၁။ KIA နှင့်ပူးပေါင်းတပ်ဖွဲ့ ဗန်းမော် စကခ(၂၁) ဌာနချုပ်အတွင်းထိ ဝင်ရောက်တိုက်ခိုက်
——————————————————————
မေ ၁၀
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်မှစ၍ ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိသည်။ မေလ ၁၀ ရက်တွင် ၎င်းတပ်ဖွဲ့များသည် ဌာနချုပ်အတွင်းထိ ဝင်ရောက်တိုက်ခိုက်နေပြီး ကာကင်းစခန်းအချို့ကို သိမ်းပိုက်ထား နိုင်သည်။ တိုက်ပွဲများသည် တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ခုခံနေသော်လည်း ဌာနချုပ်မှာ မကြာမီ လက်လွှတ်ရနိုင်သည်ဟု KIA နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
၂။ မြိတ်မှ ကျွန်းစုသို့လာသော အမြန်ရေယာဉ်ကို စစ်တပ်ဖမ်းဆီး၊ လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ
——————————————————————–
မေ ၁၀
The Kaladan Post
တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ကျွန်းစုမြို့နယ်သို့ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက် ညနေ ၄ နာရီခန့်တွင် လာရောက်သော အမြန်ရေယာဉ်တစ်စီးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၎င်းယာဉ်ပေါ်ရှိ အမျိုးသားလူငယ် ၂၀ ကျော်ကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့သည်။ ယာဉ်ပေါ်ပါ လူဦးရေ ၆၀ ခန့်အနက် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားများကို ဗလာမပါသော မဲနှိုက်စနစ်ဖြင့် စစ်မှုထမ်းရန် ရွေးချယ်ကာ ဆေးစစ်ခြင်းနှင့် ဖောင်ဖြည့်ခိုင်းနေသည်။ ထို့ပြင် ဝါရစ်ကျေးရွာအနီးရှိ ကျေးရွာများမှ လူငယ်များကို တစ်ရွာလျှင် ၄ ဦးနှုန်း စစ်မှုထမ်းရန် တောင်းခံပြီး မပေးပို့ပါက ပေါ်တာဆွဲဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်နေသဖြင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားကြောင်းသိရသည်။
၃။ ပလက်ဝမြို့နယ် ဆမီးဒေသတွင် IKACC/PC ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ
—————————————————————-
မေ ၁၀
The Kaladan Post
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ဆမီးဒေသတွင် ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) နှင့် ပလက်ဝကောင်စီ (PC) တို့မှ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်တင်မြှောက်ခြင်းနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ခူမီးမီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။ တွေ့ဆုံပွဲတွင် IKACC/PC ၏ တတိယအကြိမ်ညီလာခံမှ အတည်ပြုထားသော ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းများ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် ဘဏ္ဍာရေးမူဝါဒများကို ရှင်းလင်းဆွေးနွေးပြီး ၂၀၂၅-၂၀၂၇ သက်တမ်းအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းအတည်ပြုခဲ့သည်။ ဆမီး၊ မီးဇာ၊ ပလက်ဝနှင့် သံထောင်ဒေသများတွင် ပြည်သူ့ဝန်ဆောင်မှုများကို ထိရောက်စွာ အကောင်အထည်ဖော်မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဆလိုင်းအောင်လင်းက ပြောကြားကြောင်းနှင့် တွေ့ဆုံပွဲသို့ IKACC ဥက္ကဌ၊ ကောင်စီဝင်များနှင့် ပြည်သူ ၇၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
၄။ ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်း ၄ နှစ်ပြည့်အခမ်းအနားအောင်မြင်စွာကျင်းပ
______________________________________________-
မေ ၁၀
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းသည် ၎င်း၏ တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း PDF Pekhon ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းမှ ရဲဘော် (၁၆) ဦးသည် တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာ အသက် ပေးခဲ့ရပြီး၊ (၁၇) ဦးမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျန်ရှိနေသော ရဲဘော်များအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အခိုင်အမာ သန္နိဋ္ဌာန်ချထားသည် ထုတ်ပြန်ချက်က ဆိုသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းတောင်၊ ဗျူဟာ (၁) ဗျူဟာမှူး ဗိုလ်နေကောင်းမှ တက်ရောက် ကာ အားတက်ဖွယ် မိန့်ခွန်းပြောကြားခဲ့သည့်အပြင် ယခင်ပေးဆပ်မှုများအပေါ် ဂုဏ်ပြုခြင်း၊ တော်လှန်ရေးအောင်မြင်ရန် တပ်ရင်း၏ ပြတ်သားသော သန္နိဋ္ဌာန်ကိုလည်း ထပ်လောင်းအတည် ပြုပြသခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။
၅။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ အပတ်စဉ်(၅) စစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
————————————————————
မေ ၁၀
The Kaladan Post
