွင့်ရှိမည်ဖြစ်ထားကြောင်း သိရသည်။ အဆိုပါ စည်းကမ်းများကို ထပ်မံ ထုတ်ပြန်ချက်မရှိသမျှ ကာလပတ်လုံး အတည်ဖြစ်မည်ဖြစ်ပြီး ဖောက်ဖျက်ပါက တည်ဆဲဥပဒေများ အတိုင်း အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စက်သုံးဆီ လုပ်ငန်းရှင် များနှင့် အများပြည်သူအနေဖြင့်လည်း ဆီစုဆောင်းခြင်း၊ ဈေးမြှင့်ရောင်းချခြင်း စသည်တို့ကို လုံးဝ မပြုလုပ်ရန် သတိပေးထားသည်။


ဖားဆောင်းမှ မော်ချီးသို့ စစ်တပ်စစ်ကြောင်းထိုးရန်လှုပ်ရှားနေသဖြင့် ပြည်သူများ ကြိုတင် စစ်ရှောင်နေကြ

မတ် ၄
The Kaladan Post
ကရင်နီပြည်၊ ဖေဖော်ဝါရီလ ၁၅ ရက်က ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော စစ်တပ်သည် မော်ချီးဒေသဘက်သို့ ဆက်လက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ဒေသခံပြည်သူများ ကြိုတင် စစ်ဘေးရှောင်နေကြရကြောင်း ကရင်နီသတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ဖားဆောင်းမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက် မှုများလည်း ရှိနေသဖြင့် ဖားဆောင်းမြို့နှင့် မော်ချီးဒေသရှိ အချို့ပြည်သူ စစ်ဘေးရှောင်နေကြရသည်။ IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က စစ်တပ်က အင်အား တစ်ရာနှစ်ခန့် ဖားဆောင်းမှ ထွက်ဖို့ ကြိုးစားနေကြသဖြင့် ဖားဆောင်းနဲ့နီးတဲ့ တစ်ချို့လမ်းပိုင်းက ပြည်သူတွေ ကြိုတင် စစ်ရှောင် နေကြသည်ဟု ပြောကြားသည်။ ထို့ပြင် ဖားဆောင်းမြို့နှင့် မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားသော သံလွင်မြစ်ကူးတံတားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပထမအကြိမ် မိုင်းခွဲဖျက်ဆီးခံရပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ မိုင်းခွဲခံရသည်။ ဒုတိယအကြိမ်တွင် တံတား၏ အနောက်ဖက် ရေလည်တိုင်များ (P-5 နှင့် P-7 အကြား) အရှည် ၃၀၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မော်ချီးဒေသ ထိုးစစ်ဆင်ရေး ပြင်ဆင်မှုများကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှုများ ရှိနေပြီး စစ်ရှောင်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း IEC က ထုတ်ပြန်ထားသည်။

ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စက်ရုံ တိုက်ခိုက်ခဲ့ခံရပြီး အဓိကနေရာ ၃ ခု ပျက်စီး

မတ် ၄
The Kaladan Post
ပဲခူးတိုင်း ပန်းတောင်းတပ်နယ်အတွင်းရှိ စစ်တပ်၏ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ (ကပစ-၁၆) ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စက်ရုံအတွင်း အဓိက အရေးပါသော နေရာ ၃ ခု ထိမှန်ပျက်စီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၁ ရက်နေ့က စတင်ခဲ့သော တိုက်ခိုက်မှုတွင် စက်ရုံဝင်းအတွင်း လက်နက်ကြီး ကျည် ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံ အရေးပါသည့် နေရာများ ထိခိုက်ပျက်စီးဟု သတင်းရင်းမြစ်က ပြောဆိုသည်။ AA ၏ ထိုးစစ်ဆင်မှုများကြောင့် ကပစ-၁၆ စက်ရုံအနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာမှု မြင့်တက်လျက်ရှိပြီး စက်ရုံကို လက်နက်ကြီးဖြင့် လှမ်းပစ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေကာ ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ စစ်တပ်က ဥသျှစ်ပင်၊ ညောင်ကျိုး၊ တောင်ကုတ်ရိုးအထိ လေကြောင်းကင်းထောက်မှုများ တိုးမြှင့်လုပ်ဆောင်နေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။ ထို့ပြင် ကပစ-၁၆ စက်ရုံမှူး ရုရှားပြန် ဗိုလ်မှူးကြီး အောင်မြင့်ထွန်းက စက်ရုံအနီးရှိ မသုန်ကျေးရွာသားများအား ညဘက်တွင် မီးလုံးဝ အသုံးမပြုရန် ညွှန်ကြားထားကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် သတိပေး ထုတ်ပြန်ထားသည်။ လက်ရှိ စစ်ရေးအခြေအနေအရ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်မှာ ကပစ-၁၆ စက်ရုံနှင့် နီးကပ်လာနေပြီဖြစ်ကာ စက်ရုံ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။


တမုတ်ချုံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

မတ် ၄
The Kaladan Post
တနင်္သာရီမြို့နယ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၈ ရက်အတွင်း တမုတ်ချုံကျေးရွာတွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်ဖွဲ့များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၂) က ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲများတွင် မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂)၊ ကော့သောင်းခရိုင်တပ်ရင်း(၁)၊ Dragon Squad ဒရုန်းတပ်ဖွဲ့၊ ADF ဒရုန်းတပ်ဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖနှင့် ကျွန်းစုမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း ဒရုန်းဖြင့် အကြိမ်ရေ များစွာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ၆၀ မမ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်တွင်လည်း ရွာအတွင်း ထိတွေ့တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီဘက်တွင် ထိခိုက်မှုနှင့် အထိနာမှုများ ရှိနိုင်ကြောင်း စစ်ရေးအချက်အလက်များအရ သိရှိရသည်။ တနင်္သာရီဒေသတွင် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများကို ထိန်းချုပ်ရန်နှင့် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ဖလမ်းမြို့နယ် သိုင်းငင်း-ဖလမ်း လမ်းပိုင်း တိုက်ပွဲတွင် စစ်တပ်အရာရှိအပါအဝင် ၃ ဦး သေဆုံး

မတ် ၄
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် သိုင်းငင်း-ဖလမ်း လမ်းပိုင်းတစ်နေရာတွင် မတ်လ ၃ ရက် ညနေပိုင်းက စစ်တပ်စစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လှန်ဇောလ်ကျေးရွာအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ သိုင်းငင်းရွာမှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချင်းပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ကာ ၄ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၄ ရက်တွင်လည်း အဆိုပါ လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထပ်မံ ထိခိုက်သေဆုံးမှုများ ရှိနေသော်လည်း အရေအတွက်အတိအကျ အတည်မပြုရသေးကြောင်း သိရသည်။ လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းသည် လှန်ဇောလ်ကျေးရွာရှိ ဆုတောင်းတောင်ကုန်းပေါ်တွင် အထိုင်ချ နေရာယူထားပြီး ဖြစ်သည်။ သိုင်းငင်း-ဖလမ်း လမ်းပိုင်းတွင် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားလာသူများအနေဖြင့် စစ်ရေးသတိထားရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို ဂရုပြု လိုက်နာရန် လိုအပ်ကြောင်း သတိပေးထားသည်။


မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ပျူစောထီးများ မိုင်းဆွဲခံရ၊ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

မတ် ၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းမပိုင်းတွင် တောပုရွာမှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များက ဆက်ကြေးကောက်ခံနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA က ထုတ်ပြန်သည်။ ယမန်နေ့ ညနေ ၂ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်များ လေးဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦး သေဆုံးခဲ့သည်ဟု Monywa Dynamite – Special Task Force တာဝန်ရှိသူ၏ အတည်ပြု ပြောဆိုသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို မုံရွာနမခဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။ ထို့နောက် အဆိုပါဖြစ်စဉ်အပြီး ညပိုင်းတွင် ပျူစောထီးအဖွဲ့ဝင်များက ကြေးမုံရွာရှိ ပြည်သူနေအိမ်တစ်လုံးမှ ကားတစ်စီးနှင့် ငွေကြေး များကို လုယက်ယူဆောင်ခဲ့ပြီး ပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE.STF ၊ CHINDWIN FIGHTER GROUP.CFG နှင့် MONYWA Special -ဒိတ်ဒိတ်ကြဲ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ရေးအသိ-စစ်ရေးသတိဖြင့် သွားလာကြရန် တော်လှန်တပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ပေါင်းတည်မြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးလာသော စစ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

မတ် ၄
The Kaladan Post
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဒေသခံပြည်သူ ၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ခမရ ၁၀ တပ်သို့ ပို့ဆောင်ရန် ဆိုင်ကယ် ၅ စီးဖြင့် ထွက်လာသော စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF-၃၆၀၁ တပ်ရင်းက ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီ ၅၀ မိနစ်ခန့်က အဂ္ဂရာပြည့်ကွက်သစ်၊ ကုန်းဆင်းရွာတွင် အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်း က ပြည်သူ ၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး၊ ထိုသူများကို တပ်အတွင်းသို့ ပြန်ခေါ်ဆောင်ရန် ဆိုင်ကယ် ဖြင့် ထွက်လာစဉ် ပြည်ခရိုင် တပ်ရင်း ၁ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့က ပူးပေါင်း၍ မိုင်းကွင်း ၂ ကွင်း ဆင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ တစ်ဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။