မေးမြန်းသူ- RAIN, Program Host

ဖြေဆိုသူ- ဗိုလ်ကြီးရှိန်းလိန်း (CDM)၊ စစ်တပ်အရာရှိဟောင်း

မေးမြန်းသူ – အားလုံးပဲမင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Interview မှာ ဖိတ်ခေါ်ထားတာကတော့ CDM ဗိုလ်ကြီးရှိန်းလိန်းပဲဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါဆိုတော့ မင်္ဂလာပါဗိုလ်ကြီးရေ။

 

ဖြေကြားသူ – ဟုတ်ကဲ့ မင်္ဂလာပါ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ပထမဦးဆုံးအနေနဲ့ ကျွန်မတို့ရဲ့အစီအစဉ်မှာ ပါဝင်ပေးသွားတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်ရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။

 

မေးမြန်းသူ – ဟုတ်ကဲ့ ကျွန်မတို့အစီအစဉ်မစခင်မှာ ဗိုလ်ကြီးရဲ့နာမည်လေးနဲ့အတူ တော်လှန်ရေးကာလအတွင်းမှာ ဒီလက်ရှိပါဝင်နေတဲ့အခန်းကဏ္ဍလေးကို မိဘပြည်သူတွေကို မိတ်ဆက်ပေးပါဦးရှင်။

 

ဖြေကြားသူ – ဪ ဟုတ်ကဲ့ ကျွန်တော်ကတော့ ၂၀၂၁ စစ်အာဏာသိမ်းတော့ တပ်က နေပြီးတော့မှ CDM လုပ်လာတဲ့ ဗိုလ်ကြီးထွန်းမြတ်အောင်ဖြစ်ပါတယ်။ ဗမာနာမည်က ထွန်းမြတ်အောင်ပေါ့နော်။ ချင်းနာမည်ကတော့ ရှိန်းလိန်းဖြစ်ပါတယ်။ CDM လုပ်လာပြီးတော့ မှ ကျွန်တော် ဒီတော်လှန်ရေးအစပိုင်းတွေမှာ တော်လှန်ရေးတပ်တွေကို စပြီးတော့ တည်ထောင်လာတဲ့တပ်တွေကိုပေါ့နော် တပ်တည်ဆောက်ရေးအတွက် ဒီသင်တန်းတွေ လိုက်ပြီးတော့မှပေးတယ်။ နောက်ပြီးတော့မှ သင်တန်းပေးစရာသိပ်မလိုတော့တဲ့အချိန် ဒီနောက်ပိုင်းမှာကျတော့ ကျွန်တော် ပညာရေးဘက်ကိုပေါ့နော်။ ကျွန်တော်ကဘွဲ့ရတာ မဟာဘွဲ့ရတယ်။ မဟာဘွဲ့ရထားတော့ကျတော့ အဲ့ဒီပညာကိုပြန်ပြီးအသုံးပြုပြီးတော့မှ ဒီကလေးတွေကိုစာပြန်သင်ပေးနေပါတယ်။ ဟုတ်အခုလောလောဆယ်ထိကတော့ ကလေး တွေစာသင်ပေးနေတာပေါ့နော်။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါဆိုတော့ဗိုလ်ကြီးအနေနဲ့ ဒီတပ်မတော်ကနေပြီးတော့မှ ထွက်လာ ပြီးတော့မှတော်လှန်ရေးမှာပေါ့နော် ပါဝင်လာဖို့အတွက်ဒီဆုံးဖြတ်ချက်ချရတဲ့အဓိက အကြောင်းအရင်း ဒါမှမဟုတ်ရင်ဗိုလ်ကြီးအနေနဲ့ဘယ်လိုမျိုးခံယူချက်တွေကြောင့်မို့လို့ ဒီCDM ဝင်လာခဲ့တာဖြစ်မလဲဆိုတာလေးလည်းပြောပြပေးပါဦးရှင်။ ပြီးတော့မှ ဒီ အခုနကပြောတဲ့ ဗိုလ်ကြီးကနေပြီးတော့မှ CDM ဝင်လာပြီးတဲ့နောက်ပိုင်း ဒီတော်လှန်ရေးမှာ ကလေးငယ်တွေ ကို စာသင်ပေးနေတဲ့အခါမှာ စာသင်ပေးနေရတဲ့အတွေ့အကြုံက ဟိုဗိုလ်ကြီးရဲ့ တော်လှန်ရေး ဆိုတဲ့ဒီစကားလုံးအပေါ်မှာပေါ့နော် ဗိုလ်ကြီးရဲ့အမြင်တွေကိုဘယ်လိုများ ပြောင်းလဲစေခဲ့လဲ ဆိုတာလေးကိုလည်းပဲတစ်ပါတည်းပြောပြပေးပါဦးရှင်။

 

ဖြေကြားသူ – ဪ ဟုတ်ကဲ့။ စစ်သားတစ်ယောက်အနေနဲ့ CDM လုပ်လာတဲ့သူတွေကတော့ ပုံစံအမျိုးမျိုးရှိလိမ့်မယ်။ အကြောင်းအရင်းကတော့မတူနိုင်ဘူးပေါ့နော်။ တချို့ကကျတော့ လည်း ကျွန်တော်တို့တပ်ထဲမှာဆိုလို့ရှိရင် တပ်ကိုအမြင်မကြည်တာတော့မဟုတ်ဘူးပေါ့နော်။ ဒီတပ်ကြီးကို ပြုပြင်ပြောင်းလဲချင်တဲ့သူတွေအများကြီးရှိတယ်။ ကျွန်တော်ဆိုလို့ရှိရင် စာအများကြီးဖတ်တယ်။ ဦးသိန်းစိန်အစိုးရ ဒီမိုကရေစီမြန်မာနိုင်ငံ ဒီမိုကရေစီစပြီးတော့မှ ရလာတဲ့အချိန်တုန်းက စာပေတွေပေါ့။ စာပေကင်ပေတိုင်လို့ခေါ်တဲ့ဟာက မရှိတော့ဘူးပေါ့ နော်။ အဲ့မှာစာပေပွင့်လင်းလွတ်လပ်မှုအရ ဒီအများကြီးစာတွေ လွတ်လပ်လာတယ်။ စစ်အစိုးရအကြောင်းအဲ့လိုမျိုး မကောင်းရေးတယ်လို့ပဲပြောမှာပေါ့။ ဝေဖန်လာကြတယ် ပေါ့နော်။ တစ်ခါမှမဖတ်ဖူးတဲ့စာတွေ အဲ့လိုမျိုးဖတ်တော့ကျတော့ အဲ့ဒီ၂၀၁၀ အစပိုင်းကာ လတွေမှာ စပြီးတော့မှကျွန်တော်သိလာတယ်။ ဒီစစ်အစိုးရဆိုတာမကောင်းဘူးဆိုတာ မတူဘူးပဲပြောရမှာပေါ့နော်။ ကျွန်တော့်ကျွန်တော်တအားထူးခြားတယ်လို့တော့ ပြောချင်တာ မဟုတ်ဘူး။ အစောပိုင်းကတည်းကတပ်ရဲ့မကောင်းကြောင်းကိုသိတယ်။ ဒါပေမဲ့လည်း ဟိုမထွက်ဘူးပေါ့နော်။ ထွက်ချင်နေတာတော့ကြာပြီ။ ဒါပေမဲ့ထွက်လို့မကောင်းဘူး။ စစ်သား တစ်ယောက်အနေနဲ့ကျတော့ ဒီလိုတပ်ကနေထွက်တယ်ဆိုတာ ဟိုခွင့်ပြုချက်မရဘဲနဲ့ ထွက်တယ်ဆိုတာတပ်ပြေးပဲ။ စည်းကမ်းမလိုက်နာတာပေါ့လေ။ ဥပဒေချိုးဖောက်တာ ဖြစ်တယ်။ အဲ့ဒါကြောင့်မထွက်ဖြစ်ဘူး။ ထွက်ချင်တာကတော့ကြာပြီ။ ဒီ၂၀၂၁ အာဏာ မသိမ်းခင်အထိပေါ့နော်။ NLD အစိုးရအာဏာရလာတဲ့ ပထမဆုံးသက်တမ်းမှာ ကျွန်တော်အဲ့ NLD ကိုမဲပေးခဲ့တယ်။ တပ်ကနေပြီးတော့ pressure အရမ်းပေးတယ်ပေါ့နော်။ ဒီကြံ့ခိုင်ရေး ကိုပဲ မဲပေးဖို့ ဒီတိုက်ရိုက်ကော သွယ်ဝိုက်ကော အမျိုးမျိုးနဲ့ဖိအားပေးတဲ့ ကြားထဲကနေ ပြီးတော့မှ ဒီ ဆန့်ကျင်ဘက်ပါတီကိုမဲပေးခဲ့တယ်။ အဲ့ကတည်းကနေပြီးတော့ တော်လှန်လာ တာပေါ့လေ။ တော်လှန်ရေးသမားကတော့ စစ်တယ်။ အဲ့လိုနဲ့ကျွန်တော်ဒီတပ်က နိုင်ငံရေး ကနေထွက်ပြီးတော့မှ တပ်အလုပ် တပ်ပဲပြန်လုပ်မယ့်အခြေအနေမရှိတော့ဘူးဆိုတာ လုံးဝ သိလိုက်တဲ့အချိန်မှာ CDM လုပ်လာတာပါ။ အဲ့ခုနဆက်စပ်ပြီးတော့မှ ဒီစစ်သင်တန်းတွေကို လိုက်ပေးပြီးတော့မှ ကလေးတွေကိုပညာပြန်သင်ပေးတဲ့အချိန်မှာ ဒါလည်းတော်လှန်ရေး လုပ်တာပါပဲနော်။ စကစဘက်ကနေပြီးတော့မှလုပ်တဲ့ဒီပညာရေးစနစ်ကို မတက်တဲ့လူတွေ လည်းရှိတယ်ပေါ့နော်။ အဲ့ဒီမှာ သင်တဲ့ဆရာ၊ ဆရာမတွေဆိုလို့ရှိရင်လည်း ဒီစစ်အာဏာရှင် အောက်မှာ စာမသင်ဘူး။ ဒီစစ်အုပ်ချုပ်မှုမဟုတ်တဲ့ ဒီဘက်တော်လှန်ရေးဘက်က အုပ်ချုပ်တဲ့ နေရာတွေမှာစာပြန်ပြီးတော့သင်နေကြတဲ့သူတွေရှိတယ်။ ဒါလည်းသူလည်း စာသင်ရင်းနဲ့ တော်လှန်တာပါပဲ။ အကုန်လုံးက ဒီစစ်အုပ်ချုပ်မှုအောက်ကိုမဝင်ချင်လို့ စစ်အုပ်ချုပ်မှုကို မခံချင်လို့လုပ်နေကြတဲ့ဟာမှန်သမျှအကုန်လုံးကတော့ စစ်အာဏာရှင်ကို တော်လှန်နေ ကြတာပေါ့နော်။ ကျွန်တော်စစ်ရေးစစ်ရာဘက်မှာတော့ထဲထဲဝင်ဝင်မလုပ်ပေးနိုင်ဘူး။ အဲ့ကတည်းကကျွန်တော်စာသင်ဖို့ကတော့ အစောကတည်းကတော့ဆန္ဒရှိတယ်ပေါ့နော်။ ဒီကလေးတွေကိုစာသင်ပေးတဲ့အချိန်မှာ သိလာရတာက ပညာရေးပေါ့။ ပြီးလို့ရှိရင် တော်လှန်ရေးထဲမှာဒီစစ်သင်တန်းတွေပေးရင်းနဲ့ တပ်တည်ဆောက်မှု ကိုလိုက်ပြီးတော့မှ အကြံဉာဏ်တွေပေးတုန်းကဆိုလို့ရှိရင်လည်းသိတဲ့ဟာကလေ ဒီပညာရေးက အရမ်းအရေး ကြီးတာဆိုတာသိလာရတယ်။ ဒီကျွန်တော်တို့စစ်အာဏာရှင်အဆက်ဆက်ပေးခဲ့တဲ့ ပညာ အရည်အချင်းနဲ့တော့ ဟိုဟာပေါ့နော် ပညာရေးနဲ့တော့ ကျွန်တော်တို့ဒီစစ်အာဏာရှင်ကို ပြန်ပြီးတော်လှန်လို့ သိပ်ပြီးတော့မှအားမရှိဘူး။ ဆိုတော့ပညာရေးကအရမ်းအရေးကြီးတယ်။ ဒီမျိုးဆက်သစ်ကလေးတွေက စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့မှ မရှင်သန်ဖို့အတွက်ပေါ့နော်။ အဲ့တော့ဆိုလို့ရှိရင်သူတို့ပညာတတ်မှရလိမ့်မယ်။ မဟုတ်ဘဲနဲ့ ဒီစစ်အာဏာရှင်ဒီနေ့ ဟိုဟာပေါ့ စကစ တစ်ခု မင်းအောင်လှိုင် တပ်ကျဆုံးသွားပြီဆို လို့ရှိရင်လည်း နောက်ထပ်စစ်အာဏာရှင်ထပ်ပြီးတော့မှပေါ်လာရင်ပေါ်လာဦးမှာပဲ။ အဲ့ဒီ အချိန်ကျလို့ရှိရင် အခုဒီစစ်အာဏာရှင်ကိုတော်လှန်တာထက်ပိုပြီးတော့မှ ကောင်းမွန်တဲ့ ဟို အားရှိတဲ့ ပိုမိုပြီးတော့အားကောင်းတဲ့တော်လှန်မှုမျိုးလုပ်နိုင်ဖို့အတွက်ဆိုလို့ရှိရင် ကလေးတွေ အတွက်က ပညာရေးချင်းအရမ်းလိုအပ်တယ်။ တချို့ကတော့ထင်တယ် စစ်ရေးက ပိုအရေး ကြီးတယ်။ ပညာရေးကနောက်မှဆိုပြီးတော့မှထင်ကြတယ်ပေါ့နော်။ ဒါပေမဲ့ ဒီတကယ် တမ်းက ဒီပညာရေးလုပ်နေရခြင်းကပဲ တော်လှန်ရေးအဆင့်လို့ ကျွန်တော်ကတော့ မြင်လာတယ်။ တဖြည်းဖြည်းနဲ့ပေါ့လေ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ဒီဗိုလ်ကြီးအနေနဲ့ ဒီတော်လှန်ရေးကာလ ကြာလာ တာနဲ့အမျှပေါ့နော်။ မြေပြင်အတွေ့အကြုံတွေကိုအခြေခံပြီးတော့မှ ဒီလက်ရှိနွေဦး တော်လှန် ရေးရဲ့ အခြေအနေကိုဗိုလ်ကြီးအနေနဲ့ဘယ်လိုများသုံးသပ်ထားပါလဲရှင်။ ဒီတော်လှန်ရေး အင်အားစုတွေရဲ့ဒီအဓိကအားသာချက်တွေနဲ့ ယခုလက်ရှိရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေဆိုရင်ရောဘာတွေဖြစ်မလဲ။

