—————————————

 

၁။ စရဖရုံးကို တော်လှန်ရေးတပ်များဝင်ရောက်တိုက်ခိုက် စစ်သား ၂ ဦးသေဆုံး

———————————————————————–

မေ ၂၄

The Kaladan Post

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ၂၀၂၅ ခုနှစ် မေလ ၂၁ ရက် နံနက် ၁၀:၃၀ ခန့်တွင် ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဤတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်အဖွဲ့၊ ကျောင်းသားတော်လှန်ရေးအဖွဲ့နှင့် ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုထံမှ သိရသည်။

၂။ စပါးကြွယ်ကျေးရွာ စစ်တပ်မီးရှို့ဖျက်ဆီး

————————————-

မေ ၂၄

The Kaladan Post

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာတွင် ၂၀၂၅ ခုနှစ် မေလ ၂၁ ရက်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွားခဲ့သည်။ မေလ ၂၄ ရက်အထိ ဆက်လက်ဖြစ်ပွားနေပြီး၊ တော်လှန်ရေးတပ်ဖွဲ့များ၏ စနိုက်ပါပစ်ခတ်မှုဖြင့် စစ်သား ၁၈ ဦး သေဆုံးခဲ့ကာ မိုင်းဆွဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးငယ် များဖြင့် ထပ်မံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့သော် လည်း အတိအကျစာရင်းမသိရသေးပေ။

စစ်ကောင်စီတပ်သည် မေလ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် စပါးကြွယ်ကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများ၊ ပဲအိတ်၊ ဆိုင်ကယ်များကို ခိုးယူသိမ်းဆည်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ရွာတွင် ၇၅၀ ခန့် မီးလောင်ပြာ ကျခဲ့သည်။ စာသင်ကျောင်းအပါအဝင် အိမ်ကြီးအိမ်ကောင်းများလည်း ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း လေကြောင်းပစ်ကူဖြင့် စက်သေနတ်များအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ဖော်ပြသည်။

ဤဖြစ်စဉ်ကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုသည် ဒေသခံများ၏ လုံခြုံရေးနှင့် နေ့စဉ်ဘဝကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

၃။ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး

————————————————–

မေ ၂၄

The Kaladan Post

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ သထုံ၊ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်များတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခရီးသွားပြည်သူများနှင့် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ရွှေကျင်မြို့နယ်၌ မေလ ၂၁ ရက်တွင် သံဆိမ်စခန်းမှ စစ်ကောင်စီတပ်သားများက ထင်ကျော်ရော်ဘာခြံ နတ်စဉ်တံတားတွင် ခရီးသွားပြည်သူများကို K3 သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဝိုင်ကျွန်းကျေးရွာမှ ဦးမင်းအောင် (၅၄ နှစ်)၊ တပင်ချောင်းကျေးရွာမှ ဒေါ်စန်းဌေး (၆၂ နှစ်) တို့ သေဆုံးပြီး အောင်ဇေယျာထွန်း (၂၁ နှစ်) ဒဏ်ရာရရှိခဲ့သည်။

ကျောက်ကြီးမြို့နယ်တွင်လည်း မေလ ၂၃ ရက်တွင် ရွေဝါတပ်ရင်း (ခမရ-၃၀၇) မှ စစ်ကောင်စီတပ်သားများက မတောကုန်းကျေးရွာကို ၁၅၅ မမ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေါ်စန်းကြည် (၄၃ နှစ်) နှင့် နော်အေးရွှေ (၇၅ နှစ်) တို့ နေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

အလားတူ သထုံမြို့နယ်တွင်လည်း မေလ ၂၁ ရက် ည ၈:၁၈ နာရီတွင် တိုက်ပွဲမရှိဘဲ အမြောက်တပ် ၃၁၄ မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပဏ္ဍိကုန်းကျေးရွာကို ပစ်ခတ်ခဲ့ရာ နော်အေးနိုင် (၄၈ နှစ်) သေဆုံးပြီး နော်မီးနု နှင့် သမီးဖြစ်သူ နော်ခင်ပပလေး တို့ ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့သည်။

ဤဖြစ်စဉ်များသည် စစ်ကောင်စီ၏ အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ထင်ရှားစေပြီး ဒေသခံပြည်သူများ၏ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

 

 

၄။ စလင်းမြို့ရှိ ရဲစခန်းနှစ်ခုနှင့် စုပေါင်းရုံးကို လက်နက်ကြီးငယ်ဖြင့် တိုက်ခိုက်

———————————————————————-

မေ ၂၄

The Kaladan Post

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို ၂၀၂၅ ခုနှစ် မေလ ၂၄ ရက် နံနက်အစောပိုင်းတွင် စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တိုက်ခိုက်ရေးတပ်ခွဲ ၂ ခွဲက RPG7 နှင့် လက်နက်ကြီးငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ စလင်းမြို့မရဲစခန်းကို နံနက် ၃ နာရီခန့်တွင် အနီးကပ်ပစ်ခတ်ခဲ့ပြီး စုပေါင်းရုံးကို ၁ နာရီခွဲခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ လင်းဇင်ရဲစခန်း ကိုလည်း နံနက် ၁ နာရီခန့်တွင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။ ပကဖတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီ၏ ၁၂ ရက်ကြာ စစ်ကြောင်းထိုးမှုနှင့် ကျေးရွာများ မီးရှို့ဖျက်ဆီးမှုကို ဒေသကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ်ကို အဆုံးထိ ချေမှုန်းမည်ဟု ကြေညာထားသည်။

၅။ NMSP-AD နှင့် MLA ပူးပေါင်း၍ ရာမညမွန်တပ်တော် (RMA) ဖွဲ့စည်း

—————————————————————

မေ ၂၄

The Kaladan Post

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) တို့သည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်အပြည့်အဝရှိသော မွန်ပြည်ထူထောင်ရေးရည်မှန်းချက်ဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်တွင် ပေါင်းစည်းကာ “ရာမညမွန်တပ်တော် (RMA)” ကို ဖွဲ့စည်းခဲ့သည်။ NMSP-AD နှင့် MLA မှ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းပြီး၊ ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ်တို့ ဦးဆောင်မည်ဖြစ်သည်။ စစ်ရေးလုပ်ငန်းများအတွက် ဗိုလ်မှူးချုပ်စလွန်းထော့ ဦးဆောင်သော စစ်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။ RMA သည် တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပူးပေါင်း တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

 

၆။ ထိုင်း-မြန်မာနယ်စပ်ရှိ ဘလက်ဒိုစစ်စခန်းကို KNLA ဦးဆောင်တပ်များ သိမ်းပိုက်

————————————————————————–

မေ ၂၄

The Kaladan Post

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဘလက်ဒိုစစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်သား ၁၀၀ ခန့် တပ်စွဲထားသည့် အဆိုပါစခန်းမှ စစ်သားအများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ပြီး ၂၀ ဦးကျော် လက်နက်ချခဲ့သည်။ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးသူများရှိပြီး ထွက်ပြေးသူ ၂၅ ဦးခန့်နှင့် ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။ လက်ရှိတွင် သေ့ဘောဘိုးစစ်စခန်းအပါအဝင် အခြားစခန်းများကို KNLA မဟာမိတ်တပ်များက ဆက်လက်ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။