၁။ စစ်ကောင်စီကြောင့် ဧပြီလအတွင်း ပြည်သူ ၉၆ ဦး သေဆုံးဟု AAPP ထုတ်ပြန်

*********************************************************

မေ ၄

The Kaladan Post

စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၉၆ ဦး သေဆုံးခဲ့ပြီး၊ နိုင်ငံရေးကိစ္စဖြင့် ၆ ဦး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၃ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးသူများထဲတွင် ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူ ၄ ဦး ပါဝင်ပြီး၊ ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်များလည်း ပါရှိကြောင်း AAPP ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ သေဆုံးမှုများသည် မန္တလေး၊ စစ်ကိုင်း၊ ကရင်၊ ရခိုင်၊ ချင်း၊ ကယား၊ မွန်၊ တနင်္သာရီ၊ မကွေးနှင့် ဧရာဝတီစသည့် တိုင်းနှင့်ပြည်နယ်များတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ်ပစ်ခတ်မှုနှင့် Paramotor ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုသည် သေဆုံးမှု၏ အဓိကအကြောင်းအရင်းဖြစ်သည်။

AAPP ၏ အတည်ပြုထားသည့် အချက်အလက်များအရ ယခုစာရင်းသည် အမည်နှင့်တကွ သေဆုံးသူများသာဖြစ်ပြီး၊ မြေပြင်တွင် သေဆုံးသူဦးရေ ပိုမိုများပြားနိုင်သည်ဟု အသိပေးသည်။ ထို့ပြင် ဧပြီလအတွင်း သေဆုံးသူ ၁၅၀ ဝန်းကျင်ကို သီးခြားကောက်ယူထားပြီး အတည်ပြုရန် ဆက်လက်လုပ်ဆောင်နေသည်။

စစ်ကောင်စီက ဧပြီလ ၂ ရက်မှ ၃၀ ရက်အထိ ကြေညာထားသည့် ယာယီအပစ်အခတ်ရပ်စဲရေးကာလတွင်ပင် ငလျင်ဒဏ်သင့်ပြည်သူများ ခိုလှုံနေသည့် ဘာသာရေးအဆောက်အအုံများအပါအဝင် အရပ်သားနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း Fortify Rights ကလည်း မေလ ၃ ရက်တွင် ထုတ်ပြန်ထောက်ပြသည်။

၂။ ကောလင်းမြို့နယ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ၊ နေအိမ်များ ပျက်စီး

————————————————–

မေ ၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ချောင်းနားရွာနှင့် ဥက္ကံစာသင်ကျောင်းကို စစ်ကောင်စီတပ်က မေလ ၃ ရက် ည ၉ နာရီခန့်တွင် တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ရော့ကတ် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြောင်းသိရသည်။

“ပြည်သူတွေ သတိထားပြီး လုံခြုံစွာ နေထိုင်ကြပါ။ အိမ်တိုင်းမှာ ဗုံးခိုကျင်းတူးထားဖို့နဲ့ စစ်ကောင်စီ၏ အကြောက်တရားဖြစ်စေရေး လုပ်ရပ်တွေကို သတိနဲ့ စနစ်တကျ ဘေးကင်းလုံခြုံအောင် ဂရုစိုက်ကြပါ” ဟု ၎င်းက တိုက်တွန်းသည်။

၃။ ခမရ (၇၀၃) တပ်သား ၂ ဦး လက်နက်များနှင့် မန္တလေး PDF ထံ အလင်းဝင်

မေလ ၄

The Kaladan Post

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ (၇၀၃) တပ်ရင်းမှ တပ်သား ၂ ဦးသည် လက်နက်များနှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး PDF) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း MPDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီကို စွန့်ခွာပြီး အလင်းဝင်လိုသူများကို မန္တလေး PDF က နွေးထွေးစွာ ကြိုဆိုလက်ခံမည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်လုံခြုံမှုကို အပြည့်အဝ အာမခံကာ ဆုငွေများ ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အလင်းဝင်လိုသူများအနေဖြင့် MPDF ၏ ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ချိတ်ဆက်နိုင်ရန် တိုက်တွန်း ထားသည်။

အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆက်စပ်သတင်းများ သိရှိနိုင်ရန် The Kaladan Post မှ Messenger ဖြင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ယခု သတင်းထုတ်ပြန်သည့် အချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေး။

၄။ မင်းဘူးခရိုင်တွင် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်များနှင့် PDF သို့ အလင်းဝင်

—————————————————

မေလ ၄

The Kaladan Post

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရှိ NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၂) တပ်ရင်းထံသို့ စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းတပ်သား ၃ ဦးသည် လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ယနေ့ မေလ ၄ ရက်တွင် တပ်ရင်းက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၇) တပ်ရင်းမှ တပ်သားများဖြစ်သူတို့သည် သေနတ် ၃ လက်၊ ကျည်ဘောက် ၁၂ ခု၊ ကျည်ဆန်များ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်နှင့် ခဲယမ်းပစ္စည်းများ ယူဆောင်လာခဲ့သည်။ ၎င်းတို့ကို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် စိစစ်လက်ခံထားပြီး ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမှတ် (၂) တပ်ရင်းက စစ်ကောင်စီတပ်မှ ထွက်ခွာပြီး ပြည်သူနှင့် ပူးပေါင်းလိုသူများကို ကြိုဆိုလက်ခံမည်ဖြစ်ပြီး လက်နက်များ ယူဆောင်လာပါက ထိုက်တန်သော ဆုကြေးငွေ ပေးအပ်မည်ဟု အသိပေးထားသည်။

ဤဖြစ်ရပ်သည် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်သို့ ဆက်လက်ပြန်လည် ဝင်ရောက်လာမှုကို ထင်ရှားစေသည်။

၅။ မင်းဘူးခရိုင်တွင် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်သို့ အလင်းဝင်

The Kaladana Post, မေလ ၄ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရှိ NU၏ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၂) တပ်ရင်းထံသို့ စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းတပ်သား ၃ ဦးသည် လက်နက်များနှင့် အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ယနေ့ မေလ ၄ ရက်တွင် တပ်ရင်းက ထုတ်ပြန်ကြေညာထားပါသည်။

စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၇) တပ်ရင်းမှ တပ်သားများသည် သေနတ် ၃ လက်၊ ကျည်ဘောက် ၁၂ ခု၊ ကျည်ဆန်များ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်နှင့် ခဲယမ်းပစ္စည်းများ ယူဆောင်လာခဲ့ပြီး ၎င်းတို့ကို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း စီစစ်လက်ခံထားကာ ဂုဏ်ပြုဆုငွေ များလည်း ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမှတ် (၂) တပ်ရင်းမှာ ရှိသောစစ်ကောင်စီ တပ်သားများ စစ်ကောင်စီမှ ထွက်ခွာပြီး ပြည်သူနှင့် ပူးပေါင်းလိုသူများအား ကြိုဆိုလက်ခံမည်ဖြစ်ကာ လက်နက်များ ယူဆောင်လာပါက ထိုက်တန်သော ဆုကြေးငွေ ပေးအပ်မည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါသည်။

ဤဖြစ်ရပ်သည် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်သို့ ဆက်လက်ပြန်လည်ဝင်ရောက်လာမှု တိုးနေသည်ကို ပြလျက်ရှိသည်။