 

ဖြေကြားသူ – ဟုတ်ကဲ့ ကျွန်တော်ဒီစစ်သင်တန်းပေးပြီးတော့မှ ပညာရေးဘက်ကို ပါလာတယ်လို့ ကျွန်တော်ပြောတယ်နော်။ အဲ့ကြားလေးမှာဘာလဲဆိုတော့ စစ်သင်တန်း ပေးပြီးတော့မှပညာရေးဘက်ကိုမကူးခင်ကာလလေးမှာ ကျွန်တော်ဒီ Facebook မှာ post တစ်ခုတင်ခဲ့တာရှိတယ်။ ဟို Facebook post လေးတစ်ခုကို ဘာလို့တစ်ခုတ်တရ ပြန်ပြောနေတာလဲတော့မဟုတ်ဘူးပေါ့နော်။ ကျွန်တော့်ကျွန်တော်သာမသိတာ ပြန်လာ ပြောကြတာတွေရှိတယ်။ ဒီကျွန်တော့် post ကအရမ်းကိုပေါက်သွားတယ်ပေါ့။ နိုင်ငံရေး အသိုင်းအဝိုင်းကော၊ စစ်ရေးအသိုင်းအဝိုင်းကော၊ တခြားနယ်ပယ် အသီးသီးကပေါ့နော်။ ကျွန်တော့် post ကိုအရမ်းစိတ်ဝင်စားကြတယ်။ ဟိုထိသွားတယ်ပေါ့လေ။ အထိသွားတယ် ပဲပြောရမှာပေါ့နော်။ ကျွန်တော်ဘာရေးခဲ့လဲဆိုလို့ရှိရင် တော်လှန်ရေးမနိုင်နိုင်ဘူးလို့ ကျွန်တော်ရေးလိုက်တယ်။ ဟိုအခုလက်ရှိအခြေအနေထိကို ကျွန်တော်ပြောတာမှန်နေတုန်းပဲ လို့ကျွန်တော်မြင်နေရတယ်။ ကျွန်တော်ပြောတာမှန်တယ်ဆိုတာကလည်း အကုန်လုံးက လည်းနည်းနည်းတော့လက်ခံလာကြတဲ့သဘောရှိတယ်။ ဘာလဲဆိုလို့ရှိရင် တော်လှန်ရေး တပ်တွေရဲ့ အားသာချက်က ပြည်သူလူထုထောက်ခံမှုပဲ။ ဒါကတော့ဟိုပြောစရာ သိပ်မလိုဘူးပေါ့နော်။ အားနည်းချက်က ဘာလဲဆိုလို့ရှိရင်အဲ့ဒီကျွန်တော် post မှာအဓိက ပြောခဲ့တဲ့အတိုင်းခေါင်းဆောင်ပဲ။ ကျွန်တော်တို့ကတော်လှန်ရေးကို လက်နက်ကိုင်ပြီးတော့မှ ဒီတိုင်းတော်လှန်လာလိုက်တဲ့အချိန်မှာ ခေါင်းဆောင်ဘယ်သူလုပ်မလဲဆိုတာ ကျွန်တော်တို့ စိစစ်ရွေးချယ်ပြီးတော့မှ ခန့်အပ်ခဲ့ကြတာမဟုတ်ဘူးပေါ့နော်။ ခန့်အပ်ခဲ့ကြတာလည်း မဟုတ်ဘူး။ ဆိုတော့ကျတော့ခေါင်းဆောင်လုပ်ချင်တဲ့လူ ဆိုတာထက်ကို ဒီအတိုင်းပဲ ဖြစ်လာကြတယ်။ လွယ်လွယ်နဲ့ဖြစ်လာကြတဲ့ခေါင်းဆောင်တွေက အဲ့ဒီရာထူးကိုလွယ်လွယ်နဲ့ မစွန့်လွှတ်နိုင်ကြဘူး။ အဲ့ဒါလေးတစ်ချက်သွားတွေ့ရတယ်ပေါ့နော်။ ပြီးလို့ရှိရင်ဒါ NUG ပဲပြောမှာပေါ့နော်။ ဒီအစိုးရကလည်း ဒီတော်လှန်ရေးအစိုးရပါဆိုတော့ ဟိုအကုန်လုံးက ဝိုင်းပြီးတော့တင်မြှောက်ထားတာတော့မဟုတ်သေးဘူး။ ဒါပေမဲ့သူအစိုးရသပ်သပ်ပေါ့နော်။ စင်ပြိုင် အစိုးရဆိုပြီးတော့မှဖြစ်လာတယ်။ လွယ်လွယ်လေးပဲဖြစ်လာတယ်။ အဲ့လို ခေါင်းဆောင် လွယ်လွယ်ဖြစ်လာတဲ့သူတွေကကျတော့ ပြန်ပြီးတော့မှထွက်ရတာအရမ်း ခက်တယ်။ သူတို့ကိုယ်တိုင်လည်းမထွက်ချင်ဘူး။ ပြီးလို့ရှိရင်သူတို့ကိုထွက်ခိုင်းမယ်ဆို လို့ရှိရင်သူတို့ကရန်ရှာတော့မှာ။ ဆိုတော့စစ်အာဏာရှင်တပ်ရင်းထဲမှာသူတို့က ပိုပြီးတော့မှ ဟိုအာဏာရှင်အသစ်ပြန်ဖြစ်သွားတဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲ့ဒီဟာမဖြစ်အောင်လို့ စောစော စီးစီးမလုပ်ကြဘူးဆိုလို့ရှိရင်တော့အခြေအနေမကောင်းနိုင်ဘူးဆိုပြီးတော့မှကျွန်တော်ကရေးခဲ့တာ။ အဲ့ဒါကိုနည်းနည်းသွေးဆူသွားအောင်ဆို ပြီးတော့မှရည်ရွယ်ပြီးတော့မှ ကျွန်တော် တော်လှန်ရေးမနိုင်နိုင်ဘူးလို့ကျွန်တော်ပြောလိုက်တာပေါ့နော်။ တကယ်ကကျွန်တော့် post ရဲ့အောက်မှာပြန်ရေးခဲ့တာရှိတယ်။ တော်လှန်ရေးတော့မနိုင်နိုင်ဘူး။ ဒါပေမဲ့စစ်ရေးက တော့ ကျွန်တော်တို့အောင်နိုင်သေးတယ်။ စစ်အသေအချာတိုက်ကြရအောင်ဆိုပြီးတော့မှလေ။ ဆိုတော့ဘာတွေလုပ်ဖို့လိုမလဲဆိုလို့ရှိရင် ခေါင်းဆောင်မှုရယ်၊ ပြီးလို့ရှိရင် ဖွဲ့စည်းမှုပေါ့နော်။ စနစ်တကျတည်ဆောက်ဖို့ တပ်တည်ဆောက်ဖို့ ကျွန်တော်ဟို တောက်လျှောက် တောက်လျှောက်အကြံပေးလာတယ်။ ပြောလာတယ်။ အခုလောက်အခြေအနေ လောက်ဆို လို့ရှိရင် ရဲဘော်တွေကကိုယ်ပိုင်နံပါတ်ရှိရမယ်။ ပြီးလို့ရှိရင် ရာထူးပေါ့နော်။ ရာထူးတွေရှိလာ ရမယ်။ အဲ့ဒါမှဒီခေါင်းဆောင်ဆိုတာထက်ကိုကွာ တာဝန်ပေါ့။ တာဝန်နဲ့ရာထူးနဲ့။ အခု ကျွန်တော်ဒီတော်လှန်ရေးတပ်တွေထဲမှာဆိုတစ်တပ်တစ်ခုပဲမြင်တယ်။ BPLA လေ။ သူတို့ဆို လို့ရှိရင် ရာထူးပုံစံမျိုး၊ တာဝန်တွေပေါ့နော်။ တပ်စုမှူးတာဝန်၊ တပ်ခွဲမှူးတာဝန်အဲ့လိုမျိုး ပေးနိုင်နေကြပြီ။ နှစ်ကာလဘယ်လောက်မှမရှိသေးတဲ့အချိန်မှာသူတို့ကပေးနိုင်နေပြီ။ အဲ့ဒါကို ကျွန်တော်အရမ်းသဘောကျတယ်။ ဒီအုပ်ချုပ်မှုအတွက်အရမ်းအဆင်ပြေတယ်။ တခြားဟိုဟာ တပ်တွေကကျတော့အဲ့လိုမျိုးမပေးနိုင်ကြသေးဘူး။ ရဲဘော်တွေတောင် ကိုယ်ပိုင်နံပါတ်ရှိလားမရှိလား ကျွန်တော်သေချာမသိရဘူးပေါ့နော်။ စည်းစနစ်ကျတဲ့ တပ်တည်ဆောက်မှု တော်တော်ခိုင်ခိုင်မာမာဖြစ်သင့်နေပြီ။ အခုအခြေအနေလောက်မှာ သဘောပေါက်လာကြပြီဆိုလို့ရှိရင်လည်း လုပ်လို့နောက်မကျသေးဘူးပေါ့နော်။ အဲ့လိုလုပ် မယ်ဆိုလို့ရှိရင် ခေါင်းဆောင်မှုအပိုင်းကလည်း ဒီဦးဆောင်မှုအပိုင်းပေါ့။ အဲ့အပိုင်းမှာလည်း ဟိုအလိုအလျောက်ပိုပြီးတော့မှအဆင်ပြေသွားပါလိမ့်မယ်။ အဲ့ဒါတွေက အရမ်းအရေးကြီး တယ်ပေါ့နော်။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ကျေးဇူးပါ။ ဆိုတော့ဗိုလ်ကြီးကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့အတွေ့ အကြုံအရပေါ့လေ။ တပ်မတော်ရဲ့လက်ရှိအခြေအနေကိုရော ဘယ်လိုမျိုးမြင်ပါသလဲရှင်။ ဒီစစ်ကောင်စီတပ်တွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ တိုက်ခိုက်ရေးစွမ်းရည် အခြေအနေတွေကိုရော သုံးသပ်ပေးပါဦး။

