_______________________________

၁။ သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

————————————————————

မေ ၈

The Kaladan Post

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို မေလ ၇ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်တပ်၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တတိယအကြိမ် အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ထား သော်လည်း စစ်တပ်က လိုက်နာမှုမရှိဘဲ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ပြည်သူများအနေဖြင့် စစ်တပ်နှင့်ဝေးရာတွင် နေထိုင်ရန်နှင့် လေကြောင်းရန်ကာကွယ်ရေး အတွက် ဗုံးခိုကျင်းများ တူးထားရန် ပြင်ဦးလွင်ခရိုင် ပကဖက တိုက်တွန်းထားသည်။

၂။ ညောင်လေးပင်တွင် လူငယ် ၁၂ ဦး တာဆွဲဖမ်းဆီး၊ ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကြေးခြိမ်းခြောက်တောင်းခံ

——————————————————————

မေ ၈

The Kaladan Post

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ လက်ပန်ပုနှင့် ကြံဘိုရွာတို့တွင် စစ်တပ်က အရပ်ဝတ်ဖြင့် လူငယ် ၁၂ ဦးကို မေလ ၇ ရက်ညက ပေါ်တာဆွဲဖမ်းဆီးကာ စစ်သားစုဆောင်းရေးတပ်သို့ ခေါ်ဆောင်သွားသည်။ ဖောကားနှင့် သုံးဘီးဆိုင်ကယ်များဖြင့် ပုံစံဖျက်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်း၊ ကန့်လန့်ကုန်း၊ ရှားပင်ကုန်းနှင့် ဆင်ကျွန်းကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေအကြောင်းပြီး အိမ်ထောင်စုတစ်ခုလျှင် ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်အထိ ငွေကြေးခြိမ်းခြောက်ကောက်ခံနေသည်။ ရှားပင်ကုန်းအုပ်ချုပ်ရေးမှူး မောင်ဝင်းနှင့် သောင်ပြင်ကုန်းအုပ်ချုပ်ရေးမှူး သန်းလင်းအောင်တို့က ဦးဆောင်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူများထံမှ စစ်မှုထမ်းအတွက် ငွေကြေးတောင်းခံနေသည့် ရှားပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအမည်မှာ မောင်ဝင်းဖြစ်ပြီး သောင်ပြင်ကုန်း အုပ်ချုပ်ရေးမှူးအမည်မှာ သန်းလင်းအောင် ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံထားရသော စစ်မှုထမ်း လူငယ်များ

၃။ မင်းတပ်မြို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံး

—————————————————————————-

မေ ၈

The Kaladan Post

၂၀၂၅ ခုနှစ် မေလ ၇ ရက်က ချင်းပြည်နယ်၊ မင်းတပ်မြို့အား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ မနက် ၁:၃၀ ဝန်းကျင်တွင် ဗုံးနှစ်လုံးကြဲချမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး မွန်းလွဲ ၂:၄၀ ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အစိုးရအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးကာ အရပ်သားပြည်သူများ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၄။ ဒူးသထူခရိုင်တွင် စစ်ကောင်စီအကြမ်းဖက်မှုကြောင့် ပြည်သူ ၈,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

———————————————————————–

မေ ၈

The Kaladan Post

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုနှင့် သထုံမြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ယင်းကြောင့် ဆေးရုံ ၁ ရုံ၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် ရာဘာခြံများ၊ စိုက်ပျိုးဥယျာဉ်များ ထိခိုက်ပျက်စီးခဲ့ရသည်။

ဧပြီလ ၂၈ ရက်မှ မေလ ၆ ရက်အတွင်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာများဖြင့် ပေါင် ၃၀၀ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခဲ့သည်။ ဖလံတောင်ဆေးရုံမှာ ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ပြိုကျပျက်စီးခဲ့ပြီး ရာဘာပင် ၅၀ ကျော်နှင့် ကြက်မောက်ခြံ၊ ထန်းခြံများလည်း ပျက်စီးခဲ့သည်။

