_______________________________________
၁။ စကစလေကြောင်းတိုက်ခိုက်မှုကြောင့် အပစ်မဲ့ပြည်သူ ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား
——————————————————————————–
မေ ၁၉
The Kaladan Post
၂၀၂၅ခုနှစ်၊ မေလ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများထဲတွင် လက်ပြတ်၊ ခြေပြတ်ဒဏ်ရာများအပါအဝင် အရေးပေါ်ဆေးကုသမှုလိုအပ်နေသူများရှိကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးလုပ်ကိုင်သူများက ပြောသည်။
ကန်ဆင့်ကျေးရွာသည် လက်ရှိတိုက်ပွဲများနှင့် ဝေးကွာသော်လည်း စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ လက်ရှိတွင်လည်း တံတားဦးလေတပ်စခန်းမှ လေယာဉ်များ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များဘက်သို့ ပျံသန်းနေပြီး နေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
၂။ ဇနီးသည်အား ဓါးခုတ်သတ်သည့် တရားခံ NUG သို့ လွှဲပြောင်းမည်
—————————————————————
မေ ၁၉
The Kaladan Post
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီးရှိ နေအိမ်တစ်ခုတွင် ဇနီးဖြစ်သူ မပူတူးကို လင်ဖြစ်သူ မိုးသဲက ၁၇၅.၂၀၂၅ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ရက်ရက်စက်စက် ပိုင်းဖြတ်ခုတ်သတ်ပြီး ထွက်ပြေးခဲ့သည်။ ဒေသခံများနှင့် မိသားစုများ၏ အကူအညီတောင်းခံမှုအရ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က ပိုက်စိပ်တိုက် တောနင်းရှာဖွေခဲ့ပြီး ထိုနေ့ မွန်းလွဲ ၅ နာရီခန့်တွင် လူသတ်တရားခံ မိုးသဲကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိထားသည့် မိုးသဲအား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် စစ်ဒေသတာဝန်ရှိသူများမှတစ်ဆင့် NUG တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း တပ်ခွဲ ၅ က ထုတ်ပြန် အသိပေးထားသည်။
၃။ ပဲခူးရှိ စကစရှေ့ကင်းစခန်းကို သိမ်းပိုက်ဖျက်ဆီးပြီး လက်နက်များသိမ်းဆည်း
————————————————————————
မေ ၁၉
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်၊ နံနက် ၂:၃၀ ဝန်းကျင်တွင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇောင်းတူတိုက်နယ်၊ ဇီးတောကျေးရွာအနီးရှိ စစ်ကောင်စီရှေ့ကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်သား ၂၀ ကျော်နှင့် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်သားများ ထွက်ပြေးသွားခဲ့သည်။ ဒေသကာကွယ်ရေးအဖွဲ့က စခန်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် သေနတ်မျိုးစုံ ၁၄ လက်၊ ကျည် ၁၀၀၀ ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းနိုင်ခဲ့သည်။ ဤအချက်အလက်များကို မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့် နီးစပ်သူများထံမှ ရရှိခဲ့သည်။
၄။ KNLA ပူးပေါင်းတပ်များ၏ မော်ဖိုးကေစစ်စခန်းအား တိုက်ခိုက်မှုကြောင့် ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ပြေး
————————————————————————
မေ ၁၉
The Kaladan Post
ထိုင်း-မြန်မာနယ်စပ်အနီးရှိ မြန်မာစစ်ကောင်စီ၏ မော်ဖိုးကေစစ်တပ်စခန်းကို မေလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)နှင့် KNDO (ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့) ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်။ ဤတိုက်ခိုက်မှုတွင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပါဝင်ပြီး အနီးအနားရှိ ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်သည် သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။
၅။ အကျဉ်းထောင်များတွင် ဘတ်ဂျက်နည်းပါးမှုကြောင့် အကျဉ်းသားများ အာဟာရချို့တဲ့
——————————————————————————-
မေ ၁၉
The Kaladan Post
