မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်၊ The Kaladan Post
ဖြေဆိုသူ- ဦးအောင်မိုးဇော်၊ ဥက္ကဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
မေးမြန်းသူ – အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ ဒီ The Kaladan Post ကို ကြည့်ရှုနေကြတဲ့ မိဘပြည်သူများခင်ဗျာ။ အခု ဒီတစ်ခါ ကျွန်တော်တို့ ဖိတ်ခေါ်ထားတဲ့သူကတော့ ဒီ DPNS ရဲ့ ပါတီဥက္ကဌဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးသွားမှာကတော့ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံတော်လှန်ရေးနဲ့ ကျွန်တော်တို့ တော်လှန်ရေးအပေါ် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာရဲ့ ရပ်တည်ချက်အပေါ်မှာ ဆရာ့ရဲ့ အမြင်တွေ သုံးသပ်ချက်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆရာ အခုလို ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ကျွန်တော် ပထမဦးဆုံး ပြောပါရစေခင်ဗျာ။
ဖြေကြားသူ – အခုလိုမျိုး မေးမြန်းတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်လို့။
မေးမြန်းသူ – ဟုတ်ကဲ့ ဆရာ။ ပထမဆုံးအနေနဲ့ ကျွန်တော်သိလိုတာကတော့ ဒါ လက်ရှိတော်လှန်ရေးက မျှော်မှန်းချက်ထက် ကြာတယ်လို့ သုံးသပ်မှုတွေ ရှိကြတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အစတုန်းကဆိုရင်တော့ တချို့ တကယ့်နိုင်ငံရေးသမားတွေ ကိုယ်တိုင် ကိုယ်က ခြောက်လလောက်ပဲ ကြာမယ်၊ တစ်နှစ်လောက်ပဲ ကြာမယ် တောင့်ခံပါဆိုပြီးတော့ ဆွဲခေါ်လာရင်းနဲ့ အခုက ငါးနှစ်ထဲဝင်သွားတဲ့ ပုံစံမျိုးဖြစ်တဲ့အခါကျတော့ ဒီအပေါ် ဘာလို့ ဒီကျွန်တော်တို့ ပြည်သူတွေ မျှော်မှန်းထားတာထက် ဒီတော်လှန်ရေးက ပိုကြာသွားလဲလို့ ယူဆပါသလဲခင်ဗျာ။
ဖြေကြားသူ – တစ်ခုရှိတာကတော့ အထူးသဖြင့်ပေါ့နော် ကျွန်တော်တို့ ပြည်သူတွေမှာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲတဲ့အခါကျတော့ ဒီကိစ္စက သူတို့နဲ့ အသားကျတဲ့ ကိစ္စမဟုတ်ဘူး။ ဒီကိစ္စ ဆောင်ရွက်ဖို့အတွက်က အချိန်ယူပြင်ဆင်ရပါတယ်။ အချိန် တော်တော်ကြာမှ ဒီကိစ္စကို သဘောပေါက်နားလည်လာတာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ တော့ ယူဆတယ်။ ဒါတစ်ခုပါ။ ဒုတိယတစ်ခုက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ သူတို့စစ်အင်အားစုတွေကို ဖြိုခွဲတဲ့ ကိစ္စတွေမှာ တော်တော်လေးကို အတွေ့အကြုံများတဲ့ ကျွမ်းကျင်တယ်ပေါ့နော်။ မြန်မာပြည်လွတ်လပ်ရေးနဲ့အပြိုင် ဖြစ်လာတဲ့ သက်တမ်း