________________________________-
၁။ ရှဲဆန်သတ္တုကုမ္ပဏီကို စကစ လေယာဉ်ဖြင့် ဗုံးကြဲ
————————————————
မေ ၂၀
The Kaladan Post
၂၀၂၅ ခုနှစ် မေလ ၁၁ ရက် မွန်းလွဲ ၁၂:၃၀ ခန့်တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ရှဲဆန်သတ္တုကုမ္ပဏီကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ ဘတ်ဖိုး ၁ စီး၊ သတ္တုထုတ်စက် ၁ လုံး၊ ဂိုဒေါင် ၁ လုံးနှင့် အခြားပစ္စည်းများ ပျက်စီးခဲ့ပြီး တရုတ်ယွမ် ၁၆.၈ သန်းတန်ဖိုး ဆုံးရှုံးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ထို့ပြင် မေလ ၁၈ ရက် ညနေ ၅:၃၀ ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီးကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ မေလ ၆ မှ ၃၁ ရက်အထိ အပစ်ရပ်ကာလရှိသော်လည်း စစ်ကောင်စီတပ်သည် PSLF/TNLA အုပ်ချုပ်သော နယ်မြေများကို မြေပြင်ထိုးစစ်၊ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်တိုက်ခိုက်နေသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိထားရန် PSLF/TNLA က နှိုးဆော်ထားသည်။
၂။ ချေးငွေထုတ်ပေးသော်လည်းအလုပ်မဖြစ်ဟုမင်းအောင်လှိုင်ပြော
————————————————————-
မေ ၂၀
The Kaladan Post
၂၀၂၅ ခုနှစ် မေလ ၁၉ ရက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးတစ်ခုတွင် တိုင်းနှင့်ပြည်နယ်အလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေးထားသော်လည်း အောင်မြင်မှုမရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ၎င်းက ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်း အမြစ်ရှိသော်လည်း လုပ်ငန်းများ အလုပ်မဖြစ်သဖြင့် ဝင်ငွေနည်းပါးပြီး ဆီထွက်သီးနှံများ အထွက်နှုန်းအားနည်းကာ ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် လျော့နည်းခဲ့သည်ဟု ထောက်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စီမံဘဏ္ဍာဝန်ကြီးဌာနက ကျပ် ၄၀၀ ဘီလီယံချေးငွေကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ပေးခဲ့သော်လည်း ရည်မှန်းချက်များ မပြည့်မီကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် NLD အစိုးရလက်ထက် သဘာဝဘေးရန်ပုံငွေများကို ဥပဒေမညီသည့်နည်းဖြင့် စီးပွားရေးလုပ်ငန်းများအတွက် ထုတ်ချေးခဲ့သည်ဟု စွပ်စွဲပြစ်တင်ခဲ့သည်။
၃။ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးပစ်သတ်ပြီး ၂၀ ကျော်လူသားဒိုင်းအဖြစ်ဖမ်းဆီး
—————————————————————————-
မေ ၂၀
The Kaladan Post
၂၀၂၅ ခုနှစ် မေလ ၁၇ ရက် နံနက် ၅ နာရီခန့်မှစတင်ကာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျောက်ခွက်နှင့် ထန်းတောကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် ခဲ့သည်။ ကျောက်ဆွယ်ရွာရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထန်းတောရွာမှ ကိုကျော်ဝင်းနှင့် ကျောက်ခွက်ရွာမှ ကိုစံလှိုင်ထွန်းတို့ကို ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ စစ်ကောင်စီတပ်သည် ကျောက်ခွက်ရွာ ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးများ တပ်ဆင်ထားပြီး ပြည်သူ ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ မေလ ၁၉ ရက်တွင် ၎င်းတို့ထဲမှ ၂၀ ဦးခန့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိပြည်သူများကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျောက်ခွက်ရွာတွင် တပ်စွဲထားပြီး အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။