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ဘတ်ဂျက်ငွေ နည်းပါးမှုကြောင့် အကျဉ်းသားများအတွက် အစားအသောက်ခွဲတမ်း လျှော့ချခံရပြီး အာဟာရချို့တဲ့မှုနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နေသည်။
အစားအသောက်မှာ ထမင်းနှင့် ပဲဟင်းအရည်ကြည်သာ အဓိကပါဝင်ပြီး အသားနှင့် ကြက်ဥ လုံးဝနီးပါး မပါရှိသဖြင့် အကျဉ်းသားများတွင် “တုတ်ဆွဲ” ဝေဒနာ (ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်ခြင်း) စသည့် ကျန်းမာရေးပြဿနာများ များပြားလာသည်။ မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းသား ၁၅% (၂၀၀ ဦးအထက်) သည် “တုတ်ဆွဲ” ဝေဒနာနှင့် ကိုယ်ခံအားချိနဲ့မှု ခံစားနေရသည်။မိတ္ထီလာ၊ မန္တလေး၊ လွိုင်ကော်နှင့် ပုသိမ်စသည့် အကျဉ်းထောင်များတွင် အစားအသောက် အရည်အသွေး ညံ့ဖျင်းပြီး သန့်ရှင်းမှု မရှိသဖြင့် စားသုံးရန် မသင့်တော်သည့် အခြေအနေ ဖြစ်ပေါ်နေသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြည်သူများအား ထောင်ဝင်စာပါဆယ်များ ပေးပို့ရန်နှင့် NUG Pay နှင့် SDB ဘဏ်အကောင့်များမှတစ်ဆင့် ထောက်ပံ့ကူညီရန် တိုက်တွန်းထားသည်။
ဤအခြေအနေသည် အကျဉ်းသားများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးအတွက် အရေးတကြီး အာရုံစိုက်ဖြေရှင်းရန် လိုအပ်ကြောင်း PPNM က ထုတ်ဖော်ပြောကြားထားသည်။
၆။ ပေါင်းတည်မြို့နယ်တွင် စကစစစ်ကူစစ်ကြောင်းအား တိုက်ခိုက်ချေမှုန်း
—————————————————————–
မေ ၁၉
The Kaladan Post
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် မေလ ၁၇ ရက် မနက် ၇:၃၀ ခန့်က ဝဲကြီးဆည်ဘောင်မှ သိမ်ကုန်းတာဝါတိုင်စခန်းသို့ အင်အားဖြည့်ရန် ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃၆၀၁ နှင့် ၃၆၀၂ တို့က ပိန်းသိုက်စမ်း အနီးတွင် Sniper၊ လက်နက်ငယ်နှင့် ၄၀ မမ လက်နက်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲသည် မနက် ၇:၀၀ မှ ညနေ ၅:၀၀ ခန့်ထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ဒဏ်ရာရသူများရှိခဲ့သည်။ PDF တပ်ဖွဲ့များက စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်။ စစ်ကောင်စီဘက်က သေဆုံးသူများနှင့် ဒဏ်ရာရသူများကို သိမ်ကုန်းစခန်းသို့ ပို့ဆောင်ခဲ့ပြီး မေလ ၁၈ ရက်တွင် သေဆုံးသူများကို သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
၇။ မင်းလှမြို့နယ်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုနှင့် ငွေကြေးတောင်းယူမှု ဆက်လက်ဖြစ်ပေါ်
————————————————————————
မေ ၁၉
The Kaladan Post
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကိုအောင်ချိုသူ (အုန်းနှဲချောင်းကျေးရွာ) နှင့် ကိုချမ်းမြေ့ (ကုလားစုကျေးရွာ) တို့ကို စစ်တပ်နှင့် ရဲများက မင်းလှမြို့မှ အိုးသည်ကုန်းသို့ ဆက်သွယ်ထားသည့် လမ်းရှိ မဟာဇေရုံဘုန်းကြီးကျောင်းရှေ့ ဂိတ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို စစ်မှုထမ်းရန် ဖမ်းဆီးခြင်းဖြစ်ပြီး မိသားစုများက လစဉ် စစ်မှုထမ်းကြေး သိန်းသောင်းချီ ပေးထားကြောင်း စစ်တပ်ကို အသိပေးခဲ့သော်လည်း စစ်တပ်က ငွေကြေးပေးခြင်းမသက်ဆိုင်ဟုဆိုကာ ၎င်းတို့ကို ပြန်မလွှတ်ဘဲ စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်ခဲ့သည်။ မင်းလှမြို့နယ်တွင် စစ်တပ်သည် ကျေးရွာများမှ လစဉ် ငွေကျပ် သိန်း ၅၀ မှ ၁၀၀ အထိ တောင်းယူနေပြီး အိမ်ထောင်စုများက အနည်းဆုံး ငွေကျပ် ၃ သောင်းထည့်ဝင်နေရသည်။ သို့သော် ဤငွေပေးချေမှုများသည် ဖမ်းဆီးမှုများကို မတားဆီးနိုင်ဟု ဒေသခံများက မေးခွန်းထုတ်နေသည်။
၈။ စာသင်ကျောင်းများတွင် တပ်ဖွဲ့အနေဖြင့် ဝင်ရောက်စွန့်ဖက်ခြင်းမပြုရန် အသိပေးထုတ်ပြန်
———————————————————————————-
မေ ၁၉
The Kaladan Post
