—————————-

၁။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်

———————————————————————–

မေ ၂၃

The Kaladan Post

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နမ့်တိန်နှင့် တံတားညီနောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ မေလ ၂၂ ရက်အထိ ပြင်းထန်စွာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် လုံးခင်းလေပြင်မှ စစ်ကူသွားနေစဉ် KIA ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ပြီး ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။ ဆနွင်းကုန်းတွင်လည်း စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့တို့၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဖက်ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် ဖားကန့်လမ်းပိုင်းအချို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

၂။ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် သိမ်ကျောင်းနှင့် နေအိမ်ပျက်စီး

——————————————————————

မေ ၂၃

The Kaladan Post

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစဉ်လေး (ခ) ရွှေစည်ကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက မေလ ၂၂ ရက် နံနက် ၅:၄၄ ခန့်တွင် စက်တပ်လေထီး ၅ စီးဖြင့် ဗုံးသီး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သိမ်ကျောင်းနှင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လူထိခိုက်မှုမရှိခဲ့သော်လည်း ပြည်သူများအား လေကြောင်းရန် ကာကွယ်ရေးအတွက် ဗုံးခိုကျင်းများ စနစ်တကျတူးရန်နှင့် လေကြောင်း အန္တရာယ်သတိပေးချက်များကို ဂရုပြုရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက တိုက်တွန်းထားသည်။

 

၃။ တီးတိန်မြို့နယ် စီယင်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး ထိခိုက်သေဆုံးမှုများရှိနေ

————————————————————————-

မေ ၂၃

The Kaladan Post

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းဒေသတွင် မေလ ၁၈ ရက်မှစ၍ စစ်ကောင်စီတပ် (အင်အား ၅၀၀ ကျော်) က ကလေးမြို့မှတဆင့် ထိုးစစ်ဆင်လာရာ CDF CDM Siyin၊ PDF Zoland နှင့် CDF KKG ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။ မေလ ၂၁ ရက် နံနက် ၈ နာရီမှ မေလ ၂၃ ရက်အထိ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနှင့် ထွက်ပြေးသူများရှိကြောင်း CDF CDM Siyin ပြောရေးဆိုခွင့်ရှိသူ ကိုဒီကီက ပြောကြားသည်။ တိုက်ပွဲအတွင်း CDF CDM Siyin မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ZO NATIONAL UNION / ZO ARMY မှ ဝမ်းနည်းကြေကွဲမှုထုတ်ပြန်ထားသည်။

စီယင်းဒေသရှိ Mual pi၊ Vomsem၊ Thei Zamg၊ Hiangzing ကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး ပြည်သူများအား ဝိုင်းဝန်းကူညီပေးရန်နှင့် ဆုတောင်းပံ့ပိုးပေးရန် CDF CDM Siyin က မေတ္တာရပ်ခံထားသည်။

၄။ မြင်းမူနှင့်စလင်းမြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

——————————————————————-

မေ ၂၃

The Kaladan Post

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီးတွင် မေလ ၂၂ ရက် ည ၁၁ နာရီခန့်က စစ်ကောင်စီ၏ ကင်းလှည့်စစ်ကြောင်း (အင်အား ၂၀ ခန့်) ကို ဗိုလ်တိုက်ဂါးတပ်ဖွဲ့က မိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုအပြီး စစ်တပ်က လိုက်လံရှာဖွေခဲ့သော်လည်း အရံမိုင်းဖြင့် တားဆီးနိုင်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဟု ဗိုလ်တိုက်ဂါးတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရှိ စစ်ကောင်စီရဲစခန်းကို မေလ ၂၂ ရက် မွန်းလွဲ ၁:၅၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးဖြင့် ၁၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်-၅ တပ်ရင်း၊ စလင်းပကဖနှင့် ဒေါင်းညီနောင်ပျောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ပြည်သူများအား လေကြောင်းအန္တရာယ်နှင့် ဘေးလွတ်ရာရှောင်ရှားရန် မင်းဘူးခရိုင်အမှတ်-၅ တပ်ရင်းမှ တာဝန်ရှိသူက သတိပေးထားသည်။