၄။ KIA ပူးပေါင်းတပ်များက စစ်ရဟတ်ယာဉ် ၃ စီးအနက် ၂ စီးကို ပစ်ချ
—————————————————————
မေ ၂၀
The Kaladan Post
၂၀၂၅ ခုနှစ် မေလ ၂၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စကခ ၂၁ သို့ စစ်ကူအင်အားဖြည့်တင်ရန် လာဆင်းသည့် စစ်ကောင်စီရဟတ်ယာဉ် ၃ စီးကို KIA ပူးပေါင်းတပ်များက ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့အနီး ၁၅ မိုင်အကွာတွင် ပျက်ကျမီးလောင်သွားပြီး နောက်ထပ် ၁ စီးမှာ ထိမှန်ကာ ရွှေကူတွင် အရေးပေါ်ဆင်းသက်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့ကြောင်းသိရသည်။ ဗန်းမော်မြို့ သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှစတင်ခဲ့ပြီး ၅ လကျော်ကြာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ KIA သည် ယခင်ကလည်း ၂၀၂၁ ခုနှစ်တွင် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၊ ၂၀၂၄ ခုနှစ်တွင် Mi-17 ရဟတ်ယာဉ်တစ်စီးနှင့် FTC 2000 G တိုက်လေယာဉ်တစ်စီးတို့ကို ပစ်ချခဲ့ဖူးသည်။
၅။ ကျောင်းများအားလုံးပြန်ဖွင့်ရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ပြော
————————————————————————-
မေ ၂၀
The Kaladan Post
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပညာတတ်လူသားအရင်းအမြစ်များ မဖြစ်မနေ ဖော်ဆောင်ရန်နှင့် ရေရှည်အနာဂတ်အတွက် စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း မေ ၁၉ ရက်တွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုသည်။ ကျောင်းများပြန်ဖွင့်ရန် ကျောင်းအပ်နှံရေးကို မေ ၂၂ ရက် တွင် စတင်ပြီဖြစ်ကာ တာဝန်ရှိသူ များအား ကျောင်းအားလုံးဖွင့်လှစ်နိုင်ရေး မှာကြားထားသည်။ သို့သော်စစ်ကောင်စီသည် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်ပြောဆိုသော်လည်း ပြည်သူများနှင့် စာသင် ကျောင်းများကို လေကြောင်းမှ ပစ်မှတ်ထားဆက်လက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
၆။ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်
——————————————————–
မေ ၂၀
The Kaladana Post
၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်တွင် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် ခ.မ.ရ (၄၃၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား ချစ်ကို (ကိုယ်ပိုင်အမှတ်/ပစ-၁၄၀၉၅၆) သည် လက်နက် (MA-1 ၁ လက်၊ ကျည် ၁၄၇ တောင့်၊ ကျည်ဘောက် ၃ ခု) နှင့်အတူ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်ရောက်လာခဲ့သည်။
၎င်းသည် မြဝတီမှ အတင်းအဓမ္မစုဆောင်းခံရသူဖြစ်ပြီး၊ စစ်ကောင်စီ၏ ယုတ်မာမှုများကို လက်မခံနိုင်သဖြင့် ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း တပ်ရင်းပြန်ကြားရေး တာဝန်ခံ ကိုချမ်းက The Kaladan Post သို့ ပြောကြားခဲ့သည်။ တပ်သား ချစ်ကိုသည် စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်ရန် ဆန္ဒရှိသူတစ်ဦးဖြစ်သည်။ တပ်ရင်းမှ ၎င်းအား လုံခြုံစွာ စောင့်ရှောက်ထားပြီး NUG ၏ မူဝါဒအတိုင်း ဆောင်ရွက်ကာ မိမိဆန္ဒအလျှောက် နေထိုင်ခွင့်ပြုမည်ဖြစ်သည်။ ထို့ပြင် ဆုကြေးငွေများ ချီးမြှင့်ရန်လည်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။