ချင်းကာကွယ်ရေးတပ်-အရှိုသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ တောင်ပေါ်နှင့် မြေပြန့်ဒေသကျေးရွာများတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးသည်။ ကျောင်းဆရာ/ဆရာမများအား ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပညာသင်ကြားမှုကို ဝင်ရောက်စွက်ဖက်ခြင်းများ လုံးဝမပြုလုပ်ရန်နှင့် ထိုသို့ပြုလုပ်သူများကို အရေးယူမည်ဟု ကတိပြုထားသည်။ ဆရာ/ဆရာမများအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် လွတ်လပ်စွာ သင်ကြားရန် တိုက်တွန်းထားသည်။ တပ်ဖွဲ့သည် စစ်ရေးပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်ပြီး၊ သစ္စာရှိမှု၊ ဂုဏ်သိက္ခာ၊ ရဲရင့်မှု၊ ရိုးသားမှုတို့ကို အခြေခံသည့် စစ်သည်ကျင့်ဝတ်နှင့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေများကို လိုက်နာကြောင်း ထုတ်ပြန်ထားသည်။
၉။ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၈၀၀ ကျော်ကို ရခိုင်ရှေ့တန်းသို့ စစ်ကောင်စီ ပို့ဆောင်
——————————————————————————
မေ ၁၉
The Kaladan Post
မြန်မာနိုင်ငံတစ်ဝန်းမှ စစ်မှုထမ်းအပတ်စဉ် ၁၀ သင်တန်းဆင်း တပ်သားသစ် ၈၀၀ ကျော်ကို စစ်ကောင်စီက မေလ ၇ ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ အမ်းနှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ရှေ့တန်းစစ်မြေပြင်များသို့ သင်္ဘော၊ လေယာဉ်နှင့် စစ်ကားများဖြင့် ပို့ဆောင်ခဲ့သည်။ အထူးသဖြင့် တောင်ငူ အမှတ် ၆ လေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်သားများနှင့် ငဖဲတပ်နယ်သို့ တပ်သားသစ် ၃၀၀ ကျော်ပါဝင်သည်။ တပ်သားသစ်များကို ကြိုတင်အသိမပေးဘဲ ပို့ဆောင်ခဲ့ပြီး ရခိုင်ရှေ့တန်းတွင် AA နှင့် တိုက်ခိုက်ရမည်ကို ရောက်မှသိရသည်။ တပ်သားအများစုက တိုက်ပွဲများတွင် ပါဝင်လိုစိတ်မရှိဘဲ မိသားစုများထံ ဆက်သွယ်ကာ အလင်းဝင်ရန် နည်းလမ်းများနှင့် ဖုန်းနံပါတ်များ တောင်းခံနေကြသည်။ စစ်ကောင်စီက သင်တန်းဆင်းတပ်သားသစ်များအား ရှေ့တန်းသို့သာ ခွဲတမ်းစေလွှတ်ပြီး နောက်တန်းလုံခြုံရေးအတွက် အသုံးပြုမှု အနည်းငယ်သာရှိကြောင်း တပ်သတင်းရင်း မြစ်များက ဖော်ပြသည်။
၁၀။ ဒုရဲအုပ်နှင့် ရဲတပ်သားတို့ကို တိုက်ခိုက်မှု သေနတ် ၂ လက်သိမ်းဆည်းရရှိ
——————————————————————–
မေ ၁၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးသိပ္ပံတက္ကသိုလ်ရှိ စစ်တပ်စခန်းမှ ပန်းရံပျူစောထီးကျေးရွာသို့ မေလ ၁၅ ရက် နံနက်တွင် ထွက်လာသည့် ဒုရဲအုပ်နှင့် ရဲတပ်သားတို့ကို ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းနှင့် နယ်မြေခံပကဖအဖွဲ့တို့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ၎င်းတို့ ၂ ဦးလုံးသေဆုံးပြီး ၃၅ ဗို့ခြောက်လုံးပြူးသေနတ် ၁ လက်နှင့် G-3 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း No.4 Battalion, People’s Defense Force, Shwebo District မှ တာဝန်ရှိသူက ပြောကြားသည်။
၁၁။ စကစ ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ပြည်သူများ အန္တရာယ်ကြုံနေရ
—————————————————————————-
မေ ၁၉
The Kaladan Post
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံနှင့် သဖန်းဇင်ကျေးရွာများအကြား အများပြည်သူသုံးလမ်းပေါ်တွင် စစ်တပ်က M-2 အမျိုးအစား မြေမြှုပ်မိုင်းအလုံး ၇၀ ခန့်ထောင်ထားခဲ့ရာ၊ မေလ ၁၈ ရက်တွင် ဒေသအခြေစိုက်တပ်ရင်းများနှင့် ပကဖအဖွဲ့များက မိုင်း ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်းခဲ့သည်။ သို့သော် ကျန်မိုင်းများကြောင့် ဒေသခံများအတွက် အန္တရာယ်ဖြစ်နေပြီး ခရီးသွားလာရာတွင် သတိကြီးကြီးထားရန် တိုက်တွန်းထားသည်။ စစ်တပ်၏ မိုင်းထောင်မှုကြောင့် ပြည်သူများ သေဆုံးမှု၊ ဒဏ်ရာရမှုနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ဥပမာအနေဖြင့် မတ်လ ၆ ရက်က ၁၂ နှစ်အရွယ် ကျောင်းသားတစ်ဦး မိုင်းထိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရသည်။ ဒေသခံများအနေဖြင့် စစ်ဘေးရှောင်နေရပြီး မိုင်းရှင်းလင်းရေးအတွက် PDF အဖွဲ့များထံ အကူအညီတောင်းခံနေရသည်။