 

ဖြေကြားသူ – ဟုတ်ကဲ့။ ကျွန်တော်ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံအရဆိုလို့ရှိရင်တော့ သူပုန်တွေ ပေါ့လေ။ အရင်တုန်းကကျွန်တော်တို့တပ်ထဲမှာဆိုလို့ရှိရင်သူပုန်တွေ ကိုယ့်ဟာ ကိုယ်တောင် သူပုန်ဖြစ်နေပြီ။ ဒီသူပုန်တွေဘက်ကရန်သူဘက်က နိုင်တာများ တယ်ပေါ့နော်။ အဲ့ဒါဆိုလို့ရှိရင်အရမ်းစိတ်ဓာတ်ကျတယ်။ ကျွန်တော်တို့စစ်သားတွေပေါ့နော်။ တပ်သား တွေမှာ အရမ်းစိတ်ဓာတ်ကျတယ်။ နိုင်တဲ့သတင်းတွေ ကျလို့ရှိရင်အရမ်းဘယ်လို ပြောရမလဲ စိတ်ဓာတ်တက်ကြွတယ်။ အဲ့ဒီအချိန်မှာဒီတော်လှန်ရေးလေးနှစ်တာကာလမှာ တော်လှန်ရေး ဘက်ကနိုင်တဲ့ပွဲတွေအများကြီးရှိတယ်။ AA ဆိုလို့ရှိရင်ရခိုင်ဘက်မှာဆိုလို့ရှိရင် အကုန်လုံး တစ်ပြည်နယ်လုံးတောင်ရတော့မယ့်အခြေအနေပေါ့နော်။ ချင်းပြည်နယ်ဆိုလို့ရှိရင်လည်း အဲ့အတိုင်း။ ကရင်ဘက်မှာဆိုလို့ရှိရင်လည်းဒီဟိုဗိုလ်ဒါဘောတို့၊ ကော်ပရာစစ်ကြောင်းတို့ စသဖြင့် သူတို့နိုင်တဲ့ပွဲတွေအများကြီးပေါ့နော်။ ဒီ popular ဖြစ်တဲ့ပြည်သူတွေကြားထဲမှာ လည်း popular ဖြစ်တယ်။ ဆိုတော့အဲ့လိုမျိုးနိုင်တဲ့သတင်းတွေကျလို့ရှိရင် သူတို့ဆီမှာ စိတ်ဓာတ်ကျတယ်။ ဒါကဟိုကျွန်တော်နေခဲ့တုန်းကအတွေ့အကြုံအရပြောတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ်တပ်က ဘာလို့ရှုံးတာလဲဆိုလို့ရှိရင် သူတို့မှာတပ်ကြီးသာရှိနေတာ။ နည်းနည်းတပ်ကပျက်ချင်နေပြီပေါ့နော်။ အကျင့်ပျက်ခြစားမှုတွေ၊ ပြီးလို့ရှိရင် တပ်ကဒီ နိုင်ငံရေးဘက်ကိုဝင်ပါတော့ကျတော့တပ်တည်ဆောက်မှုပိုင်းအဲ့လိုသေချာမလုပ်နိုင်တော့ကျတော့ နည်းနည်းပျက်စီးနေပြီ။ ယိုယွင်းနေပြီတပ်က။ ဒါပေမဲ့လည်းဆင်ပိန်ကျွဲလောက်တော့ ရှိသေးတယ်။ သူတို့မှာတပ်ဆိုတဲ့ဒီအရိုးစုကြီးကရှိသေးတယ်။ အဲ့ဒီအရိုးစုကျွန်တော်တို့မှာ မရှိတာ။ ကျွန်တော်တို့တော်လှန်ရေးတပ်တွေဘက်မှာမရှိတာ။ အဲ့သူတို့ရဲ့အားသာချက်က အဲ့ဒါတွေရှိနေတယ်။ ဆိုတော့ကျတော့အခုအင်အားတွေပြန်ဖြည့်ပြီးတော့မှ ပြန်တိုက်တဲ့ အချိန်မှာ သူတို့ဘက်ကအောင်ပွဲတွေပြန်ရလာတာရှိတယ်။ ဆိုတော့ကျတော့သူတို့ဘက်က စိတ်ဓာတ်အခြေအနေ ဘယ်လိုရှိမလဲ။ ဘယ်လိုများရိုက်သွင်းကြသလဲပေါ့နော်။ အဲ့ဒါကို ကျွန်တော်လက်လှမ်းမမီတော့ဘူး။ ကျွန်တော်ထွက်လာပြီးမှဖြစ်တဲ့ကိစ္စဆိုတော့ကျတော့။ ကျွန်တော့်အမြင်အရပြောမယ်ဆိုလို့ရှိရင်မတူတော့ဘူးပေါ့လေ။ ကျွန်တော်တို့ ရှိတုန်းက ပုံစံနဲ့အခု နိုင်ငံရေးကလုံးဝကိုဂယက်ရိုက်ဖြစ်တော့မယ်။ အဲ့လိုမဖြစ်အောင်တပ်ကနေပြီး တော့မှ ကယ်တင်ရမယ်ဆိုတဲ့အသိပေါ့လေ။ အဲ့ဒါထည့်ပေးလိုက်နိုင်ကြပြီလို့ ကျွန်တော် ထင်တယ်။ ဆိုတော့ကျတော့မတူတော့ဘူး။ ကျွန်တော်သိပ်တော့မမှန်းတတ်တော့ဘူး။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုအနေနဲ့ပေါ့လေ။ ဒီမြေပြင်မှာ PDF တွေ၊ ပြီးတော့ LDF တပ်ဖွဲ့တွေအများအပြားရှိနေတာကိုရော ဒီစစ်ရေးရှုထောင့်ကနေပြီးတော့မှ ဘယ်လိုများသုံးသပ်ပြီးတော့ရှုမြင်ပါသလဲပေါ့နော်။ အဲ့ဒီတပ်ဖွဲ့တွေကြားမှာ ပိုမိုခိုင်မာတဲ့ ပူးပေါင်းကွပ်ကဲမှုစနစ်တစ်ခုတည်ဆောက်ဖို့ကိစ္စဟာဆိုလို့ရှိရင် ဒီတော်လှန်ရေးအောင်ပွဲ အတွက်ကောဘယ်လောက်ထိအရေးပါသလဲပေါ့နော်။ ဒီလက်တွေ့ကျကျဘယ်လိုမျိုး အကောင်အထည်ဖော်သင့်တယ်လို့ ဆရာ့အနေနဲ့သုံးသပ်ပါသလဲရှင်။

