ဖေဖေါ် ၁၆

The Kaladan Post

 

 

North Korea အစိုးရက ရုရှားစစ်မြေပြင်တွင် တိုက်ပွဲကျဆုံးခဲ့သည့် စစ်သည်များ၏ မိသားစုဝင်များအား တိုက်ခန်းအသစ်များ ပေးအပ်ခဲ့ကြောင်း တရားဝင်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မြောက်ကိုရီးယား အစိုးရမီဒီယာများက နိုင်ငံခေါင်းဆောင် Kim Jong Un သည် သမီးဖြစ်သူ Kim Ju Ae နှင့်အတူ အဆိုပါ အိမ်ရာအသစ်များသို့ သွားရောက်ကာ ကျဆုံးစစ်သည် မိသားစုများနှင့် တွေ့ဆုံခဲ့သည့် ပုံရိပ်များကို ထုတ်ပြန်ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခန်းများကို ပြုံယမ်းမြို့တော်ရှိ လမ်းတစ်လမ်းတည်းတွင် တည်ဆောက်ထားပြီး ရုရှားစစ်မြေပြင်၌ အသက်ဆုံးရှုံးခဲ့သည့် စစ်သည် မိသားစုများကို အထူးဂုဏ်ပြုအဖြစ် နေရာချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် မဟာမိတ်နိုင်ငံဖြစ်သော Russia အတွက် တပ်ကူအင်အား သောင်းနှင့်ချီ စေလွှတ်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ထားပြီး၊ ယင်းထဲမှ စစ်သည် ၂၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့နိုင်ကြောင်း South Korea နှင့် အနောက်နိုင်ငံများ၏ ထောက်လှမ်းရေးအဖွဲ့များက ခန့်မှန်းထားသည်။ ထိုတပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြင်းထန်ခဲ့သည့် ရုရှား၏ ကာ့စ်ခ်ဒေသ စစ်မြေပြင်တွင် ရုရှားဖက်မှ ကူညီတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရုရှားသို့ တပ်များ စေလွှတ်ပေးမှုအတွက် အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားသည် ဘဏ္ဍာရေးအထောက်အပံ့များ၊ စစ်ရေးနည်းပညာ အကူအညီများ၊ ရိက္ခာနှင့် စွမ်းအင်ပံ့ပိုးမှုများ လက်ခံရရှိခဲ့နိုင်ကြောင်း နိုင်ငံတကာလေ့လာသူများက ယုံကြည်ထားကြသည်။

အိမ်ရာဖွင့်ပွဲ မိန့်ခွန်းအတွင်း Kim Jong Un က နိုင်ငံ၏ ရည်မှန်းချက်များအတွက် အမြင့်မြတ်ဆုံး ပေးဆပ်ခဲ့သည့် စစ်သည်များအား ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းတို့၏ ဝိညာဉ်များသည် နိုင်ငံအတွက် ထာဝရတည်တံ့နေမည်ဟု အလေးအနက်ထား ပြောဆိုခဲ့သည်။ ထို့အပြင် Vladimir Putin ၏ မူဝါဒများနှင့် ဆုံးဖြတ်ချက်များအား ထောက်ခံကြောင်းလည်း ပြောကြားခဲ့သော်လည်း ရုရှား–ယူကရိန်း စစ်ပွဲကို တိုက်ရိုက် ရည်ညွှန်းခြင်း မရှိခဲ့ပေ။

အစိုးရသတင်းဌာန Korean Central News Agency (KCNA) က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ကင်မ်နှင့် သမီးဖြစ်သူ ဂျူအေးတို့သည် တိုက်ခန်းအသစ်များကို လှည့်လည်ကြည့်ရှုကာ မိသားစုများနှင့် တွေ့ဆုံနေသည့် မြင်ကွင်းများကို တွေ့ရသည်။ ဂျူအေးအား အနာဂတ် မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့များက ခန့်မှန်းထားကြသည်။

 

Source: AFP / KCNA

Photo: AFP