——————————–

၁။ စစ်မှုထမ်းစုဆောင်းနေသည့် ရာအိမ်မှူး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

——————————————————————–

မေ ၂၈

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပုတိမ်စုရွာတွင် ရာအိမ်မှူးနှင့် ပျူစောထီးခေါင်းဆောင် ထွန်းထွန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၂ မှ ရဲဘော်များက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦး ထွန်းထွန်းသည် သေနတ်ကျည် ၃ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ၎င်းထံမှ မိုဘိုင်းဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့သည်။ ထွန်းထွန်းသည် PDF ကို စိန်ခေါ်ပြီး လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ်စုဆောင်းခြင်း၊ ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း၊ စစ်တပ်ထံ သတင်းပေးခြင်းနှင့် ပြည်သူများအား ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး ပြည်သူများအား ၎င်းတို့အနီး သွားလာနေထိုင်ခြင်း မပြုရန် သတိပေးထားသည်။

၂။ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်သိမ်းပိုက်

—————————————

မေ ၂၈

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အင်အား ၃၀ ခန့်ရှိသော ထိုစခန်းကို နှစ်ကြိမ်ထိုးစစ်ဆင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ကျန်တပ်သားများ စခန်းစွန့်ခွာ၍ ခမရ-၆ တပ်ရင်းသို့ ထွက်ပြေးသွားသည်။ စခန်းမှ လက်နက်ကြီးကျည်၊ လက်ပစ်ဗုံး၊ ကျည်ဆံများနှင့် ရိက္ခာများ သိမ်းဆည်းရရှိပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဒေသခံများ စစ်ဘေးရှောင်နေရပြီး ခရိုင်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

၃။ စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်း ချေမှုန်းခံရပြီး စစ်သား ၃၀ ကျော်အရှင်ဖမ်းမိ

——————————————————————————

မေ ၂၈

The Kaladan Post

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ရှိ သေ့ဘောဘိုးစစ်တပ်စခန်းသို့ မေလ ၂၇ ရက်မှစ၍ စစ်ကူလာသော အင်အား ၇၂ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်များက DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ မေလ ၂၈ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီး စစ်သား ၃၀ ကျော်အရှင်ဖမ်းမိကာ အများအပြား သေဆုံးခဲ့သည်။ လက်နက်များလည်း သိမ်းဆည်းရရှိခဲ့သည်။ KNLA မဟာမိတ်တပ်များသည် သေ့ဘောဘိုးစခန်းနှင့် ကာကင်းစခန်းများကို ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေပြီး၊ ဝေါ်လေ၊ ကနဲလး၊ မော်ခီး၊ ထီးသဲဘလယ်စခန်းများကိုလည်း ထိုးစစ်ဆင်လျက်ရှိသည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပေါ်နိုင်သဖြင့် သတိထားလှုပ်ရှားနေရကြောင်း သိရသည်။

၄။ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစစ်တပ်စခန်းတွင် တိုက်ပွဲပြင်း

——————————————–

မေ ၂၈

The Kaladan Post

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်တပ်စခန်းတွင် ၂၀၂၅ ခုနှစ် မေလ ၂၈ ရက် နံနက် ၆ နာရီမှစ၍ KNLA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေသည်။ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုမှာ စခန်းသို့ စစ်ကူလာနေသော်လည်း KNLA တပ်များက ဖြတ်တောက်တိုက်ခိုက်လျက်ရှိသည်။ တိုက်ပွဲပြင်းထန်မှုကြောင့် ပြည်သူများထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေပြီး၊ မြန်မာဒုက္ခသည် ၂၉၀ ခန့်အတွက် ထိုင်းအာဏာပိုင်များက ဒုက္ခသည်စခန်း ၃ ခုဖွင့်လှစ်ထားသည်။ မေလ ၂၃ ရက်က ဘလယ်ဒိုစခန်းကို KNLA မဟာမိတ်တပ်များသိမ်းပိုက်ပြီးနောက် သေ့ဘောဘိုးစခန်းအပါအဝင် အခြားစခန်းများကို ပိတ်ဆို့ထားရာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်။ ထိုင်းစစ်တပ်က နယ်စပ်တွင် ၂၄ နာရီလုံခြုံရေးကင်းလှည့်နေပြီး စစ်ရေးအသင့်အနေအထားရှိကြောင်း သိရသည်။

၅။ အင်ပင်ရွာရှိ စစ်တပ်စခန်းအား လက်နက်ကြီးဖြင့် တိုက်ခိုက်မှု

————————————————

မေ ၂၈

The Kaladan Post

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက်ရှိ စစ်တပ်စခန်းတွင် ၂၀၅၂ ခုနှစ် မေလ ၂၇ ရက် နံနက် ၉ နာရီခန့်က မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် Rocket လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ပထမလက်နက်ကြီးမှာ လုံခြုံရေးယူနေသော စစ်သားများ ကင်းပုန်းသည့်နေရာ၊ ဒုတိယတစ်လုံးမှာ စစ်တပ်စခန်းအတွင်း၊ တတိယတစ်လုံးမှာ မင်္ဂလာဆောင်ပွဲအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်သားနှင့်ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Cobra One Pakokku တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောဆိုသည်။ တိုက်ခိုက်မှုကို Cobra One Pakokku၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ Borderless ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နှင့် Ba Nyein Guerrilla Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

၆။ စကစ ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ကလေး ၂ ဦးသေဆုံး

—————————————————————-

မေ ၂၈

The Kaladan Post

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့နံနက်ပိုင်း နန့်ယား အကျော်၊ ဆိုင်ဖရာအနီး စစ်ရှောင်စခန်းတွင် ကလေးငယ် ၂ ဦး သေဆုံးခဲ့သည်။ ထို့ပြင် ယမန်နေ့ညပိုင်းတွင် လုံးခင်းလယ်ပြင်တံတားမှာ လက်နက်ကြီးထိမှန်၍ ပျက်စီးသွားခဲ့သည်။ ဧပြီလနှောင်းပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်သည် အင်အားရာနှင့်ချီ၍ စစ်ကြောင်း ၃ ခုခွဲကာ ဖားကန့်မြို့နယ်သို့ ထိုးစစ်ဆင်လာပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။ ဒေသခံများက တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ပြီး စစ်ရှောင်နေကြသည်။

၇။ တောင်စုရွာတိုက်ပွဲတွင် စကစ ၇ ဦးအရှင်ဖမ်းမိပြီး လက်နက်များသိမ်းဆည်းရရှိ

——————————————————-

မေ ၂၈

The Kaladan Post

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တောင်စုရွာသို့ မေလ ၁၉ ရက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို FALCONS၊ KLNA တပ်ရင်း(၈)၊ တပ်ရင်း(၉) နှင့် PDF တို့ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၊ ၇ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး တောင်စုရွာကို ဆက်လက်ထိန်းချုပ်ထားသည်။