ဤအကြမ်းဖက်မှုများကြောင့် ကျိုက်ထိုမြို့နယ်မှ ပြည်သူ ၈၀၀၀ ဦးကျော် အသက်ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ကေအဲန်ယူ−ဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ − စစ်ကောင်စီအကြမ်းဖက်မှုကြောင့် ပျက်စီးခဲ့ရသည့် နေရာများ

၅။ မကဒတ နှင့် BLDF စစ်အာဏာရှင်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူ

————————————————————————

မေ ၈

The Kaladan Post

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ဗဟိုကော်မတီဝင်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၅ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် အွန်လိုင်းတွေ့ဆုံပွဲ ကျင်းပခဲ့သည်။ တွေ့ဆုံမှုတွင် ၂၀၂၅ ၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မကဒတ နှင့် BLDF တို့သည် အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ လူထုစည်းရုံးရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်ရန်၊ ထိရောက်သော နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်နှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မကဒတသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှ အစပြုခဲ့ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားလျက်ရှိသည်။ BLDF သည် ဗမာအများစု ဒေသများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိရန် နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအဖွဲ့အစည်းနှစ်ခုသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs)နှင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိသည်။

၆။ ကန့်တလူရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

————————————————————————

မေ ၈

The Kaladan Post

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကန့်တလူရွာအနီးတွင် ၂၀၂၅ခုနှစ်၊ မေလ (၅)ရက်နေ့ နံနက် ၈:၃၀ ခန့်က ဆက်ကြေးကောက်ရန် ထွက်လာသော စစ်ကောင်စီ၏ Mark 2 ကား တစ်စီးကို Generation Z Power – GZP (Mandalay)၊ Taw Twin Tup Pee LDF၊ BRA LDF နှင့် ရပ်ကျေးပကဖ ပူးပေါင်းတပ်ဖွဲ့များက မိနစ် ၂၀ ခန့် ပြင်းထန်စွာ ပစ်ခတ်ခဲ့ရာ ကားပေါ်ပါ စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံး၊ ၁ ဦး လက်ဒဏ်ရာရရှိပြီး ကားပျက်စီးခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုအတွင်း ခရီးသွားပြည်သူများ ထိခိုက်မှုမရှိစေရန် ဂရုပြုခဲ့ကြောင်း၊ လက်နက်များ သိမ်းဆည်း နိုင်ခြင်းမရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း GZP တာဝန်ရှိသူက ပြောကြားသည်။

GZP က စစ်ကောင်စီတပ်သားများ၊ ရဲ၊ ပျူစောထီးနှင့် လက်အောက်ခံဝန်ထမ်းများအား နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရန် တိုက်တွန်းပြီး ဆက်လက်ခုခံပါက လွတ်လမ်းမရှိတော့ ကြောင်း သတိပေးထားသည်။

၇။ ကျုံဒိုးမြို့တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်း ဒုတပ်ရင်းမှူးအပါအဝင် ၃၀ ခန့်သေဆုံး

———————————————————————-

မေ ၈

The Kaladan Post

၂၀၂၅ ဧပြီလ ၃၀ နံနက် ၇ နာရီခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ နွားခြံကုန်းကျေးရွာအနီးသို့ စစ်ကောင်စီစစ်ကြောင်း (အင်အား ၅၀ ခန့်) ဝင်ရောက်လာရာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်ပြည်သစ်ပါတီ (NMSP-AD)၊ KNLA ဦးဆောင်သော Lion Battalion နှင့် ပျံလွှားစစ်ကြောင်းတို့က တနင်္သာရီတိုင်း ကမ်းရိုးတမ်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၂၀၈၊ ၁၀၂ နှင့် ၄၃၂ တပ်ရင်းများမှ စစ်သားများ ပါဝင်သော စစ်ကြောင်းအား ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း နံနက် ၁၀ နာရီခန့်အထိ ပြင်းထန်စွာ ပစ်ခတ်ခဲ့ရာ ခမရ ၄၃၂ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက်အပါအဝင် စစ်သား ၃၀ ခန့် သေဆုံးပြီး ၎င်းစစ်ကြောင်း နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ယခုအခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတင်းများ နားစွင့်ကာ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်မှ ကာကွယ်ရန် လုံခြုံသောနေရာ များတွင် နေထိုင်ရန် တိုက်တွန်းထားသည်။