The Kaladan Post

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇားခရိုင် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ လူထုအခြေပြု စာသင်ကျောင်းများ၏ ကျောင်းအုပ် (သို့မဟုတ်) တာဝန်ရှိပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော ရိုဟင်ဂျာ ဒုက္ခသည်စခန်းအခြေပြု စာစစ်ဘုတ်အဖွဲ့အား ဒုက္ခသည်စခန်းရှိ ကလေးသူငယ်များ ပညာသင်ယူခွင့် မဆုံးရှုံးရေး၊ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိရေး၊ စနစ်တကျ ပညာရေးသင်ယူခွင့်ရရှိရေးကို ဦးတည်ကာ ဖွဲ့စည်းထူထောင်ကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ပညာရေးကော်မတီ (ယာယီ) က ထုတ်ပြန်ထားပါသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးမှ “ကျနော်တို့ရဲ့ စာသင်ကျောင်းတွေက လူထုအခြေပြု စာသင်ကျောင်း community based school တွေပါ။ ဒီလူထုအခြေပြု စာသင်ကျောင်းတွေအားလုံးကို ပေါင်းပြီး စာစစ်ဘုတ်အဖွဲ့ တစ်ရပ် ထူထောင်ခြင်းဟာလည်း လူထုအခြေပြုမို့ မြန်မာပြည်ဘက်မှာ အမျိုးသားညီညွတ်ရေးနဲ့ရော စစ်ကောင်စီနဲ့ရော ချိတ်ထားတာ မရှိပါဘူး။ လူထုအခြေပြုစာကျောင်းအတွက် လူထုအခြေပြုစာစစ်ဘုတ်အဖွဲဲ့မျိုးပါ” ဟု The Kaladan Post သို့ စာဖြင့် ဖြေကြားထားပါသည်။

                                    “ဒီစာစစ်ဘုတ်အဖွဲ့အောက်မှာ ယခုထိ စာသင်ကျောင်း ၆၀ နီးပါး ပူးပေါင်းပါဝင်လာပါတယ်။ တချို့စာသင်ကျောင်းတွေလည်း ထပ်ပြီး ပါဝင်လာဖို့ ရှိပါတယ်”

ထို့အပြင် ထုတ်ပြန်ချက်တွင် ဒုက္ခသည်စခန်းများရှိ လူထုအခြေပြု စာသင်ကျောင်းများမှာ အခက်အခဲ မျိုးစုံကြားတွင် ကလေးသူငယ်တိုင်း ပညာသင်ယူခွင့်ရရှိရေး အားသွန်ခွန်စိုက် ကြိုးစားလျက်ရှိပြီး ကျောင်းသား/သူများ အရည်အသွေးပြည့်မီသော ပညာရေး ရရှိနိုင်ရေးအတွက် စာသင်ကျောင်းများ ဘုံစီမံခန့်ခွဲမှုအောက်တွင်ရှိရန် လိုအပ်သည်ဟု ယူဆချက်ကြောင့် စာသင်ကျောင်း (၅၃) ကျောင်းမှ ကျောင်းအုပ်၊ တာဝန်ရှိသူများ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းကာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် “ပညာရေးကော်မတီ (ယာယီ)” အား ဖွဲ့စည်းထားသည်ဟု ပါရှိပါသည်။

အဆိုပါ ပညာရေးဘုတ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးမှ “ဒီစာစစ်ဘုတ်အဖွဲ့အောက်မှာ ယခုထိ စာသင်ကျောင်း ၆၀ နီးပါး ပူးပေါင်းပါဝင်လာပါတယ်။ တချို့စာသင်ကျောင်းတွေလည်း ထပ်ပြီး ပါဝင်လာဖို့ ရှိပါတယ်။ အတန်းလိုက် ကျောင်းသားဦးရေစာရင်းကိုတော့ အခုအချိန်မှာ ကျောင်းသားတွေရဲ့ privacy အရ ကျနော်တို့ တရားဝင်ကြေညာလို့ မရသေးပါ” ဟု The Kaladan Post ထံ ဖြည့်စွက် ဖြေဆိုထားပါသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များသည် မြန်မာနိုင်ငံသားများ ဖြစ်သောကြောင့် မြန်မာစနစ်သစ် သင်ရိုးညွှန်းတမ်းကို အသုံးပြုထားကြောင်းနှင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုကြောင့် ၂၀၁၆ နှင့် ၂၀၁၇ နှစ်တွေမှာ လူသန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေပြီး မြန်မာနိုင်ငံစာသင်ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့ ကလေးများစွာ ပါဝင်သော်လည်း အဆင့်မြင့်ပညာသင်ကြားခွင့် မရရှိကြကြောင်း တာဝန်ရှိသူက ဆိုထားပါသည်။ ပညာရေးကော်မတီ (ယာယီ) ထုတ်ပြန်ချက်တွင် ပညာရေးကော်မတီက ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးကာ ကျောင်းသူ/သားများ၏ မှန်ကန်သော သင်ယူမှုအဆင့်အတန်းကို တိုင်းတာရေး၊ စာမေးပွဲများကို စနစ်တကျ ကျင်းပနိုင်ရေး၊ စာစစ်လုပ်ငန်းများကို စည်းကမ်းတကျ ဆောင်ရွက်နိုင်ရေး၊ စာမေးပွဲရလဒ်များကို မှန်ကန်စွာ ထုတ်ပြန်နိုင်ရေး စသော စာမေးပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို စည်းစနစ်ကျကျ စီမံဆောင်ရွက်နိုင်ရန် သဘောတူထားကြောင်း ဖော်ပြထားပါသည်။

ပညာရေးဘုတ်ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး “လူတိုင်းမှာ ပညာသင်ယူခွင့် ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာလည်း ပါပါတယ်။ ကျွန်တော်တို့လူမျိုးဟာ Genocide Victim တွေပါ။ မြန်မာ အစိုးရအဆက်ဆက်ရဲ့ စနစ်တကျ နှိမ်နင်းမှုကို ခံခဲ့ရသူတွေပါ။ ကျွန်တော်တို့ ကလေးတွေလည်း လူသားတိုင်းလို ပညာတတ်မြောက်ခွင့် ရှိပါတယ်။ ရိုးရှင်းပြီး အေးချမ်းတဲ့ဘဝတစ်ခုနဲ့ အသက်ရှင်သန်ခွင့်ရှိပါတယ်။ ဆိုတော့ အခုအခြေအနေဟာ ကျွန်တော်တို့ အိုးမဲ့အိမ်မဲ့နဲ့ သူများနိုင်ငံမှာ ဒုက္ခ အခက်အခဲ သောင်းပေါင်းခြောက်ထောင်ကို ရင်ဆိုင်ရင်း အသက်ရှင်နေရတဲ့အချိန်မျိုးမှာ ကလေးတွေကို ရတဲ့နည်းနဲ့ ပညာသင်ယူနိုင်ခွင့်ဖန်တီးပေးဖို့၊ formal and quality education ကို ကလေးတွေ ရရှိကြဖို့ ရည်ရွယ်ဖွဲ့စည်းတဲ့ ဘုတ်အဖွဲ့တစ်ခု ဖြစ်ကြောင်း သိစေလိုပါတယ်” ဟု တာဝန်ရှိသူက ဆိုထားပါသည်။