 

ဖြေကြားသူ – ဟိုအဓိကကတော့ခေါင်းဆောင်မှုပဲ။ ခေါင်းဆောင်မှုဆိုတာ သေသေချာချာ ဟိုမာမာချာချာဦးဆောင်နိုင်မယ့်လူရှိလို့ရှိရင်တော့ ဒီလိုပြန့်ကျဲနေတဲ့တော်လှန်ရေးတပ်တွေ နိုင်ငံတစ်လျှောက်အများကြီးရှိတယ်။ အထူးသဖြင့်အညာဘက်မှာပေါ့နော်။ ဗမာတွေ ဆိုလို့ရှိရင် ဟိုဆိုလို့ ရိုင်းရိုင်းပြောလို့ရှိရင် ဘယ်သူ့ကိုအဖေခေါ်လို့ခေါ်ရမှန်း မသိတဲ့ အခြေအနေတွေရှိတယ်။ အဲ့အချိန်မှာမာမာချာချာဦးဆောင်ပေးနိုင်မယ့်သူရှိတယ်ဆိုလို့ရှိရင် သူတို့ကနောက်လိုက်ဖို့အတွက်အဆင်သင့်ပဲ။ အဲ့လိုပေါ့နော်။ ဒီတပ်ကအမိန့်နာခံမှုရှိရတယ်။ ဒါပေမဲ့အပိုပြီးတော့မှအရေးကြီးတာကအမိန့်ပေးမယ့်လူ။ အမိန့်ပေးမယ့်အဖွဲ့ပေါ့နော်။ အမိန့် ပေးမယ့်အဖွဲ့ရှိဖို့ကပိုပြီးအရေးကြီးတယ်ဆိုတာက အခုလောက်ဆိုလို့ရှိရင်တော့ သိလာကြ လောက်ပြီ။ အရင်အစကဆိုလို့ရှိရင် ဟိုအမိန့်လာပေးလို့ရှိရင် မင်းကဘာကောင်မို့လို့ အမိန့်လာပေးတာလဲဆိုတဲ့ပုံစံမျိုးပေါ့နော်။ ဒီလူငယ်တွေမှာဖြစ်တတ်တယ်။ အာဏာရှင် မကြိုက်လို့တော်လှန်နေတာကွာ အာဏာရှင်လာမဆန်နဲ့ဆိုတဲ့ပုံစံမျိုးကနေ အခုလောက် ဆိုလို့ရှိရင်တော့ ကျွန်တော်ခန့်မှန်းတာပေါ့လေ။ ဟောခေါင်းဆောင်ရှိမှ အမိန့်ပေးမယ့် လူရှိမှပိုပြီးတော့မှအရေးကြီးပါတယ်ဆိုတာသိလာကြလောက်ပြီလို့ထင်တယ်။ ဒီအချိန်မှာ NUG ကသာသေချာလေးဦးဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့ တော်တော်ကောင်းဖို့ပဲ။ ဆိုတော့ ကျတော့ဒီလိုပြန့်ကျဲနေတဲ့ဟိုဟာတွေကလည်း ဘယ်သူ့မှဆရာမခေါ်ချင်တဲ့ ဘယ်သူ့မှ ခေါင်းဆောင်မတင်ချင်တဲ့ဟိုဟာတွေအခုထက်ထိရှိသေးတယ်။ ကြားလည်းကြားနေရတယ်။ မြင်လည်းမြင်နေရတယ်ဆိုတော့ လွယ်တော့လွယ်မှာမဟုတ်ဘူး။ သူတို့ထက်ပိုကြီးတဲ့ ဒီနာမည်ရှိပြီးသားပေါ့လေ။ ဒီဦးဆောင်နိုင်မယ့်သူတွေက အသုံးကျဖို့တော်တော်အရေးကြီး တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်။ ဒီအညာဒေသ ဟိုကွက်ကွက်လေးပဲပေါ့နော်။ မကွေးတိုင်းပဲထားလိုက်ပါတော့။ စစ်ကိုင်းတိုင်းတောင် မပါဘူး ပေါ့နော်။ မကွေးတိုင်းထဲမှာရှိတဲ့တပ်တွေ။ အဲ့သူတို့ကိုပဲစုစည်းကြည့်လိုက်ပါဦး။ ဒီနယ်လေး သေးသေးလေးတောင်မှပဲ တကယ်မာမာချာချာဦးဆောင်နိုင်မယ့်လူ ယုံယုံကြည်ကြည်နဲ့ နောက်လိုက်ချင်စရာကောင်းတဲ့လူမှမရှိဘူးဆိုလို့ရှိရင်တော့မဖြစ်နိုင်ဘူး။ တကယ်ကို မဖြစ်နိုင်တာပေါ့နော်။ အဲ့လိုဖြစ်ပါတယ်။ ဟိုဆိုတော့ကျတော့ အလူမျိုးစုစည်းဖို့ဆိုတာ အရေးကြီးပေမဲ့လည်း ဒီလိုမျိုးဦးဆောင်နိုင်မယ့် လူမရှိလို့ရှိရင်တော့မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်မြင်တယ်။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့နောက်တစ်ခုအနေနဲ့ပေါ့လေ။ ဒီစစ်ကောင်စီရဲ့ စစ်မှု မထမ်းမနေရဥပဒေကို ဒီဗိုလ်ကြီးရဲ့စစ်ရေးရှုထောင့်ကနေပြီးတော့ ရောဘယ်လို မျိုးသုံးသပ် ပါသလဲရှင်။ ဒီဥပဒေကစစ်ကောင်စီရဲ့တိုက်ခိုက်ရေးစွမ်းရည်အပေါ်မှာကော ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲရှင်။

 

ဖြေကြားသူ – ဟိုအကျိုးသက်ရောက်မှုရှိလာနိုင်သလဲတော့မဟုတ်ဘူး။ ရှိကိုရှိနေပြီလို့ ကျွန်တော်မြင်တယ်။ လူ့အင်အားပေါ့လေ။ သူတို့စစ်မှု စစ်မှုမထမ်းမနေရဆိုတဲ့ ဟာနဲ့ ခုနကျွန်တော်ပြောသလိုပေါ့။ ဒီနိုင်ငံရေးကလုံးဝ လူငယ်တွေစစ်မှုမှမထမ်းလို့ ရှိရင်နိုင်ငံက ဒီအကြမ်းဖက်သောင်းကျန်းသူတွေကဖျက်ဆီးလို့ပျက်ပါတော့မယ်ဆိုတဲ့ဟာကိုသူတို့ရိုက်သွင်းလိုက်နိုင်ပြီလို့ကျွန်တော်မြင်နေတယ်နော်။ ဆိုတော့ကျတော့အဲ့လိုပဲ စစ်မှုအတင်း ထမ်းခိုင်း လို့ ဟိုငြီးငြူပြီးတော့မှလိုင်းပေါ်တင်တဲ့လူတွေလူငယ်တွေရှိရင်ရှိမယ်။ ဒါပေမဲ့တချို့တစ်လေ က လိုလိုချင်ချင်ကိုဝင်ဖို့ပါတဲ့လူတွေရှိရင်ရှိနိုင်တယ်။ ဒါအစကဆိုလို့ရှိရင်ကျွန်တော် ဒီစကစ ဘက်ကနေအင်အားတွေနည်းလာပြီ။ ဒါကျွန်တော်တို့မထွက်လာခင်ကတည်းက အင်အားက နည်းနေတာ။ အဲ့ဒါကိုမှတော်လှန်ရေးတပ်တွေကနေပြီးတော့မှ အပြင်းအထန်အဲ့လိုမျိုး တိုက်တော့ကျတော့ သူတို့အကျအဆုံးတွေလည်းများတယ်။ CDM ဝင်တဲ့လူ၊ ထွက်ပြေးတဲ့ လူတွေလည်းများတယ်ဆိုတော့ကျတော့အင်အားတော်တော်ချိနဲ့သွားလိမ့်မယ်။ အဲ့ဒီအချိန်မှာ စစ်ကောင်စီဘက်ကစစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်တော့မယ်ဆိုတော့ကျွန်တော်ကရယ်တာပေါ့။ မဖြစ်နိုင်ဘူးပေါ့နော်။ ဘယ်လိုမြင်လဲဆိုလို့ရှိရင် သူတို့အရပ်သားတွေကနဂိုတည်း ကမှ အာဏာရှင်ကိုမကြိုက်တဲ့သူတွေ ပြီးလို့ရှိရင်ဒီစစ်ကောင်စီကို အဓိကဖြင့်မကြိုက်ဘူး။ ဆန္ဒပြတဲ့အထဲမှာလည်းပြည်သူလူထုအကုန်လုံးပေါ့နော်။ ပြည်လုံးကျွတ်ဆန္ဒပြဖူးတဲ့ လူတွေ ပါတယ်။ သူတို့မှာဒီစစ်ကောင်စီကိုတော်လှန်ချင်တဲ့အမြင်ကတော့ပြည်သူတိုင်းမှာရှိတယ်။ အဲ့ဒါကိုသွားပြီးတော့စစ်မှုထမ်းသွားစုလိုက်မယ်ဆိုလို့ရှိရင် အုပ်ချုပ်မှုပိုင်းအရမ်း ခက်လိမ့် မယ်။ ကင်းစောင့်ခိုင်းတယ်ဆိုလို့ရှိရင်လည်း ဒီကင်းစောင့်တယ်ဆိုတာက ဟိုတပ်စိတ် တစ်စိတ်ဆိုလို့ရှိရင်ဆိုကြပါစို့ ၁၀ ယောက်ရှိတယ်ဗျာ။ ၁၀ ယောက်ရှိတယ်ဆိုလို့ရှိရင် တစ်နေရာမှာသွားပြီးလုံခြုံရေးယူတယ်ဆိုလို့ရှိရင်တစ်ယောက်ကလေးကပဲစောင့်ရတာ။ အဲ့တစ်ယောက်အပေါ်မှာအကုန်လုံးဒီကျန်တဲ့ကိုးယောက်ကအသက်ကိုပုံအပ်ပြီးတော့မှကင်းစောင့်ရတာပေါ့နော်။ အိပ်ရတာ။ အဲ့ဒီအချိန်မှာဘယ်လိုများအဲ့ဒီ ကင်းသမားက ဒီဆန္ဒပြပွဲ တွေမှာပါဖူးတဲ့လူ၊ တော်လှန်ရေးကိုအားပေးဖူးတဲ့ ပြည်သူတစ်ယောက်ကိုပေါ့နော်။ ပြည်သူထဲကတပ်သားသစ် တစ်ယောက်ကိုပုံအပ်ပြီးတော့အိပ်နိုင်ကြမလဲ။ သေနတ်ဆွဲပြီး တော့မှ ထွက်ပြေးသွားလို့ရှိရင်တော့တော်သေးတာပေါ့နော်။ အကုန်လုံးကိုများအဲ့လိုမျိုး တစ်ခုခု များလုပ်သွားလိုက်လို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုဆိုတဲ့ပုံစံမျိုး ထိန်းလို့မနိုင်လောက်ဘူး ဆိုပြီးတော့မှ ကျွန်တော်ထင်ခဲ့တယ်၊ မြင်ခဲ့တယ်ပေါ့။ ရယ်တာပေါ့လေအဲ့တုန်းက အဲ့လိုပြော တော့ကျတော့။ ဒါပေမဲ့တကယ်တမ်း စစ်မှုထမ်းဥပဒေချမှတ်တဲ့အချိန်မှာ ထင်သလိုမဖြစ် လာဘူး။ တစ်ခုခုတော့သူတို့ဆီမှာရှိလိမ့်မယ်ပေါ့နော်။ ကျွန်တော်လည်းဟိုမမြင်နိုင်တော့ဘူး။ ဟိုဆိုလိုချင်တာကတော့အလုပ်ဖြစ်တယ်။ ဒီစစ်မှုထမ်းစစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေကြီးက။ ပြီးလို့ရှိရင်သူတို့ဆီမှာအင်အားတွေအများကြီးဟိုဟာဖြစ်လာပြီပေါ့နော်။ တစ်ခုခုတော့ သူတို့ ရိုက်သွင်းထားလိုက်နိုင်ပြီလို့ကျွန်တော်မြင်နေတယ်။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့အခုအနေနဲ့ပေါ့နော်။ ဒီစစ်ကောင်စီကနေပြီးတော့မှ လက်ရှိ ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲကိစ္စကိုရော စစ်ရေး၊ နိုင်ငံရေးရှုထောင့်နှစ်ခုလုံးကနေပြီးတော့မှ ဗိုလ်ကြီးဘယ်လိုများမြင်ပါသလဲရှင်။ ဒီကိစ္စအပေါ်မှာရောတော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဘယ်လိုများတုန့်ပြန်သင့်တယ်လို့ယူဆထားပါလဲရှင်။

