The Kaladan Post
၂၀၂၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူ့တော်လှန်ရေး၏ မဟာဗျူဟာဦးတည်ချက်များ အောင်မြင်စေရန် ဘက်စုံချဉ်းကပ်မှုကို အခြေခံသည့် မဟာဗျူဟာနည်းလမ်း (၆) ခုကို ချမှတ်အကောင်အထည်ဖော်နေကြောင်း ၎င်းတို့၏ လေးနှစ်ပြည့် အစီရင်ခံစာကို ကိုးကားပြီး ယနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
၎င်း ထုတ်ပြန်ချက်အရ နိုင်ငံရေးနည်းလမ်းတွင် မဟာမိတ်အဖွဲ့အစည်းများနှင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် ပြည်သူလူထု၏ စဉ်ဆက်မပြတ် ထောက်ခံပါဝင်မှုကို ထိန်းသိမ်းမြှင့်တင်နေကြောင်း၊ နိုင်ငံခြားရေးနည်းလမ်းအရ မြန်မာ့တော်လှန်ရေးအပေါ် နိုင်ငံတကာ၏ သိရှိနားလည်မှုနှင့် ထောက်ခံအားပေးမှုများ တိုးတက်ရရှိအောင် ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။
စစ်ရေးကဏ္ဍတွင်လည်း တပ်မတော်ကို Chain of Command နှင့် Code of Conduct ဟူသော CoC နှစ်ရပ်အပေါ် အခြေခံပြီး တိုက်စွမ်းရည်မြင့်မား၍ ဗျူဟာမြောက်သော တိုက်ပွဲဝင်နိုင်ရန် တည်ဆောက်နေကြောင်း ဖော်ပြထားသည်။
ဆက်လက်ပြီး အုပ်ချုပ်ရေးနည်းလမ်းအရ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို တရားဥပဒေနှင့်အညီ စီမံဆောင်ရွက်နေပြီး ဥပဒေအခြေခံနှင့်အညီ စနစ်တကျ ထိန်းကျောင်းကြပ်မတ်ကာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် တော်လှန်ရေးအတွက် အရေးကြီးသော ဘဏ္ဍာရေးနည်းလမ်းတွင် လိုအပ်သော ဘဏ္ဍာရန်ပုံငွေကို စဉ်ဆက်မပြတ် ဖြည့်တင်းနိုင်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာရန်ပုံငွေ ရလမ်းများကို ဖြတ်တောက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
နောက်ဆုံးအနေဖြင့် လူထုဆက်ဆံရေးနည်းလမ်းအရ တော်လှန်ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာက ကောင်းစွာ နားလည်သိရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရက အဆိုပါ မဟာဗျူဟာနည်းလမ်း (၆) ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင်ကာ ဖော်ဆောင်ခြင်းဖြင့် ဒေသအလိုက် လွတ်မြောက်မှုမှသည် ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်သည်အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။
“ချင်းညီနောင်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် ပြောရခက်မည် တခြားတိုင်းရင်းသားလက်နက်ကိုင်နဲ့ ဆက်ဆံရေးတော့ အတွင်းလူမဖြစ်တော့ မသိဘူး”
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရသည် အစိုးရတစ်ရပ်ပုံစံ လုပ်နေပြီး အစိုးရအဖြစ် ပြည်သူကရော၊ နိုင်ငံတကာကပါ အသိအမှတ်ပြုရေးသာ ကြိုးစားနေခြင်းကြောင့် တော်လှန်ရေး အလုပ်အား ထိရောက်စွာ မလုပ်နိုင်ကြောင်း ဝေဖန်မှုများရှိနေပါသည်။ စစ်ရေးအရ ဆိုရင်လည်း ၄ နှစ်တာကာလအတွင်း မဟာဗျူဟာမြောက် စစ်ရေးဖော်ဆောင်နိုင်မှုမရှိသေးဘူးဟုလည်း ထောက်ပြမှုများရှိနေပါသည်။ ထို့အပြင် မူဝါဒများသာချမှတ်ပြီး မြေပြင်မှာ အသက်ဝင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် လွတ်မြောက်နယ်မြေများမှာပင် အုပ်ချုပ်ရေးကို အမျိုးမျိုးပုံဖော်ကာ တချို့နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် နာမည်အရသာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်တွင်ရှိကာ အမျိုးသားညီညွတ်ရေးအစိုးရမှ ၎င်းတို့လုပ်ဆောင်ချက်များကို ဝင်စွက်ဘက်နိုင်ခြင်း၊ လွှမ်းမိုးနိုင်ခြင်း မရှိသည့် အခြေအနေများ ရှိနေသည်ဟု မြေပြင်အခြေအနေကို သိရှိသူများက ထောက်ပြကြပါသည်။ ထို့အပြင် နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ယနေ့တိုင်ထိရောက်စွာ ဆောင်ရွက်နိုင်မှုအားနည်းပြီး စစ်ကောင်စီကို နိုင်ငံတကာမှ ပိုပြီး ချဉ်းကပ်လာမှုရှိနေသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဌာန အားနည်းချက်များကြောင့်ဟု ဆိုကြပါသည်။
ဒီထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး CDM ဗိုလ်ကြီး ကောင်းသူဝင်းမှ မှတ်ချက်ပြုရာတွင် ” စစ်ရေးအပိုင်းမှာတော့ 2021 ခုနှစ် အစပိုင်းတွေမှာထက် အခုဆိုရင် အများကြီး အားရကျေနပ်မှု အများကြီးရှိလာပါတယ်၊ ၄ နှစ်လောက်သာသာပဲ ရှိသေးတဲ့အတွက် လိုအပ်ချက်တစ်ချိုတော့ ရှိနေသေးပေမယ့် အခုနောက်ပိုင်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုပိုင်းတွေမှာဆို အားရကြေနပ်မှု အများကြီးရှိကြောင်း The Kaladan Post ကိုပြောကြားခဲ့သည်။
မဟာမိတ်ဆက်ဆံရေးနှင့် ပတ်သက်ပြီး ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဌ၊ CDF-Mindat စစ်ဦးစီးချုပ် ဆလိုင်း ထန်းချွန်ဖေက ချင်းညီနောင်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဆက်ဆံရေးဟာ မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် ပြောရခက်မည် တခြားတိုင်းရင်းသားလက်နက်ကိုင်နဲ့ ဆက်ဆံရေးတော့ အတွင်းလူမဖြစ်တော့ မသိဘူးဟု The Kaladan Post သို့ပြောကြားခဲ့ပါသည်။ “အမျိုးသားညီညွတ်ရေးအစိုးရမှာ မူအားနည်းချက်လား၊ လူအားနည်းချက်လား နှစ်ခုလုံးလားရှိနေပုံရတယ် တော်လှန်ရေး ထိရောက်ဖို့ ဒါတွေကို အမြန်ပြင်ဖို့လိုတယ်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ဤထုတ်ပြန်ချက်သည် အကြမ်းဖက်စစ်ကောင်စီအား ရုရှား၊ တရုတ် နှင့် အိန္ဒိယ နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံတကာ အစည်းအဝေးများသို့ တရားဝင် ဖိတ်ကြားတက်ရောက်စေသည့် နောက်ပိုင်းတွင် အမျိုးသားညီညွှတ်ရေးအစိုးရက ယခုလို ထုတ်ပြန်ထားခြင်းဖြစ်သည်။