၅။ စကစ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

——————————————————————-

မေ ၂၃

The Kaladan Post

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မေလ ၂၂ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများမှာ မစန်းပိုနှင့် ကိုစိတ်ရွှင်တို့ဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် အသက် ၈၃ နှစ်အရွယ် အဘိုးအိုတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ လက်နက်ကြီးများ အိမ်ပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ပျော်ပွဲရွှင်ပွဲလုပ်နေချိန် ညနေ ၄ နာရီမှ ၉ နာရီကျော်အထိ မြို့ပတ်လည်သို့ စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ၂ ဦးကို မေလ ၂၃ ရက် နံနက်ပိုင်းတွင် သဂြိုလ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

၆။ ပုသိမ်ကြီးတွင် ဂီတသမား Izzel ကို စစ်တပ်က ညသန်းခေါင်ယံ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်

——————————————————————————-

မေ ၂၃

The Kaladan Post

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးခြံကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ဟစ်ဟော့နှင့် Rap ဂီတသမား ကိုထက်ဝေယံ (ခ) Izzel ကို စစ်တပ်က မေလ ၂၀ ရက်နေ့ ညသန်းခေါင်ယံ (၁၂ နာရီ) တွင် သူ၏နေအိမ်မှ ဖမ်းဆီးသွားခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ၎င်း၏အလောင်း ရောက်ရှိခဲ့ပြီး မျက်နှာ၊ ဦးခေါင်းနှင့် ကိုယ်ခန္ဓာတစ်ခုလုံးတွင် ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မိသားစုက တွေ့ရှိခဲ့သည်။ ကိုထက်ဝေယံသည် ပြစ်မှုမှတ်တမ်းမရှိသူဖြစ်ပြီး အေးဆေးစွာ နေထိုင်တတ် သော DJ နှင့် ဂီတသမားတစ်ဦးဖြစ်ကာ ဇနီးနှင့် ၂ နှစ်ခွဲအရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။ အလောင်းကို ဆေးရုံမှတစ်ဆင့် သဂြိုလ်ခဲ့ရကြောင်း ၎င်း၏မိတ်ဆွေများက ပြောကြားခဲ့သည်။

 

၇။ လူထုစည်းရုံးရေးနှင့် လေကြောင်းအန္တရာယ် ကာကွယ်ရေး လှုပ်ရှားမှုများ ပြုလုပ်

—————————————————————————-

မေ ၂၃

The Kaladan Post

မန္တလေးဒေသရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် Anti-junta Forces Coordination Committee – Mandalay (AFCC – Mdy) တို့ ပူးပေါင်း၍ တော်လှန်ရေးထိန်းချုပ်နယ် မြေအတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ လူထုစည်းရုံးရေးနှင့် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။ လူထုပါဝင်နိုင်သော အခင်းအကျင်းများ ပြောကြားခြင်း၊ လေကြောင်းအန္တရာယ်နှင့် ပတ်သက်သည့် သတိရှိရမည့်အချက်များနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ မျှဝေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း AFCC – Mandalay ၏ ထုတ်ပြန်ချက်အရ သိရသည်။

၈။ မြ၀တီတွင် KNLA ပူးပေါင်းတပ်များ စစ်ကောင်စီစခန်းများကို ပြင်းထန်ထိုးစစ်ဆင်

—————————————————————————

မေ ၂၃

The Kaladan Post

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော ပူးပေါင်းတပ်များက မေလ ၂၁-၂၂ ရက်တွင် ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မော်ခီးစခန်းအပါအဝင် ဝေါလေ၊ ကနဲလေး၊ ဘလက်ဒိုနှင့် သေဘောဘိုးစခန်းများကို ဒရုန်းများနှင့် မြေပြင်ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်ညလုံး တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း နယ်စပ်စစ်ရေး သတင်းရင်းမြစ်များနှင့် ထိုင်းသတင်းဌာနများက ဖော်ပြသည်။ KNU တပ်မဟာ ၆ လက်အောက်ခံ KNLA တပ်ရင်းများနှင့် မဟာမိတ်တပ်များက ဦးဆောင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းနှင့် ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်နေသည်။ ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး သောင်ရင်းမြစ်အနီး ကင်းထောက်လျက်ရှိသည်။ မတ်လမှ မေလအထိ KNLA ဦးဆောင်သော တပ်များက ပူးလူးတူ၊ ခလယ့်ဒေး၊ မော်ဖားသူး၊ မယ်လ၊ မော်ဖိုးကေ စခန်းများကို သိမ်းပိုက်ခဲ့ပြီး၊ လက်ရှိတွင် စစ်ကောင်စီတပ်စခန်း ၄ ခုခန့်သာ နယ်စပ်တစ်လျှောက် ကျန်ရှိတော့သည်။