တစ်လျှောက်မှာ သူကြုံတွေ့ခဲ့ရတဲ့ အတိုက်အခံတော်တော်များများကို တစ်စုံတစ်ရာ အားနည်းသွားအောင် ချိနဲ့သွားအောင် လုပ်နိုင်တဲ့ အခြေအနေရှိတယ်။ တောက်လျှောက် လည်း သူလုပ်ခဲ့တာဖြစ်တယ်။ ဒီကျွန်တော်တို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှု ဖြစ်တာ အတော်ကြာနေပြီဖြစ်တယ်နော်။ ကျွန်တော်တို့ လွတ်လပ်ရေးနဲ့အပြိုင်ပဲ။ ဒီကာလတစ်လျှောက်လုံးမှာ ဒီလက်နက်ကိုင် အင်အားစုတွေကို သူ့ကိုမခြိမ်းခြောက်နိုင်အောင် ကနေ့အခြေအနေအထိ ဆွဲထားနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ကျွန်တော်တို့က ယူဆတယ်။ သို့သော်လည်း ကနေ့နွေဦး တော်လှန်ရေးဖြစ်တဲ့အခါမှာ ကျိန်းသေတယ် စစ်အုပ်စုဟာ အတော်လေးကို နိမ့်ကျနေပြီ ဖြစ်တယ်ပေါ့နော်။ စိတ်ဓာတ်ရေးရာအရရော ပြည်သူလူထုရဲ့ထောက်ခံမှုအရရော အတော် လေးကို နောက်ကျနေပြီဖြစ်တယ်။ နောက်တိုက်ရေးခိုက်ရေးတွေအရရော။ ဒါကြောင့်မို့လို့ လည်း ကနေ့ကာလမှာ ဘယ်သူတွေဘယ်လိုပဲပြောပြော လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုဟာ တစ်စုံတစ်ရာ စစ်အုပ်စုရဲ့ ထိုင်ခုံကို တုန်လှုပ်အောင် ဆောင်ရွက်နေ နိုင်တာဖြစ်တယ်။ စစ်အုပ်စုကို နောက်ကိုရောက်သွားအောင် ဆက်တွန်းနေနိုင်တာဖြစ်တယ်။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ကချင်ပဲဖြစ်ဖြစ်၊ ပလောင်ပဲဖြစ်ဖြစ်၊ ဝပဲဖြစ်ဖြစ် ဒီဘက်မှာ တောင်ပိုင်းမှာဆိုလို့ရှိရင် ကျွန်တော်တို့ ဒီ KNU တို့၊ KNPP တို့ပဲဖြစ်ဖြစ် နောက်အနောက်ဘက် မှာဆိုလို့ရှိရင် CNF တို့ တခြားချင်းအင်အား တော်လှန်ရေးအင်အားစုတွေပဲဖြစ်ဖြစ်ပေါ့နော်။ တစ်စုံတစ်ရာ ဟန်ချက်ညီညီနဲ့ တစ်စုံတစ်ရာ ထိန်းညှိပြီးတော့ အလုပ်တွေကို ဆက်ပြီးတော့ လုပ်နေနိုင်တာဖြစ်တယ်။ စစ်အုပ်စုကိုလည်း ဆက်ပြီးတော့ တွန်းနေနိုင်တာဖြစ်တယ်လို့ ကျွန်တော် အဲဒီလို ယူဆပါတယ်ဗျ။
မေးမြန်းသူ – ဆိုရင် အခုဒီ စစ်ကောင်စီဘက်ကနေပြီးတော့မှ ရွေးကောက်ပွဲကျင်းပပြီးတော့မှ အာဏာသိမ်းမှုသက်တမ်းကို ပုံစံတစ်မျိုးနဲ့ အနည်းဆုံး ငါးနှစ်လောက် ပြင်ဆင်ထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ နောက်တစ်ချက် တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးဖိတ်ခေါ်သလိုလို ဖြစ်တယ်။ ဒီဟာက စောနကဆရာ သုံးသပ်သလို ကျွန်တော်တို့ဘက်ခြမ်းမှာ လိုအပ်ချက်ရှိ နေသေးတဲ့အပေါ်မှာ သူ့ဘက်ကနေ ယုံကြည်မှုအပြည့်အဝနဲ့ ဆွဲခေါ်ချင်တဲ့ သဘောမျိုးလား သို့မဟုတ် နောက်ဆုတ်လို့မရတဲ့ ပုံစံမျိုး သူ့အနေနဲ့ လုပ်တဲ့သဘောမျိုးလား ဒီအပေါ် ဘယ်လိုသုံးသပ်လဲ ဆရာ။
