ဇွန် ၇
The Kaladan Post

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး ပြည်သူများသည် စစ်ကောင်စီ၏ ဝန်ဆောင်မှုများကို ငြင်းပယ်ခြင်းဖြင့် အာဏာရှင်စနစ်ဆန့်ကျင်မှုသည်လည်း နည်းလမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ အဆိုပါ ဖြစ်စဉ်သည် ကျေးလက်ဒေသအလယ်လုံးအား အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့သည့် ချင်းတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများသည် စစ်ကောင်စီ ဝန်ဆောင်မှုများကို ရပ်တန့်စေခြင်းဖြင့် စစ်အာဏာရှင်စနစ် တရားမဝင်မှုကို ထိထိရောက်ရောက် အသုံးပြုနိုင်ကြသည်။ သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီအား ထိရောက်စွာ တိုက်ခိုက်နိုင်မှုအားနည်းခြင်းကြောင့် တော်လှန်ရေး လေးနှစ်ကျော်ကြာလာချိန်တွင် ချင်းပြည်နယ်အတွင်းရှိ ရွာချင်းဆက်လမ်းမများ၊ မြို့ချင်းဆက်လမ်းများနှင့် အဓိက ချင်းပြည်နယ်ပြင်ပ ကုန်သွယ်ရေးလမ်းမကြီး တချို့အပါအဝင် သည်လည်း ကြီးကြီးမားမား ပျက်စီးမှုရှိလာပြီး ရွာသူရွာသားများ မြို့ပေါ် ခရီးသွားခြင်း၊ ချင်းပြည်နယ်မှ ချင်းပြည်ပြင်ပသို့ သွားခြင်းများ အားလုံးနီးပါးရပ်တန့်သည်အထိ သက်ရောက်မှု ရှိလာသည်။ ထို့အပြင် နှစ်စဉ် မိုးရာသီတွင် တိုင်းပြည်ပုံမှန်အခြေအနေမှာတင် ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲလေ့ရှိပြီး လက်ရှိအချိန်တွင် ပိုမိုဆိုးရွားသော အနေအထားနှင့် ကြုံတွေ့နေကြောင်း ဒေသခံများကပြောကြသည်။ ထိုကြောင့် ချင်းပြည်အတွင်းရှိ ဒေသန္တရအုပ်ချုပ်ရေးအသီးသီးမှ ချင်းပြည်သူများ မိုးတွင်း လမ်းပန်းဆက်သွယ်ရေး ထိန်းသိမ်းမှုအတွက် လိုအပ်သော ညွှန်ကြားချက်များ လုပ်ဆောင်လာကြသည်ဟု သိရှိရပါသည်။ ထိုသို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာမှု ခြေအနေနှင့် စပ်လျဉ်း၍ ချင်းပြည်နယ် အလယ်ပိုင်းရှိ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တစ်ခုတွင် အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသူတစ်ဦးမှ The Kaladan Post သို့ “ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုနှစ် ၂၀၂၅ ခုနှစ် မိုးတွင်းလမ်းများ ထိန်းသိမ်းနိုင်ရေး အတွက် တချို့နေရာများကိုပြင်ဆင်ပြီးဖြစ်ပြီး ကျန်ရှိသေးတဲ့နေရာများကို ကာကွယ်နိုင်ဖို့ ရေမြောင်းများကို ကြိုတင်တူးဖော်ထားရန် လမ်းညွှန်ချက်များပေးထားပြီးဖြစ်ကြောင်း” ပြောဆိုသည်။

ထို့အပြင် ပြည်သူများအနေဖြင့် လမ်းပျက်စီးမှု သို့မဟုတ် ရေလျှံမှုများတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ အမြန်ဆုံးအကြောင်းကြားပေးရန်နှင့် မိုးရေကြောင့် လမ်းပိတ်ဆို့မှု သို့မဟုတ် ပျက်စီးမှုများဖြစ်ပေါ်ပါက ပြည်သူများ သွားလာရေးအဆင်ပြေစေရန် အရေးပေါ်လမ်းပန်းဆက်သွယ်ရေးအစီအစဉ်များ ချမှတ်ထားပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။ လက်ရှိအချိန်တွင် ချင်းပြည်နယ် နေရာအနှံ့တွင် မိုးရာသီအတွင်း လမ်းများပျက်စီးပြီး အရေးပေါ်လမ်းပြင်ဆင်ရန် ခက်ခဲပါက ပြည်သူများအတွက် ရှေ့ရှုကာ ဆိုင်ကယ်လမ်းကြောင်းများနှင့် လူသွားလမ်းများကို ယာယီဖောက်လုပ်ပေးကာ လမ်းပိတ်ဆို့မှုများကို ဖြေရှင်းခြင်းဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် စီမံဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဒေသအလိုက် တာဝန်ရှိသူများနှင့်ပြည်သူများ ပူးပေါင်းကာ ဖြေရှင်းလျက်ရှိကြကြောင်း သိရှိရပါသည်။ ဒေသန္တရအုပ်ချုပ်ရေးတစ်ခုတွင် တာဝန်ရှိသူတစ်ဦးက The Kaladan Post ထံ လမ်းပန်းဆက်သွယ်ရေး ထိန်းသိမ်းမှုများနှင့် ပတ်သက်ပြီး ရှင်းပြရာတွင် “လမ်းများထိန်းသိမ်း ပြုပြင်ရန်အတွက် ရှိပြီးသားဘတ်ဂျက် ခွဲဝေမှုနှင့် လုပ်ငန်းစဉ်များ ကြိုတင်ရေးဆွဲထားပြီးဖြစ်တယ်။ လိုအပ်လာပါက ပြည်သူလူထုထံမှ အလှူငွေများကောက်ခံကာ လိုအပ်သည့်လမ်းပြုပြင်မှုများကို အကောင်းဆုံး လုပ်ဆောင်ပေးသွားမည်” ဟုပြောဆိုသည်။