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ (CDF-Zophei) သည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်တွင် အပတ်စဉ်(၅)ကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း CDF-Zophei ၏ ထုတ်ပြန်ချက်အရသိရသည်။ CDF-Zophei သည် ချင်းလဲန်းကောင်စီ (Chinland Council) ၏ အဖွဲ့ဝင်တစ်ခုဖြစ်ပြီး ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကာကွယ်ရေးအတွက် လုပ်ဆောင်လျက်ရှိသည်။
၆။ သုံးပန်လှကျေးရွာ စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး
————————————————————————
မေ ၁၀
The Kaladan Post
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို မေလ ၁၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကျောင်းသားအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီက မေလ ၆ မှ ၃၁ ရက်အထိ အပစ်ရပ်ကြေညာထားသော်လည်း လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲမှုနှင့် စစ်ကြောင်းထိုးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Chaung U Revolution News – CRN
၇။ စစ်တပ်ပစ်ခတ်မှုကြောင့် လှိုင်ကွယ်ကျေးရွာဆရာတော် ဘဒ္ဒန္တ ဥူးသုဇာတ ပျံလွန်တော်မူ
—————————————————————————
မေ ၁၀
The Kaladan Post
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ကွယ်ကျေးရွာတွင် မေလ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်၏ သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဥူးသုဇာတ သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည်။ စစ်တပ်က KNU နှင့် လက်သုံးချောင်းအဖွဲ့ရှိသည်ဟု ယူဆ၍ ရွာအတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေကြောင့် ဆရာတော်၏ ဈာပနကို အကျဉ်းချုံး ကျင်းပရန် စီစဉ်ထားသည်။ မတ်လမှ မေလအတွင်း ကော့ကရိတ်၊ ကျုံဒိုးနှင့် တောင်ကြာအင်းဒေသများတွင် စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်းများအပါအဝင် အရပ်သား ၂၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ KNLA မဟာမိတ်တပ်များက စစ်ကောင်စီဂိတ်များကို ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
၈။ သာယာဝတီခရိုင်တွင် အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းသူများကို စစ်တပ်က ပစ်ခတ်မည်ဟု ကြေညာ
—————————————————————–
မေ ၁၀
The Kaladan Post
ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှိ မြို့နယ်များတွင် စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများနှင့် ဒေါက်တိုင်များ တော်လှန်ရေးတပ်ဖွဲ့များထံမှ ဆက်တိုက်တိုက်ခိုက်ခံရမှုကြောင့် မေလ ၆ ရက်မှစ၍ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းခြင်းနှင့် အမျိုးသမီးနောက်တွင် အမျိုးသားလိုက်စီးခြင်းကို စစ်ကောင်စီက လုံခြုံရေးအကြောင်းပြု တားမြစ်ကြေညာခဲ့သည်။ ဤစည်းကမ်းချိုးဖောက်သူများကို ပစ်ခတ်ဖမ်းဆီးမည်ဟု စစ်တပ်က ညွှန်ကြားထားသည်။ ၂၀၂၅ ဇန်နဝါရီမှ မတ်လအတွင်း လက်ပံတန်း၊ မင်းလှ၊ အုတ်ဖိုမြို့နယ်များတွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများနှင့် ပျူစောထီးအဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည်။
၉။ စကစ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
———————————————————————–
မေ ၁၀
The Kaladan Post
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် မဝင်းသဇင်ဖြူ အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ မေလ ၅ မှ ၈ ရက်အတွင်း ဆောထိ၊ မူးမြို့နယ်နှင့် သရက်ချိုကျေးရွာများ တွင် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက်နှင့်ဆန့်ကျင်ကာ ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ TNLA က ပြည်သူများအား လေကြောင်းရန်ကာကွယ်ရေး သတိထားရန် တိုက်တွန်းထားသည်။
၁၀။ တနင်္သာရီတိုက်ပွဲတွင် စစ်သား ၂ ဦး KNLA ထံ လက်နက်များနှင့် အလင်းဝင်
————————————————–
မေ ၁၀
The Kaladan Post
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မြိတ်-မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်ခွန်း ကျေးရွာတွင် ၄ လကျော်ကြာ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း ခမရ ၂၂၄ (ဘုတ်ပြင်း) တပ်ရင်းမှ စစ်ကောင်စီတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့သည် MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၉ ခုနှင့် ၅.၅၆ မမ ကျည် ၃၂၈ တောင့်တို့ကို ယူဆောင်ကာ KNLA တပ်ရင်း ၁၁ ထံ ယမန်နေ့ ၉ရက် နေ့က အလင်းဝင်ခဲ့ ကြောင်း ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် အလင်းဝင်လာသူ နှစ်ဦးကို နွေးထွေးစွာ ကြိုဆိုကာ ၎င်းတို့၏ လက်နက်နှင့် ခဲယမ်းယူဆောင်လာမှုအတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။