ဖြေကြားသူ – ကျွန်တော့် နားလည်မှုကတော့ သူတို့အနေနဲ့ နောက်ကိုဆက်ဆုတ်ဖို့အတွက် ခက်နေတယ်။ ဒီရွေးကောက်ပွဲက သူတို့ထွက်ပေါက်လမ်းကြောင်းဖြစ်နေတယ် ဆိုတဲ့အခါကျ ဒီရွေးကောက်ပွဲလုပ်ပြီးတော့ အဲဒီလမ်းကြောင်းကနေပြီးတော့ သူတို့နိုင်ငံရေးကို ထွက်နိုင် အောင် သူတို့ကြိုးစားကြမှာဖြစ်တယ်။ တကယ်တမ်းဆိုလို့ရှိရင် နိုင်ငံတကာအခြေအနေပဲ ဖြစ်ဖြစ် အခြားတွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းတွေပဲဖြစ်ဖြစ် လမ်းကြောင်းအားလုံး ဟာ စစ်အုပ်စုအတွက်က သူ့ဘာသာသူ ပိတ်မိနေတာဖြစ်တယ်။ သူ ဒီပိတ်မိနေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ဆိုလို့ရှိရင် သူတို့အနေနဲ့က အခုဆိုလို့ရှိရင် ရွေးကောက်ပွဲဆိုတဲ့ လမ်းကြောင်းကို စကားဟလာတယ်။ ပြောဆိုလာတယ်။ အဲဒီအတွက် နော် ဟိုနိုင်ငံတကာရဲ့ အကူအညီတွေကလည်း တရုတ်ပဲဖြစ်ဖြစ်ပေါ့နော် ရုရှားပဲဖြစ်ဖြစ် နော် အနိမ့်ဆုံးအဆင့် အိန္ဒိယလိုနိုင်ငံမျိုးပဲဖြစ်ဖြစ်ပေါ့နော်။ ကျွန်တော်တို့ဆို အိမ်နီးချင်းနိုင်ငံတွေရှိတယ် ထိုင်းနိုင်ငံ တို့လို နိုင်ငံမျိုးတွေကပဲဖြစ်ဖြစ် ရွေးကောက်ပွဲလမ်းကြောင်းက သူထွက်မယ်ဆိုလို့ရှိရင် ဒီအပေါ်မှာ တစ်စုံတစ်ရာ သူတို့ သက်သာရာရနိုင်တယ် သူတို့အကူအညီရနိုင်တယ်။ သူတို့ပိတ်မိနေတဲ့ လမ်းကြောင်းကလည်း ခုန်ထွက်ပြီးသားဖြစ်သွားမှာပေါ့နော်။ အဲဒီအခြေ အနေတွေအရ ရွေးကောက်ပွဲလမ်းကြောင်းကို သူတို့စဉ်းစားနေတာဖြစ်တယ်။ ရွေးကောက်ပွဲ ကို မဖြစ်မနေလုပ်ဖို့ ကြိုးစားဟန် ပြင်ဆင်နေတာဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုယူဆ ပါတယ်ဗျ။
မေးမြန်းသူ – ဒါဆိုရင် ဒီစစ်ကောင်စီကလည်း အကြပ်ရိုက်နေပြီးတော့ နောက်ဆုတ်လို့မရတဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ရှေ့တိုးဖို့က အပြီးအပြတ် ဖြတ်နိုင်ဖို့ဆို ရှေ့တိုးဖို့ကတော့ လိုတော့လိုနေသေးတဲ့ ပုံစံမျိုးဖြစ်တယ်။ ဆိုတော့ အခုအချိန် မှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒါ ဒီနွေဦးရာသီပိုင်းကတည်းကနေ အသွင် ကူးပြောင်းရေး အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ဟာ ကျွန်တော်တို့ဖွဲ့မယ်ဆိုတဲ့ဟာ ကြေညာလာခဲ့တာဖြစ်တယ်။ ဆိုတော့ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ပြည်သူတွေ မျှော်လင့်ထားသလို မြန်မြန်ဆန်ဆန်တော့ မထွက်လာသလို ဒါ နိုင်ငံတကာဘက်ကနေလည်း အခုလက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာ ဆက်ဆံလိုစိတ် အရင်လို