၉။ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ပြီး စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဟုဆို

————————————————————————–

မေ ၂၃

The Kaladan Post

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာတွင် စစ်ကောင်စီ၏ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် စစ်မှုထမ်းတပ်သားဖြစ်လာရသူ နိုင်ဝေလင်းနှင့် ရာဇာမင်း တို့သည် မေလ ၁၉ ရက်နေ့တွင် MA-1 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ စကားပြောစက် ၁ လုံးနှင့် ကျည်ဘောက် ၆ ခုတို့ဖြင့် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့သည်။ ၎င်းတို့သည် ဧရာဝတီတိုင်း၊ ရေကြည်နှင့် ကျုံပျော်မြို့နယ်များမှ ဖြစ်ပြီး၊ စစ်တပ်၏ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခိုင်းမှုနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခိုင်းမှုများကြောင့် တပ်မှ ထွက်ပြေးအလင်းဝင်ခဲ့ခြင်းဖြစ်သည်။ အလင်းဝင်လာသူ တပ်သား ၂ ဦးသည် တော်လှန်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းရန် ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ခဲ့သည်။

၁၀။ ထားဝယ်မြို့အခြေစိုက် ခမရ ၄၀၁ မှ စစ်သား လက်နက်ခဲယမ်းနှင့် အလင်းဝင်

————————————————————————-

မေ ၂၃

The Kaladan Post

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦးသည် မေလ ၁၁ ရက်နေ့တွင် ၎င်းကိုင်ဆောင်ထားသော လက်နက်ခဲယမ်းများနှင့်အတူ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံ အလင်းဝင်ရောက်ခဲ့သည်။ ပကဖ မှ တာဝန်ရှိသူတစ်ဦးက ၎င်းစစ်သားအား နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး ကနဦးဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

၁၁။ ချင်းပြည်နယ်တွင် စကစ၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ

————————————————————————-

မေ ၂၃

The Kaladan Post

ချင်းပြည်နယ်သို့ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်မှစတင်ကာ စစ်ကောင်စီ (စကစ) တပ်ဖွဲ့များ စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ယင်းစစ်ကြောင်းထိုးမှုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF CDM Siyin၊ PDF Zoland နှင့် KKG တို့က ၂၀၂၅ ခုနှစ် မေလ ၂၁ ရက် နံနက် ၈ နာရီမှစ၍ ယနေ့အချိန်အထိ ပြင်းထန်စွာ ခုခံတိုက်ခိုက်နေကြောင်း CDF CDM Siyinက သတင်းထုတ်ပြန်သည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန် တိုက်ပွဲဝင်နေကြသည်။

၁၂။ စကစ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ထိခိုက်သေဆုံးမှုများဖြစ်ပေါ်

——————————————————————————-

မေ ၂၃

The Kaladan Post

ပဲခူးတိုင်း၊ မူးမြို့နယ်ရှိ ကျေးရွာများကို မေလ ၁၉-၂၀ ရက်အတွင်း စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေး ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ငထွေစုတ်ကျေးရွာတွင် အိမ် ၂ လုံး ပျက်စီးခဲ့ပြီး ငနွားဆိပ်၊ အညာစု၊ ရင်းတိုက်ကုန်းနှင့် အခြားကျေးရွာ ၆ ရွာသို့ လက်နက်ကြီး ၁၁ လုံး ကျရောက်ခဲ့သည်။ မရမ်းစိန်လေးကျေးရွာတွင် လက်နက်ကြီး ၇ လုံး ကျရောက်ပြီး သေဆုံးမှုနှင့် ဒဏ်ရာများ ဖြစ်ပေါ်ခဲ့သည်။ ဤဖြစ်စဉ်သည် စစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်မှုကို ထင်ဟပ်ပြီး လူမှုကွန်ရက်တွင် ပြည်သူများ၏ မကျေနပ်သံများ မြင့်တက်လျက်ရှိသည်။