 

ဖြေကြားသူ – ဟိုဟို ရွေးကောက်ပွဲဆိုတော့ကျတော့စစ်ရေးနဲ့တော့သိပ်မဆိုင်တော့ဘူးလို့ ကျွန်တော်ထင်တယ်နော်။ နိုင်ငံရေးအရဆိုလို့ရှိရင် ကျွန်တော်နိုင်ငံရေးသမားလည်း မဟုတ်တော့ကျတော့ အခုဖြတ်သန်းလာတဲ့ဘဝအတွေ့အကြုံအရပေါ့နော်။ ဦးသိန်းစိန် အစိုးရတက်တုန်းကဆိုလို့ရှိရင် ကျွန်တော်တို့တပ်ကနေပြီးတော့မဲထည့်တာလေ။ ရီတော့ ရယ်ဖို့ကောင်းတယ်။ ကျွန်တော်ဆိုလို့ရှိရင်ကျောင်းဆင်းကာစ ၁၉ နှစ်ကျော်ကျော်ပေါ့နော်။ အသက် ၂၀ တောင်မပြည့်သေးရဲ့လားမသိဘူး။ အဲ့အချိန်မှာမဲသွားပေးဆိုတော့ မဲဘယ်လို ပေးရမှန်းမသိဘူးတကယ်။ အရာရှိနော်စစ်ဗိုလ်။ ဒါပေမဲ့မဲဘယ်လိုပေးရမှန်းမသိဘူး။ အဲ့လောက်ထိကိုအမှောင်ချခံထားတာ။ ဟိုပုံနဲ့ထည့်ဆိုတော့ကျတော့သွားထည့်ရတယ်။ အဲ့လိုပေါ့။ အဲ့ဦးသိန်းစိန်တက်လာတယ်။ တကယ်လည်းသိလည်းသိရောဘယ်လိုထည့်ရမလဲ ဆိုတာသိတဲ့အချိန်မှာ ဒီ NLD ကိုမဲပေးဖြစ်ခဲ့တယ်ပေါ့နော်။ တစ်ခုလည်းရွေးကောက်ပွဲ လုပ်မယ်။ ဒီပါတီကိုမဲထည့်ဆိုပြီးတော့မှသူတို့လုပ်တဲ့အချိန်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူလို့ သူတို့ရမှာမဟုတ်ဘူး။ အဖြစ်သဘောပဲလုပ်သွားလိမ့်မယ်။ သူတို့တင်ချင်တဲ့လူကို တင်ဖို့အတွက် ဦးသိန်းစိန်ကြီးကိုတင်ခဲ့သလိုမျိုးပေါ့နော်။ သူတို့တင်ချင်တဲ့လူ သူကိုယ်တိုင်ပေါ့။ မင်းအောင်လှိုင်သူကိုယ်တိုင်က ဟိုအစိုးရဖြစ်ဖို့အတွက်ဖြစ်အောင်တော့ သူကလုပ်မှာပဲ။ အဲ့မှာတော်လှန်ရေးတပ်ဘက်ကဘယ်လိုလုပ်သင့်သလဲ ဆိုလို့ရှိရင်ဒါကတော့ စစ်ရေးနဲ့ဆိုင်သွားပြီပေါ့နော်။ သူတို့စစ်ရေးအရထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာတော့ လုပ်ခွင့်မပေးမှာတော့ သေချာတယ်။ သူတို့ဘယ်လိုမှလက်လှမ်းမမီတဲ့ နေရာမျိုးတွေ ဟိုသတင်းတော့တွေ့လိုက်ပါတယ်။ ခရီးသွားတဲ့ဆရာ၊ ဆရာမတွေကို အရင်တုန်းကဆိုဆရာ၊ ဆရာမဆိုလို့ရှိရင်ဒါဟို ဇာတ်လိုက်တွေပေါ့လေ။ မဲရုံစောင့်တို့၊ ဘာတို့ခေတ်အဆက်ဆက် ဒီမဲပုံးတွေထိုင်ရေလာကြတဲ့အဖွဲ့။ အဲ့ဆရာ၊ ဆရာမတွေကိုတော်လှန်ရေးတပ်ဖွဲ့က နေပြီးတော့ ဖမ်းပြီးတော့မှ ရွေးကောက်ပွဲဖြစ်မြောက်အောင်မကူနဲ့ဆိုပြီးတော့မှ ခြိမ်းခြောက် တဲ့သတင်းတွေကျွန်တော်တို့တွေ့နေရတယ်။ အဲ့ဒါကလုံးဝမလုပ်သင့်ဘူး။ ဘာကြောင့်လဲ ဆိုလို့ရှိရင်ဒီဆရာ၊ ဆရာမတွေဟိုမဲရုံမစောင့်ဘူး၊ မဲပုံးတွေအဲ့လိုမျိုးမစောင့်ဘူးဆိုလို့ရှိရင် သူတို့ကအရေးယူခံရမှာ။ ပြီးလို့ရှိရင်ထောင်လည်းအချခံရင်ခံရနိုင်တယ်ပေါ့နော်။ အဲ့တော့ဒီ ဖမ်းထားတဲ့တော်လှန်ရေးတပ်ဖွဲ့ကလူတွေကဘာအာမခံချက်ပေးနိုင်လို့သူတို့ကအဲ့လိုလုပ်တာလဲပေါ့လေ။ ဆိုတော့နယ်မြေအခြေအနေသုံးမျိုးရှိလိမ့်မယ်နော်။ ဒီတော်လှန်ရေး တပ်ဘက်ကနေပြီးတော့မှ လုံးဝမထိန်းချုပ်နိုင်တဲ့တစ်ခုရှိမယ်။ ပြီးလို့ရှိရင် လုံးဝထိန်းချုပ် ထားနိုင်တဲ့ဟာတစ်ခုရှိမယ်။ ကြားဟိုမရောက်ဒီမရောက်တစ်ခုရှိလိမ့်မယ်။ အဲ့ဒီနေရာမှာ တကယ်လို့ကိုယ်ကတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတယ်။ မလုပ်နဲ့လို့ပြောနိုင်တယ်ဆိုလို့ ရှိရင်တော့လုပ်ပါ။ ဒါပေမဲ့အဲ့လိုတာဝန်ယူမှု၊ တာဝန်ခံမှုမပေးနိုင်ဘဲနဲ့တော့ သွားပြီးတော့မှ မတားမြစ်စေချင်ဘူး။ ဘာဖြစ်လို့ဆိုရင် စကစဘက်ကဖြစ်အောင်လုပ်သွားမှာပဲ။ မဖြစ်ဖြစ်တဲ့ နည်းနဲ့လုပ်သွားမှာပဲ။ အဲ့ဒါလောက်ပါ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ဒီအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ နောက်ထပ်ဒီထိုင်းနဲ့အိန္ဒိယ တို့ရဲ့ဒီနယ်စပ်မူဝါဒတွေကရောတော်လှန်ရေးရဲ့ဟိုထောက်ပံ့ပို့ဆောင်ရေးတွေကိစ္စတွေအပေါ်မှာပေါ့နော်။ ဘယ်လိုတွေသက်ရောက်မှုရှိပါသလဲရှင်။ ဒီသူတို့ရဲ့ရပ်တည်ချက်တွေက ရောတော်လှန်ရေးအပေါ်မှာ ဒီကျွန်မတို့ရဲ့တော်လှန်ရေးအတွက်ပေါ့နော်။ အခွင့်အလမ်းတွေ ဖြစ်စေသလား။ ဒါမှမဟုတ်ရင်လည်းစိန်ခေါ်မှုတွေပဲပိုဖြစ်စေသလား ဆိုတာလေးလည်း ဗိုလ်ကြီးရဲ့သုံးသပ်ချက်ကိုကြားပါရစေရှင်။

