ဖေဖေါ် ၂၃
The Kaladan Post
ယူကရိန်း စစ်သုံ့ပန်းများအပေါ် ပြင်းထန်ရက်စက်သည့် အပြုအမူများကို ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း ကြွားဝါထားသည့် စာတို (message) များ ပေါ်ထွက်လာမှုကြောင့် ရုရှား စစ်ဗိုလ်ချုပ်တစ်ဦးအပေါ် စွပ်စွဲချက်များ တိုးပွားလာနေသည်။
အသက် ၄၉ နှစ်အရွယ် ရိုမန် ဒီမူချိဗ် (Roman Demuchiv) သည် ယူကရိန်း အကျဉ်းသားများနှင့် စစ်သုံ့ပန်းများအပေါ် ၎င်းနှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် ညှင်းပန်းနှိပ်စက်မှုများကို ဇနီးဖြစ်သူထံ ဂုဏ်ယူစွာ မျှဝေခဲ့ကြောင်း မီဒီယာများက ဖော်ထုတ်ခဲ့သည်။
အဆိုပါ စာတိုများနှင့် ဓာတ်ပုံအချက်အလက်များကို ယူကရိန်း စစ်တပ်အတွင်း သတင်းရင်းမြစ်တစ်ခုမှ ရရှိခဲ့ခြင်းဖြစ်ပြီး Radio Free Europe/Radio Liberty (RFE/RL) နှင့် အခြား သတင်းဌာနတစ်ခု၏ အချက်အလက်စိစစ်ရေး ယူနစ်များက စိစစ်အတည်ပြုခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် အောက်တို ဘာလတွင် ဇနီးထံ ပေးပို့ခဲ့သည့် စာတိုတစ်ခုအရ ဒီမူချိဗ်က သုံးရက်ကြာ စစ်ဆင်ရေးအတွင်း ယူကရိန်း စစ်သည် ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။ ထို့ပြင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို သတ္တုပိုက်တစ်ခုတွင် ချိတ်ဆွဲထားသည့် ဓာတ်ပုံတစ်ပုံကိုပါ ပူးတွဲပေးပို့ခဲ့သည်ဟု ဆိုသည်။ ဇနီးဖြစ်သူ ၏ မေးမြန်းမှုအပေါ် ၎င်းက အဆိုပါ အစိတ်အပိုင်းများဖြင့် လည်ဆွဲတန်ဆာ ပြုလုပ်ပေးမည်ဟု ပြန်လည်ဖြေကြားထားကြောင်း ဖော်ပြထားသည်။ထို့အပြင် ယူကရိန်း အကျဉ်းသားများကို ပစ်သတ် ခြင်းနှင့် အလောင်းများ စွန့်ပစ်ခြင်းအကြောင်းကိုလည်း လုပ်ဖော်ကိုင်ဖက်များနှင့် မျှဝေပြောဆိုထား သည့် ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းများ ရှိကြောင်း သတင်းများက ဆိုသည်။
ဒီမူချိဗ်သည် ၂၀၂၃ ခုနှစ်တွင် မော်စကိုဒေသ အုပ်ချုပ်ရေးမှူးထံမှ သူရဲကောင်းဆုတံဆိပ် လက်ခံ ရယူခဲ့ဖူးပြီး၊ ထိုနှစ်အတွင်း Vladimir Putin က ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခန့်အပ်ခဲ့သည်ဟု သိရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ၎င်းသည် ရုရှား အမှတ် ၂၀ ပူးပေါင်းတိုက်ခိုက်ရေးတပ်၏ ဒုတိယ အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
တခြား စာတိုတစ်ခုတွင် ယူကရိန်း စစ်သားတစ်ဦးကို ကျင်းထဲတွင် ဖမ်းဆီးထားကြောင်း၊ ဖျောက်ဖျက် ပစ်ရန် သို့မဟုတ် ထောက်လှမ်းရေးသို့ လွှဲပြောင်းရန် ညွှန်ကြားချက် တောင်းခံထားကြောင်းလည်း ပါရှိသည်။ အဆိုပါ စစ်သားမှာ Zaporizhzhia Oblast မှ စစ်မှုထမ်းသူတစ်ဦးဖြစ်ပြီး ၁ နှစ်နှင့် ၁၀ လကြာ ဖမ်းဆီးခံရပြီးနောက် သုံ့ပန်းလဲလှယ်မှုအစီအစဉ်အရ ပြန်လည်လွတ်မြောက်ခဲ့သည်ဟု သိရ သည်။ မိသားစုဝင်များအဆိုအရ ၎င်းသည် ချုပ်နှောင်ခံစဉ် ရိုက်နှက်ခြင်းနှင့် လျှပ်စစ်ရှော့တိုက်ခြင်းတို့ ခံခဲ့ရသည်။ ယူကရိန်း စစ်ဘက်သတင်းရင်းမြစ်များကလည်း Donbas ဒေသအတွင်း ယူကရိန်း စစ်သုံ့ပန်းများ သတ်ဖြတ်ခံရမှုများ ရှိခဲ့ကြောင်း အတည်ပြုထားသည်။
လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ စစ်တမ်းများအရ ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း သုံ့ပန်းများအပေါ် စနစ်တကျ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခံရမှုများ ရှိနေကြောင်း သိရသည်။ United Nations Human Rights Monitoring Mission in Ukraine ၏ အစီရင်ခံစာအရ ရုရှားထိန်းချုပ်မှုအောက်တွင် ဖမ်းဆီးခံခဲ့ရသည့် ယူကရိန်း စစ်သည်များအနက် ၉၅ ရာခိုင်နှုန်းခန့်မှာ ညှင်းပန်းနှိပ်စက်မှုများနှင့် အခြား ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များကို ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။
Source: The Telegraph