၁။ ဗန်းမော်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ ၁၅ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရ
———————————————————-
မေလ ၈
The Kaladan Post
အကြမ်းဖက်စစ်ကောင်စီသည် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ကို ပစ်မှတ်ထား၍ မေလ ၈ ရက် ညနေ ၅ နာရီနှင့် ည ၉ နာရီကျော်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်နေစဉ် ကျန်ရှိစစ်ရှောင်ပြည်သူ ၃၈၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များက ဘေးကင်းလုံခြုံရာ နေရာသို့ အမြန်ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြည်သူလူထုအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။
၂။ ဖားကန့်တွင် စစ်ကောင်စီထိုးစစ်ကို KIA နှင့် KPDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်
———————————————————————
မေ ၉
The Kaladan Post
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ဆိုင်းဖရာနှင့် ကပ်မှော်ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
မေလ ၈ ရက်က ဆိုင်းဖရာရွာအတွင်း ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်တပ်သည် ကပ်မှော်ရွာသို့ ဆုတ်ခွာသွားခဲ့သည်။ ကပ်မှော်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကိုလည်း တစ်နေကုန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများပြားခဲ့သည်။ လွန်ခဲ့သော ၃ ပတ်အတွင်း စစ်ကောင်စီသည် တင့်ကား၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် ထိုးစစ်ဆင်သော်လည်း KIA နှင့် KPDF တပ်များက ပိတ်ဆို့တိုက်ခိုက်ထားသဖြင့် ဖားကန့်မြို့သို့ ရောက်ရှိနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီသည် ဆိုင်းဖရာနှင့် ကပ်မှော်ရွာတစ်ဝိုက်ကို မေလ ၈ ရက် ညနေနှင့် ည ၉ နာရီကျော်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ဖားကန့်သို့ ဦးတည်သော စစ်ကြောင်းနှစ်ခုဖြင့် အင်အား ၉၀၀ ကျော်၊ တင့်ကား၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်နေသော်လည်း KIA နှင့် KPDF တပ်များက ဖားကန့်သို့ ဦးတည်သည့် လမ်းကြောင်း ၃ ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
ဖားကန့်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများသည် တပ်အတွင်း ပိတ်မိနေပြီး မြို့တွင်း နယ်မြေစိုးမိုးမှု မရှိတော့ပေ၊ စစ်ကောင်စီသည် ကံဆည်းဗျူဟာကုန်းသို့ စစ်ဗျူဟာမှူးအသစ်နှင့် စစ်အင်အား ထပ်မံဖြည့်တင်းရန် ကြိုးပမ်းနေသော်လည်း KIA နှင့် KPDF ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အောင်မြင်မှုမရှိပေ။
၃။ စစ်ကောင်စီ၏ အပစ်ရပ်ချိုးဖောက်မှုကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၄ ဦးသေဆုံး
————————————————————-
မေ ၉
The Kaladan Post
စစ်ကောင်စီက ၂၀၂၅ မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်ရပ် ကာလသတ်မှတ်ထားသော်လည်း မေလ ၇ မှစ၍ နောင်ချိုမြို့နယ်တွင် ထိုးစစ်ဆင်မှုကြောင့် TNLA နှင့် ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ လေကြောင်းဗုံးကြဲမှုကြောင့် ကလေးများ အပါအဝင် ပြည်သူ ၄ ဦးသေဆုံးသည်။ မေလ ၈ တွင် ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံးကြဲချမှုနှင့် လက်နက်ကြီးဖြင့် ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံး ၆ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ အပစ်ရပ်ချိုးဖောက်မှုများသည် တိုက်ပွဲဖြစ်ပွားမှု၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။ ပြည်သူများအား လေကြောင်းရန် ကာကွယ်ရေးနည်းလမ်းများ လိုက်နာပြီး ဘေးကင်းစွာ သတိထား လှုပ်ရှားသွား လာကြရန် TNLA က တိုက်တွန်း ထားသည်။
၄။ ထီးခီးဒေသ အလုံးစုံပြန်လည်သိမ်းပိုက်
————————————
မေ ၉
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီးဒေသရှိ ထီးထာနှင့် ထီးခီးဗျူဟာစခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နှင့် မေလ ၉ ရက်တို့တွင် အပြည့်အဝသိမ်းပိုက်ခဲ့သည်။
ထီးခီးဒေသသည် ၁၉၇၄ ခုနှစ်တွင် မြိတ်−ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ်နှင့် တပ်မဟာဌာနချုပ်အဖြစ် စီစဉ်တည်ထောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထီးထာတွင် ဌာနချုပ်ရုံးများနှင့်အတူ ရုံးအဖွဲ့ဝင်များ၏ မိသားစုများလည်း နေထိုင်ခဲ့ကြသည်။ သို့သော် ၁၉၉၇ ခုနှစ်တွင် မြန်မာ့တပ်မတော်၏ တပ်မ ၅၅ နှင့် တပ်မ ၆၆ ဦးဆောင်သော တပ်ရင်း ၂၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထီးခီးဒေသအား လက်လွတ်ခဲ့ရသည်။
ယခုအခါ ကေအဲန်ယူသည် ဆုံးရှုံးခဲ့ရသော ထီးခီးဒေသကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးအတွက် ဆက်လက်ကာကွယ်သွားမည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓါတ်ပုံ -ထီးထာနှင့် ထီးခီးဗျူဟာစခန်းများမှ သိမ်းဆည်းရမိသည့် လက်နက်များနှင့်အတူ K.N.L.A နှင့် K.N.D.O တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
၅။ မြောင်မြို့မ ရဲစခန်းတိုက်ခိုက်မှု၊ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ
——————————————————————
မေ ၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြောင်မြို့မ ရဲစခန်းမှ ပြည်သူထံ ငွေညှစ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို CDSOM (ဗိုလ်စင်္ကြာ) နှင့် မဟာမိတ်တော်လှန်ရေးတပ်များက မေလ ၅ ရက်တွင် တိုက်ခိုက်ခဲ့သည်။ ၁ နာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်ဗိုလ်အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိသည်။ MA စီးရီ သေနတ် ၃ လက်သိမ်းဆည်းရပြီး တော်လှန်ရေးရဲဘော် ၁ ဦး လက်မောင်းဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရဟု သိရသည်။