 

ဖြေကြားသူ – ကျွန်တော်တို့ပြည်သူတွေကလှူကြတယ်။ ငွေတွေထည့်တယ်။ ထည့်ပြီးတော့မှ ဒီလက်နက်တွေဝယ်ကြတယ်ပေါ့လေ။ မှောင်ခိုနဲ့ဝယ်တဲ့အချိန်မှာ ထိုင်းဘက်ပဲဖြစ်ဖြစ်၊ အိန္ဒိယဘက်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဖမ်းတာဆီးတာမျိုးသွားတွေ့ပြီဆိုလို့ရှိရင်အရမ်းနှမြောတာ။ ပြည်သူတွေရဲ့ချွေးနဲ့စာတွေဗျာ။ အဲ့လိုမျိုးတော့ရှိတယ်။ ဒါပေမဲ့လည်း တစ်ချက်သူတို့ ဘက်ကနေပြန်စဉ်းစားမယ်ဆိုလို့ရှိရင်လည်း ဒီလက်နက်တွေကတော်လှန်ရေး လက်နက်တွေ ရောဟုတ်လား။ သူတို့နိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်ဖို့အတွက် သယ်ထားတဲ့လက်နက်တွေ ရောမဖြစ်နိုင်ဘူးလားပေါ့နော်။ အဲ့လိုသူတို့ဘက်ကလည်းသူတို့စည်းကမ်းနဲ့ သူတို့ကတော့ ရှိမှာပဲ။ ဒါကိုယ့်ဘက်ကတစ်ဖက်သတ်အမြင်တော့သွားကြည့်လို့တော့မရဘူး။ တစ်ဖက်က အိန္ဒိယဘက်ကဆိုလို့ရှိရင်လည်း ကြားဖူးတာပြောတာပေါ့နော်။ ကျွန်တော်ရန်ကုန်ဘက်ကို အာဏာမသိမ်းခင်လေ။ ရှေ့တန်းတစ်နေရာကကျွန်တော် အိန္ဒိယနယ်စပ်ဘက်မှာ နောက်ဆုံး အနေနဲ့နေခဲ့တာ။ အိန္ဒိယနယ်စပ်ဘက်ကဒီအာသံရိုင်ဖယ်ကအရာရှိတချို့နဲ့သိခဲ့တယ်။ ဒီ တော်လှန်ရေးဖြစ်တော့ကျတော့ CDM လုပ်တော့သူတို့နှမြောတာပေါ့လေ။ သူတို့ကဒီစကစနဲ့ တော်လှန်ရေးဖက်ဆိုရင်စကစဘက်ကိုနည်းနည်းလေးပါတယ်။ အိန္ဒိယက။ ဒါပေမဲ့ မီဇိုရမ်ကကျတော့ မီဇိုရမ်ပြည်နယ်ကကျတော့ကျွန်တော်တို့ ဒီစစ်ဘေးရှောင်နေတဲ့ တော်လှန်ရေးဘက်ကို နည်းနည်းလေးကူညီပေးတယ်ပေါ့လေ။ အဲ့အချိန်မှာသူတို့နဲ့ ပြန်ပြီးစကားပြောကြည့်တဲ့အချိန်မှာ မသိမသာပေါ့။ ဒီစကစဘက်ကိုလည်းကူညီတယ်။ ဒါပေမဲ့လည်းတော်လှန်ရေးသမားတွေဘက်ကိုလည်း မသိမသာကူညီပေးဖို့ သူတို့အမိန့် ပေးထားတာရှိတယ်လို့ပြောတယ်။ ဒါကသူပြောတာဟုတ်ချင်မှဟုတ်မယ်နော်။ မသေချာဘူး။ ဆိုတော့ဒီလိုပဲသူတို့မီးစတစ်ဖက်ရေမှုတ်တစ်ဖက်နဲ့လုပ်ကြမှာပဲ။ ဆိုတော့ဖြစ်သင့်တာက တော့ ဒီတော်လှန်ရေးအစိုးရဖြစ်တဲ့ NUG အနေနဲ့ပေါ့နော်။ ဒီအိမ်နီးချင်းနိုင်ငံတွေနဲ့ သေသေချာချာလေး ဟိုပြည်သူတွေကိုပဲ force ဆိုပြီးတော့ရမှာပေါ့နော်။ သူတို့တော့ force သွားပေးလို့မရဘူး။ အဲ့လိုဖြစ်အောင်ယုံကြည်မှုရအောင်ဒီစစ်ရေးပိုင်းဆိုင်ရာကို သေသေ ချာချာလေးအားစိုက်ပြီးတော့မှ စစ်ကိုနိုင်အောင်ပေါ့လေ။ ပိုပြီးတော့မှ အလေးနက်ထားပြီး တော့မှ တွန်းတွန်းတိုက်တိုက်လုပ်မယ်ဆိုလို့ရှိရင် ဒီအိမ်နီးချင်းတွေဘက်ကလည်း နည်းနည်း လေး သဘောထားအမြင်ပြောင်းလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီတော်လှန်ရေးအပေါ် ပေါ့နော်။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ဒီလွတ်မြောက်နယ်မြေတွေမှာ စတင်တည်ထောင်နေတဲ့ ဒီပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေဟာပေါ့နော်။ အနာဂတ်ဖက်ဒရယ်နိုင်ငံအတွက်ကော ခိုင်မာတဲ့အုတ်မြစ်ကောင်းတွေ ဖြစ်လာနိုင်မလား။ ဒီအုပ်ချုပ်ရေးတွေ ရေရှည်တည်တံ့ အောင်မြင်ဖို့အတွက်ကော ဘာတွေကိုအဓိကထားပြီးတော့မှ အာရုံစိုက်သင့်တယ်လို့ ဗိုလ်ကြီးအနေနဲ့ထင်မြင်ပါသလဲရှင်။

 

