———————————

၁။ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးကြဲ

——————————————————————-

မေ ၁၇

The Kaladan Post

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပိန္ဒဲပင်-ငလင်ပန်းကျေးရွာသို့ ၂၀၂၅ ခုနှစ် မေလ ၁၅ ရက် ညနေ ၅:၅၀ ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။ ပိန္ဒဲပင်ကျေးရွာတွင် အထိုင်ချနေစဉ် မင်းဘူးခရိုင် အမှတ်-၅ တပ်ရင်း၏ ဒရုန်းလက်ရုံးအဖွဲ့က ဒရုန်းဗုံးသီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိခဲ့သော်လည်း သေဆုံးသူနှင့် ဒဏ်ရာရသူအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဂွေးပင်ဇင်ကျေးရွာတွင် နေအိမ်တစ်လုံးနှင့် ပြည်သူတစ်ဦး၊ စနေချောင်ကျေးရွာတွင် အသက် ၄၀ ခန့်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒေသခံပြည်သူ ၃၀၀၀ ခန့်မှာ ပိန္ဒဲပင်၊ ငလင်ပန်း၊ ဂွေးကုန်း၊ စနေချောင်နှင့် ရွေတွင်းတူးကျေးရွာများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ နယ်မြေခံတော်လှန်ရေးအဖွဲ့များက စုပေါင်းဆောင်ရွက်နေပြီး စစ်ကြောင်းမှာ ဆုတ်ခွာခြင်းမရှိသေးကြောင်း မင်းဘူးခရိုင် အမှတ်-၅ တပ်ရင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

၂။ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများအပေါ် စကစ လေကြောင်း ဗုံးကြဲတိုက်ခိုက်

——————————————————————-

မေ ၁၇

The Kaladan Post

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ခြင်ကိုက်ကွင်း၊ ဘယ်ပြားကုန်း၊ စာစီကုန်းကွင်း၊ ဝါးတောကွင်း၊ ကြက်ပေါင်ကုန်းနှင့် သံပုရာကုန်းရွာများကို အကြမ်းဖက်စစ် တပ်က မေလ ၁၅-၁၆ ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းနှင့် ကွမ်းယာဆိုင်များ မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။ တိကျသော ထိခိုက်မှုအချက်အလက်များကို မြေပြင်အခြေအနေအရ အတည်ပြုရန် ခက်ခဲနေသော်လည်း ဆက်လက်တိုက်ခိုက်မှုများ ကြောင့် ဒေသခံပြည်သူများမှာ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ရသည်။ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများလည်း ထွက်ပြေးနေကြသည်ဟု ဒေသတွင်းသတင်း ရင်းမြစ်များက ဖော်ပြသည်။

၃။ မန္တလေးနှင့် မကွေးတိုင်းတွင် စကစကြောင်းများကို တိုက်ခိုက်မှု

———————————————————–

မေ ၁၇

The Kaladan Post

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ မေလ ၁၀ ရက်က ကျောက်အိုးလေးကျေးရွာအနီး တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏စခန်းကို မီးရှို့ဖျက်ဆီးခံရသည်။ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာတွင် စစ်တပ်ကို ရော့ကတ်နှင့် မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့သည်။ မေလ ၁၄ နှင့် ၁၆ ရက်တို့တွင် Cobra One Pakokku အပါအဝင် ဒေသခံတပ်ဖွဲ့များက ရော့ကတ်ပစ်ခတ်မှုနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။ စစ်တပ်ထွက်ခွာသည့် မေလ ၁၆ ရက်တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးထပ်မံ သေဆုံးခဲ့သည်။

တိုက်ခိုက်မှုများကို ပခုက္ကူခရိုင် ပကဖ-ခွဲ-၅ ဧရာဒေါင်းတပ်ဖွဲ့၊ PLO တပ်ဖွဲ့နှင့် COBRA ONE Pakokku တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ သည်။

၄။ ပါမောက္ခဒေါက်တာခင်မောင်လွင် NUG ကျန်းမာရေးဒုဝန်ကြီးအဖြစ်ခန့်အပ်

———————————————————————–

မေ ၁၇

The Kaladan Post

မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် မေလ ၁၆ တွင် ခန့်အပ်လိုက်သည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၁ တွင် စစ်ကောင်စီ၏ ဖမ်းဆီးရန်ကြိုးပမ်းမှုမှ မိသားစုနှင့် တက္ကသိုလ်အသိုင်းအဝိုင်း၏ အကူအညီဖြင့် လွတ်မြောက်ခဲ့သည်။ ၁၉၈၇ ခုနှစ်မှစ၍ ဆေးပညာဘွဲ့များ (M.B,B.S, F.R.C.S, Dr.Med.Sc) ရရှိခဲ့ပြီး မန္တလေးအထွေထွေဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ COVID-19 ကာလတွင်လည်း ကိုဗစ်ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့သည်။ လက်ရှိတွင် လွတ်မြောက်နယ်မြေမှ တော်လှန်ရေးလုပ်ငန်းများကို ဦးဆောင်ရင်း NUG ၏ ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည်

၅။ စစ်သုံ့ပန်းမိသားစု ၂၂၅ ဦးကို အာရက္ခတပ်တော်က လူသားချင်းစာနာမှုဖြင့် ပြန်လွှတ်ပေး

———————————————————————————–

မေ ၁၇

The Kaladan Post

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း (၂၀၂၄ ဖေဖော်ဝါရီ ၆) ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သားမိသားစုဝင် ၂၂၅ ဦးကို အာရက္ခတပ်တော် (AA) က မေလ ၁၆ တွင် ဒုတိယအကြိမ်အဖြစ် လွှတ်ပေးခဲ့သည်။ လွှတ်ပေးသူများတွင် အမျိုးသမီး ၉၅ ဦးနှင့် ကလေးငယ် ၁၃၀ ဦး ပါဝင်ပြီး ၎င်းတို့အား စစ်သုံ့ပန်းဥပဒေနှင့်အညီ ကျွေးမွေးစောင့်ရှောက်ပြီး မိသားစုများထံ အပ်နှံခဲ့သည်။ ဧပြီလ ၁၃ ရက်တွင်လည်း AA က စစ်သုံ့ပန်းမိသားစု ၁၇၀ ဦးကို ပထမအကြိမ်လွှတ်ပေးခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ လုပ်ရပ်အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

၆။ စစ်မှုထမ်းတပ်သားသစ် ၂ ဦး သေနတ်အပြည့်အစုံနှင့် LPF ထံ အလင်းဝင်

——————————————————————–

မေ ၁၇

The Kaladan Post

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ် ရန်ရှင်းနှင့် သူရဝင်း တို့ ၂ ဦးသည် သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၀၀ နှင့်အတူ မေလ ၄ ရက်တွင် Launglone Peninsula Force (LPF) ထံ အလင်းဝင်ခဲ့သည်။ ၎င်းတို့သည် ထိုင်းနှင့် ပဲခူးတို့တွင် အဖမ်းခံရပြီး စစ်မှုထမ်းအဖြစ် စစ်ထဲရောက်လာသူများဖြစ်သည်။ LPF က ၎င်းတို့အား ဂုဏ်ပြုဆုငွေ သိန်း ၄၀ (သေနတ်ပါသူ) နှင့် သိန်း ၁၀ (သေနတ်မပါသူ) ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ရန် စီစဉ်ပေးနေသည်။ LPF သည် အလင်းဝင်လိုသူများကို အမြဲကြိုဆိုနေကြောင်း ပြောကြားသည်။