၁။ နတ်တလင်မြို့နယ်၊ ဒမငယ်ကျေးရွာ ရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

—————————————-

မေ ၃

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ ပျူစောထီးများ အထိုင်ချထားသည့် ရဲကင်းစခန်းကို ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်(၂) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက် နက်ငယ် ၅ လက်၊ ခဲယမ်းများ၊ နင်းမိုင်းများနှင့် ယာဉ်ဖျက်မိုင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတိုက်ပွဲအား တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာနချုပ် (ပဲခူး)၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၆) နှင့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နောက်ထပ်အချက်အလက်များ သိရှိနိုင်ရန် The Kaladan Post မှ တာဝန်ရှိသူထံ Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း သတင်းတင်ဆက်သည့် အချိန်ထိ ပြန်လည်ဖြေကြားမှု မရရှိသေးပေ။

၂။ ဗန်းမော်တိုက်ပွဲတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အားပေးစကားနှင့် တိုက်ပွဲအခြေအနေ

မေ ၃

The Kaladan Post

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် KIA နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးဖြင့် ၂၀၂၄ ဒီဇင်ဘာမှ စတင်ခဲ့ပြီး ယခုဆိုလျှင် ၅ လနီးပါး ကြာမြင့်လာခဲ့သည်။ ဤတိုက်ပွဲတွင် အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် AA စစ်သည်များအား အားပေးစကား ပြောကြားခဲ့ကြောင်း KOP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “KIA နှင့် ကချင်လူမျိုးများသည် ရခိုင်နှင့် AA အတွက် ထာဝရအကောင်းဆုံး မိတ်ဆွေများဖြစ်သည်။ ယခုအချိန်သည် ကချင်ပြည်သူများထံ ကျေးဇူးဆပ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ ရန်သူကို မညှာမတာ ရဲဝံ့စွာ တိုက်ခိုက်ကြပါ။ ဗန်းမော်မြို့ကို သိမ်းပိုက်ပြီး ကချင်ညီနောင်များထံ လက်ဆောင်အဖြစ် ပေးအပ်ရမည်” ဟု စစ်သည်များကို မှာကြားခဲ့သည်။

AA စစ်သည်များက ၎င်း၏ မှာကြားချက်ကို လက်ခံနာခံပြီး တိုက်ပွဲဝင်ရန် ကတိပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဗန်းမော်မြို့ရှိ စစ်တပ်၏ နောက်ဆုံးအထိုင်စခန်းဖြစ်သော စစ်ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁) ကို အပြီးသတ်သိမ်းပိုက်ရန် နီးစပ်လာပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဤတိုက်ပွဲသည် ကချင်နှင့် ရခိုင်တပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုနှင့် ဗျူဟာကျသော စစ်ဆင်ရေးများ၏ အောင်မြင်မှုကို ထင်ရှားစေပြီး ဗန်းမော်မြို့သိမ်းရေးသည် နီးကပ်လာနေပြီဖြစ်သည်။

၃။ မတ္တရာမြို့နယ်တွင် စစ်ကောင်စီ၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

————————————————————

မေ ၃

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် မတ္တရာမြို့နယ် အနောက်ခြမ်း၊ ရွာတန်းရှည်ကျေးရွာရှိ စာသင်ကျောင်းတစ်ခုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း WIN ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးဖြင့် ညနေ ၃:၂၀ နာရီတွင် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာနေသဖြင့် ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည့်အတိုင်း ဗုံးခိုကျင်းများ တူးဖော်ပြီး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။