ဖြေကြားသူ – ဟုတ်ဟုတ် ဒီကျွန်တော်တို့မင်းတပ်ကပအဖ ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပေါ့နော်။ အဲ့ဒါကကျွန်တော်အမှတ်မမှားဘူးဆိုရင်ပြောလည်းပြောကြတာတွေ့ရတယ်။ အရင်ဆုံးပေါ်လာတာတော်လှန်ရေးမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိုရင် အရင်ဆုံးပေါ်လာတဲ့ ဟာထင်တယ်။ ဒီချင်းပြည်နယ်မှာတင်မကဘူး။ ဟိုတစ်နိုင်ငံလုံးမှာပေါ့နော်။ တော်တော် ကောင်းတယ်။ ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပေါ်လာတာ ဟို Federal အတွက်ဆိုလို့ရှိရင်လည်း ဒီကိုယ့်ချင်းလူမျိုးတွေက ကိုယ့်ကိုယ့်ဟိုချင်းလူမျိုးအချင်းချင်းပဲ အုပ်ချုပ်မယ်ကွာ။ ဒီအုပ်ချုပ်ရေးဆိုင်ရာ၊ တရားရေးစီရင်ရေးဆိုင်ရာ ပညာရေးတွေရော၊ ကျန်းမာရေးတွေရော အကုန်လုံးကိုယ့်ချင်းလူမျိုးတွေကပဲဟိုလုပ်တဲ့ဟာကလေ။ ဒီ ၂၀၂၁ နောက်ပိုင်းကျမှ ဖြစ်မယ်လို့ထင်တယ်။ အဲ့လိုလေးလုပ်ကြည့်ကြတဲ့အချိန်မှာ ဟိုအဆင်မပြေမှုတွေတော့ အများကြီးရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပဋိပက္ခမှုတွေတော့ အများကြီးရှိပေမဲ့လည်း ကြည့်ရတာအရမ်းကျေနပ်အားရဖို့ကောင်းတယ်။ တစ်သက်လုံးမှာမှ ကျွန်တော်တို့ဒီလိုလုပ်ခဲ့တာကဒါပထမဆုံးပဲဖြစ်မလားပေါ့လေ။ မြင်ရတဲ့အတွက်ဒါ Federal အနာဂတ်အတွက်လုံးဝကိုရောင်ခြည်သန်းလာတာပေါ့လေ။ အဲ့လိုမျိုးမြင်မြင်မိတယ်။ တော်တော်လည်းအားရကျေနပ်ဖို့ကောင်းတယ်။ အဲ့လိုလုပ်ကြကိုင်ကြတယ်။ တစ်ခုသူတို့ သတိထားရမှာကဒီစနစ်လည်ပတ်ဖို့အတွက်ဆိုလို့ရှိရင် ပထမဆုံးအနေနဲ့လက်နက်ကိုင် ဒီကာကွယ်ရေးဘက်နဲ့ဒီပြည်သူ့အုပ်ချုပ်ရေးနဲ့သည်မတူဘူးပေါ့နော်။ သတ်သတ်စီဖြစ်နေ ရမယ်။ ကာကွယ်ရေးကနေပြီးတော့ဒီပြည်သူ့အုပ်ချုပ်ရေးကိုလာပြီးအမိန့်ပေးလို့မရဘူး။ ဒါပေမဲ့ အခုလောလောဆယ် အဲ့လိုမျိုးတွေ့နေရတယ်။ အရမ်းစိတ်မကောင်းဖို့ကောင်းတဲ့ အချက်ပေါ့လေ။ ကာကွယ်ရေးရဲ့ဒီအမိန့်ကိုမလွန်ဆန်နိုင်ဘဲဖြစ်နေတယ်။ ဒါကျွန်တော်တို့ နေရာတင်မဟုတ်ဘဲနဲ့ တခြားနေရာတွေမှာအဲ့လိုရှိလိမ့်မယ်။ လက်နက်ကိုင်ထားတဲ့လူပဲ ပိုပြီးတော့မှ အာဏာရှိတဲ့သဘောမျိုးဖြစ်တာပေါ့နော်။ ဒါကျွန်တော်တို့တော်လှန်နေတဲ့ စနစ်ကိုပဲ ကျွန်တော်တို့ပြန်ပြီးတော့မှဟိုရောက်နေကြတဲ့သဘောဖြစ်နေတယ်။ တော်တော် စိတ်မကောင်းစရာပဲ။ အဲ့ဒါလေးတစ်ချက်တော်တော်သတိထားရမယ်။ ခုနပြောသလိုပဲ ဒါအဓိကကတော့ ခေါင်းဆောင်ပဲ။ ဒီပြည်သူ့အုပ်ချုပ်ရေးခေါင်းဆောင်လုပ်မယ့်လူက တော်တော်ဂုဏ်သိက္ခာနဲ့ရှိဖို့လိုတယ်။ ခေါင်းဆောင်မှုအပိုင်းပေါ့နော်။ ပြီးလို့ရှိရင်ရဲ ပြည်သူ့အုပ်ချုပ်ရေးနဲ့ တွဲဖက်ပြီးတော့မှလုပ်ရမယ့် လက်နက်ကိုင်တစ်ဖွဲ့ကရဲဖြစ်တယ်။ ဒါက ဒီရဲဆိုတာကပြည်သူတွေအတွက် ဥပမာဆိုးသွမ်းတဲ့လူ၊ ခိုးဆိုးလုနှိုက် ဘယ်နေရာ မဆိုရာဇဝတ်မှုကတော့ရှိမှာပဲ။ အဲ့ရာဇဝတ်မှုအတွက်ကို ဒီပြစ်မှုပြစ်ဒဏ်တွေအတွက်ကို ပြည်သူတွေရဲ့ပြစ်မှုပြစ်ဒဏ်တွေအတွက်ကိုသွားပြီးတော့မှလုပ်ဖို့တရားစီရင်ရေးနဲ့ဒီရဲနဲ့ပေါ့နော်။ အဲ့ဒါလေးခိုင်ခိုင်မာမာရှိထားဖို့အရမ်းအရေးကြီးတယ်။ ဒါကတော့အခုတော်လှန်ရေး အဖွဲ့ကြီးတွေနဲ့ နယ်မှာမှမဟုတ်ဘူးပေါ့နော်။ ဒီမြန်မာနိုင်ငံတည်းဟိုမှာကိုကရဲနဲ့ တပ်နဲ့ဆို လို့ရှိရင်မတည့်ဘူး။ ကျွန်တော်တို့တပ်မှာနေကတုန်းကတည်းကသိတယ်။ တကယ်ကရဲက သပ်သပ်၊ တပ်ကသပ်သပ်ပေါ့လေ။ အဲ့လိုပဲရဲအဖွဲ့ ရဲတပ်ဖွဲ့ခိုင်မာဖို့လိုတယ်။ ဥပဒေပေါ့နော်။ ဥပဒေပြုရေးအဖွဲ့နဲ့ရဲနဲ့အဲ့ဒါပြည်သူ့အုပ်ချုပ်ရေးဘက်ကနေပြီးတော့မှအဲ့ဒါလေးခိုင်ခိုင်မာမာရှိထားလို့ရှိရင်တော့တော်တော်ကောင်းမယ်လို့ကျွန်တော်ထင်တယ်။ ဖြစ်စဉ်တစ်ခု ဆိုလို့ရှိရင် ကွယ် ဟိုကာကွယ်ရေးဘက်က တကယ်ဆိုလို့ရှိရင်တပ်ဆိုလို့ရှိရင်လည်း တပ်မတော်သား သာတပ်မတော်သားဖြစ်နေမယ်။ စစ်သားသာဖြစ်ရင်ဖြစ်မယ်။ တကယ်ကပြည်သူထဲက ပြည်သူပဲ။ ဒီရိုးရင်းအရပ်သားပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြဿနာ ဖြစ်ပြီးတော့မှ ထိမိခိုက်မိကြတယ်။ သေတောင်သေသွားသလားမသိဘူးနော်။ အဲ့ဒါဖြစ်တဲ့ ဟာကို ဒီအမှုကိုတပ်ဘက်ကနေပြီးတော့မှပြည်သူကိုလာပြီးတော့ စီရင်တဲ့ကိစ္စတွေလည်း သွားတွေ့ရတယ်။ အဲ့လိုမျိုးပေါ့လေ။ တပ်ကဒီလက်နက်ကိုင်ထားအတိုင်း ငါပဲအကုန်လုပ် မယ်။ ငါလုပ်တာမှအမှန်။ ငါပြောတဲ့အတိုင်းအကုန်လိုက်လုပ်ရမယ်ဆိုတဲ့ သံသရာ ပြန်မလည်ဖို့ကတော့ တော်တော်လေးဂရုစိုက်ဖို့လိုတယ်ပေါ့။ အဲ့ဒါလေးသတိထားမယ် ဆိုလို့ရှိရင်တော့ တော်တော်ကောင်းသွားမယ့်အခြေအနေပါပဲ။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ဒီတော်လှန်ရေးအောင်မြင်ပြီးတဲ့အချိန်မှာပေါ့လေ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့သူတို့ကိုထောက်ခံတဲ့သူတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုမျိုးချဉ်းကပ်သင့်တယ်လို့ဗိုလ်ကြီးအနေနဲ့မြင်ပါသလဲ။ ဒီတရားမျှတမှုနဲ့ အမျိုးသား ရင်ကြားစေ့ရေးကိုဘယ်လိုမျိုးဟန်ချက်ညီအောင် ဖော်ဆောင်သင့်တယ်လို့ရော ဗိုလ်ကြီးအနေနဲ့ သုံးသပ်ထားပါလဲရှင်။

 

ဖြေကြားသူ – အဲ့ဒါကတော့ထောက်ခံတယ်ဆိုတာကတော့လေ။ တကယ်ကိုနည်းနည်းလေးပဲ ဖြစ်လိမ့်မယ်။ တပ်ကိုထောက်ခံတာပေါ့လေ။ မလွန်ဆန်နိုင်လို့ဒီတပ်ရဲ့အုပ်ချုပ်မှုအောက်မှာ ပြန်နေရတဲ့ဟာပြန်နေရတဲ့သူက ရာခိုင်နှုန်းအနေနဲ့တော့ဘယ်သူမှတော့ စစ်တမ်းကောက်ပြီး တော့တော့ မပြောဖူးဘူး။ ကောက်လို့လည်းရမယ်လို့လည်းမထင်ဘူးပေါ့နော်။ တကယ်တော့ ဒီတော်လှန်ရေးအင်အားစုနဲ့မလွဲမရှောင်သာလို့ ဟိုဒီစစ်ကောင်စီရဲ့အုပ်ချုပ်မှု အောက်ကို ပြန်နေရတဲ့ ပြည်သူအနေနဲ့ ယှဉ်ကြည့်မယ်ဆိုလို့ရှိရင် အင်အားချင်းအရမ်းကွာမှာ သေချာတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုလို့ရှိရင် ၇၅ ရာခိုင်နှုန်းကျော်ကျော်လောက်ကိုရှိလိမ့်မယ်။ ဒီစစ်ကောင်စီအုပ်ချုပ်မှုအောက်ကိုပြန်ပြီးနေရတဲ့ပြည်သူတွေပေါ့နော်။ Facebook မှာဆို လို့ရှိရင် တွေ့ရတဲ့ဟို မြန်မာပြည်မှာကျန်နေခဲ့သူများဆိုပြီးတော့မှ အဲ့လိုပေါ့လေ။ ဒီနိုင်ငံခြား ထွက်နိုင်တဲ့သူဆိုလို့ရှိရင်တော်လှန်ရေးဆက်လုပ်လို့ရတယ်။ နိုင်ငံခြားမထွက် နိုင်တဲ့လူ၊ ပြည်တွင်းမှာနေတဲ့သူဆိုလို့ ဟိုနာမည်ကြီးတဲ့ဆိုလို့ရှိရင်ပိုဆိုးတယ်။ လုံးဝလှုပ်လို့မ ရဘူး။ သူတို့ကိုသွားပြီးတော့မှ ထောက်ခံတဲ့လူတွေသွားပြီးတော့ သတ်မှတ်လို့မရဘူးပေါ့နော်။ တပ်ကိုတကယ်ပဲထောက်ခံတယ်ပဲဆိုကြပါစို့။ တော်လှန်ရေးပြီးသွားမယ်ဆိုလို့ရှိရင် သူတို့ကို သွားပြီးတော့မှအရေးယူလို့မရဘူး။ ဒါကျွန်တော့်အမြင်။ ကျွန်တော်တို့ လုပ်ချင်တာက ကျွန်တော်တို့တိုက်ခိုက်နေတာက ဒီစစ်အာဏာရှင်ကိုဖြစ်တယ်။ စစ်အာဏာရှင်ထောက်ခံ တဲ့သူတွေကလည်း တကယ်ဆိုလို့ရှိရင်ပြည်သူတွေပဲ။ နောက်ပြီးတော့ Non-CDM ဆိုပြီးတော့ခေါ်ကြတဲ့ကိစ္စပေါ့နော်။ ဒီအစိုးရဝန်ထမ်းပြန်လုပ်တဲ့သူတွေ။ တကယ်ဆိုရင် သပိတ်မှောက်တယ်ဆိုတာကအချိန်တန်လို့ရှိရင်ပြန်လှန်ပေးရတယ်။ ကျွန်တော်တို့ကျတော့ သပိတ်မှောက်တဲ့ဟာကိုခုနကျွန်တော်ပြောသလို CDM နဲ့လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆိုရင် တကယ်ဘာမှမဆိုင်တဲ့ဟာပေါ့နော်။ အဲ့ဒါနာမည်အ ခေါ်အဝေါ်မှားပြီးတော့မှ ကျွန်တော်တို့ယူဆချက်တွေလွဲပြီးတော့မှ Non-CDM ဆိုလို့ရှိရင်အသက်ကို ဟိုဟာ ဘယ်လိုဘယ်လိုပြောရမလဲ။ စစ်ကောင်စီအားပေးပုံစံမျိုး၊ ရန်သူပုံစံမျိုးသွားပြီးတော့မှ မြင်နေကြတာရှိတယ်။ CDM ဆိုလို့ရှိရင်မိတ်ဆွေ၊ Non-CDM ဆိုလို့ရှိရင်ရန်သူဆိုတဲ့ ပုံစံမျိုး သွားမြင်နေကြတယ်။ အဲ့ဒါအရမ်းကြီးမှားပါတယ်နော်။ ကဲNon-CDM တွေဆိုလို့ရှိရင်လည်း ခုနနိုင်ငံခြားမထွက်နိုင်တဲ့ပြည်သူတွေလိုမျိုးပဲ CDM လုပ်လို့မရတဲ့ဝန်ထမ်းတွေလည်း ဖြစ်တယ်။ CDM လှုပ်ရှားမှုထဲပါဝင်ခွင့်မပေးတဲ့ဝန်ထမ်းတွေပဲဖြစ်တယ်ပေါ့နော်။ စစ်ကောင် စီကို တကယ်ထောက်ခံတဲ့သူကတော့နည်းပါလိမ့်မယ်။ ဒီလိုထောက်ခံသည်ပဲရှိဦး။ တော်လှန်ရေးပြီးသွားလို့ရှိရင် သူတို့ကိုသွားထိလို့မရဘူး။ ကလေးမှာလားမသိဘူး။ တစ်ခါတော့ရှိဖူးတယ်။ Non-CDM မပြောကြပါစို့လေ။ သူတို့ကိုဖမ်းမိတဲ့ အချိန်မှာ ပြစ်ဒဏ်ပေးကြတယ်။ ဒါပေမဲ့လည်းတကယ်ကို စစ်အာဏာရှင်အုပ်ချုပ်မှုယန္တရားကိုတကယ် လည်ပတ်အောင် ပံ့ပိုးပေးတဲ့ဒီဂရီပေါ်မှာပဲမူတည်ပြီးတော့တချို့ လွှတ်ပေးသင့်တဲ့လူတွေ ကျတော့ အများကြီးလွှတ်ပေးကြတယ်။ တကယ်အရေးယူသင့်တဲ့လူကိုမှပဲယူကြတယ် ပေါ့နော်။ အဲ့လိုမျိုးဖြစ်သင့်ပါတယ်။ များတော့သိပ်များမယ်လို့တော့ကျွန်တော်မထင်ဘူး။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော်။ ဗိုလ်ကြီးလက်ရှိမှာ စာသင်ပေးနေတဲ့ ကလေးတွေအတွက်ကော ဘယ်လိုမျိုးအနာဂတ်နိုင်ငံတော်ကြီးမျိုးကို မျှော်လင့်ပေးထားတာမျိုးရှိလဲရှင်။ ဒီအနာဂတ်ကိုတည်ဆောက်နိုင်ဖို့အတွက် တော်လှန်ရေး မှာပါဝင်နေသူအားလုံးနဲ့ပြည်သူလူထုကိုရောဘယ်လိုစကားမျိုးလက်ဆင့်ကမ်းပြီးမှပြောကြားလိုပါသလဲရှင်။

