——————————–

၁။ ကုန်းရွာတွင် စစ်တပ်က နေအိမ်များ မီးရှို့ဖျက်ဆီး

———————————

မေ ၃၀

The Kaladan Post

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကုန်းရွာတွင် ၂၀၂၅ ခုနှစ် မေလ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်တပ်သည် လက်ရှိတွင် ကုန်းရွာနှင့် အနီးတစ်ဝိုက်တွင် တပ်ဖြန့်ထားပြီး၊ ပြည်သူများ ရွာအတွင်း ပြန်ဝင်ရောက်နိုင်ခြင်းမရှိသေးကာ မီးလောင်ပျက်စီးမှု အရေအတွက်ကို အတည်မပြုနိုင်သေးပါ။ စစ်တပ်၏ ဖမ်းဆီးမှုများ ရှိမရှိ မသိရသေးဘဲ အင်အားများပြားသည့် စစ်ကြောင်းများ ရှိနေသဖြင့် အနီးနားကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ပြည်သူ့ဘက်တော်သားအဖွဲ့က စစ်ကြောင်းသတင်းများကို နားစွင့်ပြီး ရှောင်တိမ်းရန် သတိပေးထားသည်။

၂။ ဒိုးနယ်ရွာတောင်ခြေတွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်

————————————————————

မေ ၃၀

The Kaladan Post

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာတောင်ခြေတွင် ၂၀၂၅ ခုနှစ် မေလ ၂၈ ရက် ညနေ ၅:၄၅ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က ပြည်သူ ၃ ဦးကို ဓားစာခံဖမ်းဆီးပြီး အသက် ၃၂ နှစ်အရွယ် ရဲဇော်နှင့် အသက် ၃၃ နှစ်အရွယ် ကိုဖိုးလုံးတို့ကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် နေအိမ်များနှင့် ဆိုင်ကယ် ၂ စီးကို မီးရှို့ဖျက်ဆီးကာ ထုံးဘိုကြီးရွာဘက်သို့ ပြန်ဆုတ်သွားခဲ့သည်။ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၄ တပ်ခွဲ ၁ က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အလောင်းများကို တွေ့ရှိခဲ့ပြီး သင်္ဂြိုလ်ပေးခဲ့သည်။ ဖမ်းဆီးခံရသူ ၃ ဦး၏ သတင်းမသိရသေးပါ။ စစ်ကောင်စီတပ်သည် စစ်ရေးရှုံးနိမ့်မှုကြောင့် ပြည်သူများကို ပစ်မှတ်ထားသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ဆိုကာ ပြည်သူများအား စစ်ကြောင်းသတင်းများကို နားစွင့်ပြီး ရှောင်တိမ်းနေထိုင်ရန် တပ်ရင်း ၃၅၀၄ က သတိပေးထားသည်။

၃။ ရဲစခန်းကို တော်လှန်ရေးတပ်များက RPG ဖြင့်တိုက်ခိုက်

—————————————————

မေ ၃၀

The Kaladan Post

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်တပ်နှင့်ရဲပူးပေါင်းတပ်စွဲထားသော မြို့မရဲစခန်းကို ဒေါင်းနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၉ ရက် ညနေ ၃ နာရီခွဲတွင် RPG နှင့် လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်များက ထွေအုပ်ရုံးနှင့် စုပေါင်းရုံးမှ ပြန်လည်ပစ်ခတ်ခဲ့ရာ ၁၀ မိနစ်ခန့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ထိရောက်မှုမရှိခဲ့ကြောင်း ဒေါင်းနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူ ရဲဘော် ဆရာပေက ပြောကြားခဲ့သည်။ တော်လှန်ရေးတပ်ဖက်တွင် ထိခိုက်မှုမရှိဘဲ စစ်ကောင်စီ တပ်ဖက်တွင်လည်း ထိခိုက်မှုနည်းပါးဖွယ်ရှိကြောင်း သိရသည်။ ပုလဲမြို့တွင် စစ်ကောင်စီ တပ်များသည် ရဲစခန်းတွင် အင်အား ၄၀ ခန့်၊ ထွေအုပ်ရုံးတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားပြီး မြို့အတွင်းတွင်သာ နေထိုင်ပြီး ပုလဲမြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားကြကြောင်းသိရသည်။

၄။ KNLA ပူးပေါင်းတပ်များက မော်ခီးနှင့် ဘုရင့်နောင်စခန်းများကို သိမ်းပိုက်

—————————————————–

မေ ၃၀

The Kaladan Post

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်တွင် မေလ ၃၀ နံနက်ပိုင်းတွင် KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီ၏ ဘုရင့်နောင်နှင့် မော်ခီးစစ်စခန်းများကို ဆက်တိုက် သိမ်းပိုက်ခဲ့သည်။ ဘုရင့်နောင်စခန်းကို နံနက် ၄ နာရီ၊ မော်ခီးစခန်းကို နံနက် ၁၀ နာရီဝန်းကျင်တွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့သည်။ လက်နက် ခဲယမ်းသိမ်းဆည်းမှုနှင့် စစ်သုံ့ပန်းဖမ်းဆီးမှု အသေးစိတ်မသိရသေးပါ။ မော်ခီးစခန်းသည် ၂၀၂၂ ခုနှစ်တွင် KNLA က သိမ်းပိုက်ခဲ့ဖူးသော်လည်း စစ်တပ်က ပြန်လည်သိမ်းယူခဲ့ပြီး ယခုမှာ ဒုတိယအကြိမ်သိမ်းပိုက်ခြင်းဖြစ်သည်။ ဘုရင့်နောင်စခန်းမှာ KNLA ၏ ဆယ်စုနှစ်ချီထိုးစစ် ဆင်မှုများတွင် ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ်လမှ မေလအတွင်း KNLA နှင့် မဟာမိတ်တပ်များက မြ၀တီအနီးရှိ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူး၊ တာလယ်၊ မယ်လ၊ ဘလက်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင်စခန်းများကိုလည်း ဆက်တိုက်သိမ်းပိုက်ခဲ့သည်။

၅။ တော်လှန်ရေးတပ်များက ဆောင်းပြောင်းရွာ စခန်းကုန်းသိမ်းပိုက်

————————————————–

မေ ၃၀

The Kaladan Post

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် မေလ ၁၇ မှ ၂၆ ရက်အထိ ၁၀ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဖယ်ခုံ PDF (၁၀၀၂)၊ KNDF နှင့် PDF (၁၀၀၇) ပါဝင်သော တော်လှန်ရေးတပ်ပေါင်းစုသည် စစ်ကောင်စီနှင့် PNO တပ်သားများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူဖြင့် ခုခံခဲ့သော်လည်း တော်လှန်ရေးတပ်များက အောင်မြင်မှုရရှိခဲ့သည်။ လက်ရှိတွင် မိုးရာသီအကြောင်းကြောင့် တိုက်ပွဲရပ်နားထားသော်လည်း စစ်ကောင်စီနှင့် PNO တို့က အရပ်သားနေအိမ်များကို မီးရှို့ဖျက်စီးနေသည်ဟု ဆိုသည်။ ဒေသခံများမှာ နေအိမ်ပျက်စီးမှုနှင့် စစ်ရှောင်ဘဝတွင် လိုအပ်ချက်များ ရင်ဆိုင်နေရသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖက်မှ ရဲဘော်အချို့ ဒဏ်ရာရရှိခဲ့သည်။