—————————————————————–
ဇွန် ၉
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ရှိ ရဲစခန်းအား ဇွန်လ ၈ ရက် နံနက် ၅:၃၀ ခန့်တွင် မြင်းခြံတိုက်နယ်(၃) နဂါးနီပြောက်ကျားနှင့် Sintgaing Revolution Force-SRF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ၆၀ mm (၅) လုံး၊ ၄၀mm (၃) လုံးဖြင့် စခန်းအတွင်း ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြင်းခြံတိုက်နယ်(၃) နဂါးနီပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ကိုဇော်ရီးက “၆၀ mm (၅) လုံး အရင်ပစ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က လက်နက်ငယ်ဖြင့် ပြန်လည်ခုခံခဲ့တာတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ သတင်းထုတ်ပြန်ချိန်မှာ ၁ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ယခုကျွန်တော်တို့ သတင်းရရှိချက်အရ သေဆုံးသူ ၅ ဦးအထိ အတည်ပြုနိုင်ပြီလို့ ဆိုပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် မကြာခင်တွင် စခန်းသိမ်းတိုက်ပွဲလည်း ဆင်နွှဲတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မန္တလေး-မြင်းခြံလမ်းပိုင်းနှင့် ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် ည ၉ နာရီမှ နံနက် ၄ နာရီအထိ ခရီးသွားလာမှု မပြုလုပ်ရန် အသိပေးထားပြီး၊ စည်းကမ်းဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။