 

ဖြေကြားသူ – နှစ်ပိုင်းခွဲပြောရမှာပေါ့နော်။ ကလေးတွေအတွက်ဘယ်လိုအနာဂတ်ကို မျှော်လင့်သလဲဆိုတာရယ်၊ တော်လှန်ပြည်သူလူထုအတွက်စကားလက်ဆောင်ပေးဖို့ ဒီနှစ်ခု ဆိုလို့ရှိရင် နိုင်ငံရေးစနစ်ကကိုယ်တွေလည်းနိုင်ငံရေးသမားမဟုတ်တော့ ကျတော့အရမ်းကြီး တော့ မပြောတတ်ဘူး။ ဒါပေမဲ့ Federal democracy ပေါ့လေ။ အဲ့ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့အကိုက်ညီဆုံးဖြစ်မယ်ထင်တယ်။ အနာဂတ်မှာဒီ Federal ပြည်ထောင်စု ဒီမိုကရေစီပြည်ထောင်စုနိုင်ငံပေါ့နော်။ အဲ့ဒါလေးမှာသူတို့လွတ်လွတ်လပ်လပ်၊ တရားမျှတမှု အပြည့်နဲ့ရှင်သန်ခွင့်ရဖို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့လည်းလုပ်ရမယ်။ ပြီးလို့ရှိရင် သူတို့လည်း သူတို့ကိုယ်တိုင်လည်းလုပ်ရမှာပေါ့နော်။ ကြိုးစားရမှာဆိုတော့။ ပညာရေးပေါ့ အဓိကအဖြင့်မှာပညာရေးပါပဲ။ ပညာတွေတတ်လာပြီးတော့မှဒီအနာဂတ် Federal ပြည်ထောင်စုမှာပေါ့နော်။ နေထိုင်နိုင်ဖို့အရမ်းကိုမျှော်လင့်တယ်။ ဒီအခုသင်ပေးတဲ့ကလေး တွေအတွက်။ ကဲတော်လှန်ရေးရှုံးသွားလို့ရှိရင်ကောဆိုတဲ့ ပုံစံမျိုးကတော့မယုံနိုင်သေးဘူး ဖြစ်နေတယ် ဆိုတော့ကျတော့ သူတို့အတွက်ကတော့သနားတယ်။ တကယ်လို့များ အဲ့ဒီအခြေအနေကို မရောက်နိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုများဖြစ်မလဲ။ တွေးတော့ပူမိတာ ပေါ့လေ။ ဆုတောင်းရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအနာဂတ်မျိုး သူတို့ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ တော်လှန်ပြည်သူတွေအတွက်ကျွန်တော်ဘယ်လို စကားလက်ဆောင် ပေးချင်သလဲဆိုလို့ရှိရင် ဒီ NUG တို့တော်လှန်ရေးတပ်ဖွဲ့တွေအသုံးမကျတာကို ပြောမှာ ပေါ့လေ။ ဒီအပြစ်တွေကိုကျွန်တော်တို့လိုက်ထောက်ပြီးတော့ ပြောတဲ့အချိန်ကျလို့ရှိရင် သူတို့က အရမ်းစိတ်ဓာတ်ကျတယ်။ ဒီပြည်သူတွေအနေနဲ့ပေါ့လေ။ အဲ့လိုမပြောပါနဲ့လားဆိုတဲ့ ပုံစံမျိုးကျွန်တော်တို့ကိုပြောလာတာတွေရှိတယ်။ ဆိုတော့ကျတော့ ကျွန်တော်တို့တော့ ပြောရမှာပဲ။ ဟိုပြောခွင့်ရှိလို့ ပြီးလို့ရှိရင်လည်းပြောလည်းပြောနိုင်နေလို့ပေါ့နော်။ ပြောကြတာ ဖြစ်တယ်။ ဒါပေမဲ့လည်းတော်လှန်ရေးဘက်ကနေ အရမ်းကြီးညံ့ဖျဉ်းနေတာမဟုတ်ပါဘူး။ ဒီခရီးကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်လျှောက်လာတဲ့ ခရီးတစ်လျှောက်ကိုပြန်ကြည့်မယ် ဆိုလို့ရှိရင် အောင်မြင်မှုတွေရခဲ့တာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ကအားမရလို့သာ ဒီပိုပြီး တော့မှရှေ့ကိုမြန်မြန်ရောက်ဖို့အတွက်သာ ဟိုတွန်းတွန်းတိုက်တိုက်နဲ့ အဲ့လိုမျိုး ပြောနေ ကြတာမျိုးဖြစ်ပါတယ်ပေါ့နော်။ ဆိုတော့ကျတော့စစ်ကောင်စီရဲ့ အုပ်ချုပ်မှု အောက်မှာ အုပ်ချုပ်မှု နယ်ပယ်မှာပေါ့။ မလွဲမရှောင်သာနေရတဲ့ ပြည်သူလူထုတွေပဲဖြစ်ဖြစ်၊ ဒီလွတ်မြောက်နယ်မြေကပြည်သူလူထုတွေပဲဖြစ်ဖြစ်၊ ဒီကျွန်တော်တို့ တော်လှန်ရေးကို ဆက်ပြီးတော့မှစိတ်ဓာတ်မကျဘဲနဲ့ပေါ့နော်။ ဒီစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတော့မှ ဟိုနည်း နည်းလေး အင်အားများလာလို့ ခဏလေးပြန်နိုင်လာမယ်ဆိုလို့ရှိရင်လည်း ကျားတစ်ပြန်၊ ဘတစ်ပြန်ဆိုတဲ့မြန်မာစကားရှိတယ်ပေါ့နော်။ အဲ့လိုမျိုးတစ်လှည့်စီတော့ဖြစ်နေဦးမှာပဲ။ ဘယ်တော့ဖြစ်ဖြစ်ကျွန်တော်တို့နိုင်မှာပါ။ နော်။ နိုင်မှာဆိုတော့ ဘယ်အချိန်နိုင်မလဲတော့ မပြောတတ်ဘူး။ နိုင်တော့နိုင်မှာပါ။ ဒီအသုံးကျတာနဲ့မကျတာနဲ့ ဟိုဟာဖြစ်ပြီးတော့မှ ကြာရင်တော့ကြာမယ်။ မြန်ရင်လည်းမြန်မယ်ပေါ့လေ။ ဆိုတော့အားလုံးစိတ်ဓာတ်မကျပါနဲ့။ ဒီတော်လှန်ရေးခရီးမှာဆက်ပြီးတော့မှလျှောက်ပေးကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။

 

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ အခုလိုမျိုးဖြေကြားပေးတဲ့အတွက် ဗိုလ်ကြီးကိုအများကြီး ကျေးဇူးတင်ပါတယ်ရှင်။

 

ဖြေကြားသူ – ဟုတ်ကဲ့ ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။