တက်တက် ကြွကြွ ဆက်ဆံလိုစိတ် သိပ်မရှိတော့တဲ့ဘဲနဲ့ အသစ်ထွက်လာမယ့် အသွင်ကူးပြောင်းရေး အစိုးရကို မျှော်မှန်းနေသလိုဖြစ်နေတယ်လို့ သုံးသပ်မှု တချို့ကျွန်တော်တို့တွေ့နေရတယ်ပေါ့ နော်။ ဆိုတော့ ဒီအပေါ်မှာကရော ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အပြောင်းအလဲလုပ်လာမယ့်ဟာက ကျွန်တော်တို့ စစ်ကောင်စီကို အနိုင်တိုက်ဖို့ အမြစ်ပြတ် နိုင်ဖို့အတွက် ဘယ်လောက်ထိ မျှော်လင့်သလဲ ဆရာ။ ဒီအပေါ် ဘယ်လိုသုံးသပ်လုပ်ပါသလဲ။
ဖြေကြားသူ – ကျိန်းသေတာကတော့ ကနေ့နွေဦးတော်လှန်ရေးစကတည်းက ကျွန်တော်တို့ ပြည်သူတွေက ကိုယ့်ဘာသာကိုယ်ရုန်းခဲ့တာဗျ။ အင်အားစုတစ်ခုခုက နိုင်ငံရေးပါတီ တစ်ခုခုက နိုင်ငံရေးအဖွဲ့အစည်းတစ်ခုခုက ကူညီမှုနဲ့ လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့တာမဟုတ် ဘူး။ လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့သာသည်ပင်လျှင် တကယ်တော့ ပြည်သူတွေဟာ သူတို့ဘာသာ သူတို့ ကြိုးစားခဲ့တာဖြစ်တယ်။ ကနေ့ကာလမှာလည်း အထူးသဖြင့်ပေါ့ ကျွန်တော်တို့ ပြည်သူတွေကို ကျွန်တော်တို့တွေကို ဘက်ပေါင်းစုံကနေပြီးတော့ ပိတ်ဆို့နေတဲ့ တားဆီးနေ တဲ့ ရန်သူတွေကို ပြန်ပြီးဖြတ်ဖို့ ကျော်ဖို့ စဉ်းစားကြတဲ့အခါမှာ တိုင်းပြည်ထဲမှာရှိတဲ့ လူပုဂ္ဂိုလ် အသီးသီးဟာ ကျွန်တော်တို့တွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ဆောင်ရွက်ကြရတာဖြစ်တယ်။ ဒီတော်လှန်ရေးဟာ အမှန်တကယ်ကတော့ ကျွန်တော်တို့ ပြည်သူတွေက ကျွန်တော်တို့ အားကို ကျွန်တော်တို့ကိုးပြီးတော့ ကျွန်တော်တို့ ဆက်ရုန်းကြရမှာဖြစ်တယ်။ ဆက်ပြီးတွန်း ကြရမှာဖြစ်တယ်။ ကနေ့တော်လှန်ရေးအခြေအနေကလည်း ရှေ့ကိုအတော်ကိုရောက်နေပြီ ဖြစ်တယ်။ ဆက်ပြီးတော့ မနိုင်နိုင်အောင် ကျွန်တော်တို့ ဆက်ပြီးတော့ တွန်းကြရမှာဖြစ် တယ်လို့ ကျွန်တော်အဲဒီလိုပဲ ယုံကြည်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကတော့ နိုင်ငံရေးအင်အားစုတစ်ခုအနေနဲ့ ကျွန်တော်တို့နဲ့ ဆက်စပ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်တို့နဲ့ ဆက်စပ်မယ်။ ဆက်စပ်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ကြရမှာဖြစ်တယ်။ သို့သော်လည်း လက်တွေ့မြေပြင်မှာ လက်တွေ့အလုပ်တွေကိုလုပ်နေတာက ကျွန်တော်တို့ ပြည်သူတွေဖြစ်တယ်။ ကိုယ့်အားကိုယ်ကိုးပြီးတော့ ကိုယ့်ဘာသာကိုယ်ဆောင်ရွက်နေ ကြတာဖြစ်တယ်။ နိုင်ငံတကာမှာရောက်ရှိနေတဲ့ ကျွန်တော်တို့ပြည်သူတွေကလည်း တတ်နိုင် သမျှ ကူညီပံ့ပိုးနေတာဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ဒီအကူအညီတွေနဲ့ပဲ ဒီလက်တွဲ ဆောင်ရွက်မှုတွေနဲ့ပဲ ကျွန်တော်တို့အချင်းချင်းကြားမှာ လက်ခိုင်ခိုင်တွဲပြီးတော့ ကျွန်တော်တို့ ရန်သူကို ကျွန်တော်တို့ ဆက်ပြီးတော့ တွန်းဖို့ ဆက်ပြီးတော့ ဖယ်ရှားနိုင်ဖို့ကို ကျွန်တော်တို့ ကြိုးစားရမှာဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုပဲ ယူဆပါတယ်ဗျ။
မေးမြန်းသူ – ဟုတ် ဆရာပြောတာ တကယ့်အဖြစ်မှန်ဖြစ်တယ်။ သို့သော် ဒီနိုင်ငံတကာ အပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိတော်လှန်ရေးအပေါ်မှာ အမြဲတမ်းလိုလို မေးခွန်းထုတ်ကြ တာကတော့ အခုစစ်ကောင်စီပြိုလဲတယ်ဆိုရင် တစ်နိုင်ငံလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင် တယ်။ ဒီအပေါ်မှာ အခုလက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရဟာမျိုးက တကယ်လို့ စစ်ကောင်စီ အလုံးစုံပြိုလဲမယ်ဆိုရင် ဝင်ထိန်းနိုင်မယ့် နိုင်ငံရေးအရရော သဘောတူညီချက် ဖြစ်ဖြစ် သို့မဟုတ် တစ်ခုခုလမ်းကြောင်းပေါ့နော် ပုံဖော်နိုင်ဖို့လိုတယ်။ ဒါကို NUG အနေနဲ့ မလုပ်နိုင်သေးဘူးဆိုတဲ့ဟာမျိုးနဲ့ ကိုယ်သုံးသပ်ပြီးတော့မှ ကျွန်တော်တို့တော်လှန်ရေး အပေါ်မှာ ယုံကြည်မှုအပြည့်အဝမပေးနိုင်သလိုလိုမျိုး သုံးသပ်တာမျိုးရှိတယ်။ ဆိုရင် ဒါမျိုးကိုရော ဘယ်လိုတုံ့ပြန်ချင်လဲဆရာ။
ဖြေကြားသူ – ကျွန်တော်တို့ လက်တွေ့ တော်လှန်ရေးလှုပ်ရှားမှုတွေကိုကြည့်ပါ။ ကနေ့ KNU ဒေသမှာ KNU စီမံခန့်ခွဲနေတာဖြစ်တယ်။ ကနေ့ ကရင်နီဒေသမှာ ကရင်နီစီမံခန့်ခွဲနေတာ ဖြစ်တယ်။ အဲဒီလိုပဲ ဒေသအသီးသီးမှာ တော်လှန်တဲ့အင်အားစုတွေက သူတို့ဒေသ အခြေအနေတွေကို သူတို့ဘာသာသူတို့ စီမံခန့်ခွဲမှုရှိ စီမံခန့်ခွဲမှုလုပ်နိုင်တယ်လို့ ကျွန်တော် အဲဒီလိုပဲ ယူဆတယ်။ အကယ်၍ ကျွန်တော်တို့တိုင်းပြည်ကို တကယ်ပဲ ရေရှည်မှာ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ကြမယ်ဆိုလို့ရှိရင် ဒီအင်အားစုတွေအကြားမှာ ညှိနှိုင်းမှု ဒီအင်အားစုတွေအကြားမှာ ပူးပေါင်းဆောင်ရွက်မှုက အလွန်ကိုအရေးကြီးတယ် လို့ထင်တယ်။ နော် ဒီနေ့ KNU နဲ့ပဲဖြစ်ဖြစ် KNPP နဲ့ KNU နဲ့ကြား ပူးပေါင်းဆောင်ရွက်မှု၊ KNU, KNPP နဲ့ ဟိုးမြောက်ပိုင်းမှာရှိတဲ့ အင်အားစုတွေကြား ဆက်သွယ်ဆောင်ရွက်မှု။ အဲဒီလိုပဲ ပြည်တွင်းမှာ ကနေ့တော်လှန်နေကြတဲ့ ဒီဒီမိုကရေစီအင်အားစုတွေနဲ့ ဆက်စပ်နိုင်ဖို့ ကိစ္စတွေဟာ အလွန်ကိုအရေးကြီးပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ကနေ့အခြေအနေမှာ အတော်ကို ရှေ့ရောက်နေပြီဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုပဲ ယုံကြည်ပါတယ်နော်။ ဆိုတော့ KNU ပဲဖြစ်ဖြစ် KNPP ပဲဖြစ်ဖြစ် KIO ပဲဖြစ်ဖြစ် ပလောင်ပဲဖြစ်ဖြစ် နော် ဒီ NUG အစိုးရနဲ့ ဆက်ဆံဆောင်ရွက်နိုင်ရေး နော် မဟာမိတ်ဖွဲ့ပြီး တော့ ဆောင်ရွက်နိုင်ရေးကလည်း အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ကျွန်တော် အဲဒီလိုယူဆပါတယ်ဗျ။
မေးမြန်းသူ – ဟုတ် ဒါဆိုရင် ကျွန်တော်တို့ လက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေ အရ Confederal လို့ပဲခေါ်ခေါ် ဘယ်လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတယ်လို့ပဲခေါ်ခေါ် ဒါ ကိုယ့်နယ်မြေ ထိန်းချုပ်နယ်မြေတွေအားလုံးမှာတော့ အပြီးအပြတ်တာဝန်ယူမှုရှိနေပြီ။ ဒီတော့ အစိတ်စိတ်အမွှာမွှာကွဲမှာကို စိုးရိမ်စရာမလိုဘဲနဲ့ Confederal design ကနေလည်း Federal, coming together federal ပုံစံမျိုး ပြန်ပြီးတော့မှ အသွင်ပြောင်းလို့ရပါတယ်ဆိုတဲ့ ပုံစံမျိုးလား။
ဖြေကြားသူ – ကျွန်တော့်ရဲ့အမြင်ကတော့ ကနေ့အခြေအနေက ကျွန်တော်တို့ရန်သူက စစ်အုပ်စုဖြစ်တယ်။ အဲဒီစစ်အုပ်စုကို ကျွန်တော်တို့မြေပေါ်က ထွက်သွားနိုင်ရေးက အဓိကဖြစ် တယ်လို့ ကျွန်တော်အဲဒီလိုထင်တယ်။ ဥပမာ ရခိုင်ဒေသဆိုပါစို့ ရခိုင်ဒေသကလည်း ရခိုင်ပြည်ဆို သီးသန့်ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အဲဒီလိုပဲ အချို့ အချို့အချို့သော ပြည်နယ်တွေကလည်း သူ့ပြည်နယ်ကိုသူ ခိုင်မာပိုင်စိုးနိုင်မှု ပေါ်ပေါက်လာနိုင်တယ်။ အဲဒီအခြေအနေတွေက ကျွန်တော်တို့ စိတ်ဆန္ဒနဲ့မဆိုင်ဘူးဗျ။ လက်တွေ့တိုက်ပွဲထဲမှာ ဖြစ်လာနိုင်တဲ့ကိစ္စတွေဖြစ်တယ်။ ဆိုတော့ အဲဒါတွေကိုစိုးရိမ်ပြီးတော့ အတင်းလိုက်ပိတ် နေမယ်ဆိုလို့ရှိရင် ရန်သူလိုချင်တဲ့ စိတ်ဆန္ဒကို ကိုယ်က ဖြည့်ဆည်းပေးသလို ဖြစ်နေလိမ့်မယ်။ ဆိုတော့ အဲဒီလိုအခြေအနေတွေမဟုတ်ဘဲနဲ့ ရခိုင်လည်း ရခိုင်ပြည်က လွတ်မြောက်အောင်တိုက်မယ်။ ကရင်ကလည်း ကရင်ပြည်နယ်ကို လွတ်မြောက်အောင် တိုက်မယ်။ ကရင်နီကလည်း ကရင်နီပြည်ကို လွတ်မြောက်အောင်တိုက်မယ်။ အခု ကျွန်တော်တို့ချင်းတောင်လို့ ဆိုကြပါစို့။ ချင်းတောင်မှာလည်း အင်အားစုအသီးသီးရှိကြတယ်။ ဒီအင်အားစုအသီးသီးကြားမှာ သေသေချာချာ ညှိနှိုင်းပြီးတော့ ဒီဒေသကြီးတစ်ခုလုံး လွတ်မြောက်နိုင်ဖို့ကို ကြိုးစားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့အခြေအနေက ပိုပြီးတော့ မြန်မြန်ဆန်ဆန်ဖြစ်သွားမယ်။ တိုင်းပြည်ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာက သူသမိုင်းရဲ့ တောင်းဆိုမှု သမိုင်းရဲ့လိုအပ်ချက်နဲ့ပဲဆိုင်တယ်။ လွန်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးအပြီး ကာလပေါ့ဗျာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာ ပြည်ထောင်စုမြန်မာနိုင်ငံလို့ဆိုပြီး ဖြစ်ပေါ်လာတယ်လေ နော် ပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီး ဖြစ်ပေါ်လာတယ်။ သို့သော်လည်း အဲဒီအခြေအနေက ကနေ့အခြေအနေအထိ ပီပြင်ဖြစ်မလာလို့အတွက် ကနေ့လိုတိုက်ပွဲမျိုးတွေက ကျွန်တော်တို့ထပ်ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ဒီအခြေအနေကလည်း နောက်အချိုးအကွေ့တစ်ခုကို ချိုးကွေ့သွားနိုင်တာပဲ။ အဲဒါကို ကျွန်တော်တို့ လက်ခံနိုင်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ စာအုပ်ထဲမှာရှိတဲ့မြေပုံ စာအုပ်ထဲမှာရှိတဲ့အင်အားစု ကျွန်တော်တို့သိတဲ့ မှီတဲ့သမိုင်းတွေကိုပဲ အသေအချာဖက်တွယ်ထားမယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ကိစ္စတွေက တစ်စုံတစ်ရာ အခက်အခဲဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ယူဆတယ်။ ပြည်သူလူထုရဲ့ တောင်းဆိုမှု ကနေ့တော်လှန်ရေးအင်အားစုတွေရဲ့ တောင်းဆိုမှု အဲဒီတောင်းဆိုမှုတွေရဲ့ အခြေအနေက ကျွန်တော်တို့ အရင်အရင်ပြောခဲ့ဆိုခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာထက် နည်းနည်းလေးများ ပိုနေတယ်လို့ ကျွန်တော်တို့က အဲဒီလို ကျွန်တော်ယူဆပါတယ်။ သို့သော်လည်း ကနေ့ အင်အားစုအသီးသီးမှာ ခေါင်းဆောင်နေကြတဲ့ နိုင်ငံရေးခေါင်းဆောင် တွေပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် တစ်စုံတစ်ရာ အမျှော်အမြင်ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ စုစည်းမှုကို ကျဲပြန့်သွားအောင် ကွာဟသွားအောင် ဆောင်ရွက်ကြမယ့် သဘောထားတွေ ရှိလိမ့်မယ်လို့ ကျွန်တော်အဲဒီလိုမထင်ပါဘူးဗျ။
မေးမြန်းသူ – ဟုတ်ကဲ့ ဟုတ်။ ဆိုရင် ဆရာကို ကျွန်တော် ဒီလက်ရှိနိုင်ငံတကာရေးနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော် မေးကြည့်ချင်ပါတယ်။ ဆိုတော့ လက်ရှိကျွန်တော်တို့ ငါးနှစ်တာ ပြီးတော့မယ့် ကာလမှာ ကျွန်တော်တို့ အနိုင်ပိုင်းနဲ့ အဆုံးအဖြတ်ဖော်ဆောင်နိုင် သလို စစ်ကောင်စီကလည်း အရေးပေါ်ကာလ အခြေအနေဆိုင်ရာ ဥပဒေလုပ်ပြီးတော့မှ နာလန်နည်းနည်းပြန်ထူနိုင်သလို ဖြစ်လာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဒါ မြန်မာနိုင်ငံမှာ ငလျင်ကလည်း ရိုက်ခတ်လာတော့ ဒီဟာကိုအကြောင်းပြုပြီးတော့မှ ဒါ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာက စစ်ကောင်စီနဲ့ စပြီးတော့မှ အရင်ကထက် စကားပြောဆက်ဆံတာတွေ ရှိလာတယ်။ ဆိုတော့ ဒီလိုဖြစ်နေတဲ့အခြေအနေအပေါ်မှာ စစ်ကောင်စီဘက်ကို နိုင်ငံတကာက လှည့်သွားတဲ့သဘောလား ဘယ်လိုသုံးသပ်လို့ ပါလဲဆရာ။
ဖြေကြားသူ – ကျွန်တော်တော့ အဲဒီလိုမမြင်ပါဘူးဗျ။ ကျိန်းသေတာကတော့ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ ငလျင်လှုပ်တဲ့အခါကျတော့ တော်တော်ဆိုးဆိုးဝါးဝါးခံရတယ်။ ကျွန်တော်တို့ ပြည်သူတွေ တော်တော်ဆိုးဆိုးဝါးဝါးဒုက္ခရောက်ကြရတာ။ ဒီအခြေအနေကို သာမန်လူ တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် သာမန်နိုင်ငံတစ်နိုင်ငံအနေနဲ့ပဲဖြစ်ဖြစ် စဉ်းစားမယ်ဆိုပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီဖို့ စဉ်းစားကြတာဖြစ်တယ်။ ဒီအချိန်အတောအတွင်းမှာ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ နိုင်ငံရေးပြဿနာတွေဖြစ်နေတယ်ဆိုတာလည်းပဲ တစ်ကမ္ဘာလုံးသိတယ်။ တစ်ဒေသတစ်ခုလုံးသိတယ်။ ဆိုတော့ အဲဒီအခြေအနေတွေကို တတ်နိုင်သမျှကျော်လွှားဖို့ အတွက် ဝိုင်းဝန်းဖေးမကြတာပေါ့ဗျာ။ သို့သော်လည်း လက်တွေ့မှာက ခင်ဗျားတို့လည်းသိတဲ့ အတိုင်းပဲ စစ်အုပ်စုဘယ်လိုသဘောထားသလဲ။ အဲဒီနိုင်ငံတကာအကူအညီတွေကို နိုင်ငံတကာရဲ့ ပြောဆိုဆောင်ရွက်မှုတွေကို သူတို့ဘယ်လိုတုံ့ပြန်သလဲ အားလုံးသိတာပဲ။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာတော့ စစ်အုပ်စုကို ပြောဖို့ဆိုဖို့ နားချဖို့ အတော်ခက်တယ် ဆိုတာ နိုင်ငံတကာကလည်း အတော်သိပါတယ်။ အဲဒီလိုသိတဲ့အခြေအနေကြောင့်လည်းပဲ ကနေ့တိုင်းပြည်ထဲမှာဗျာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင်မှ ကျိန်းသေတယ်ဗျ ဒုက္ခရောက်ကြဦးမယ်။ သတ်ကြဖြတ်ကြဦးမယ်။ သေကြကြေကြဦးမယ်။ ဒါက ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာကို ကျော်လွှားသွားနိုင်မယ့် ကိစ္စမဟုတ်ဘူးဆိုတာကို တစ်ကမ္ဘာလုံးလည်းသိတယ်။ ဒီအခြေအနေတွေအောက်မှာ ဒီစစ်အုပ်စု စီစဉ်နေတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်ဖို့ မဖြစ်ဖို့ဆိုတဲ့ ကိစ္စတောင်မှ လူတော်တော်များများက စောင့် တကယ်ကို စောင့်ကြည့်နေတဲ့ အနေအထားဖြစ်တယ်။ ကနေ့အာဆီယံမှာဆိုလို့ရှိရင် အခုမလေးရှားပေါ့ဗျာ။ မလေးရှားက ယာယီ လက်ရှိအနေအထားမှာ ဦးဆောင်နေတယ်။ သူကိုယ်တိုင်က ဒီအပေါ်မှာ တော်တော်လေးကို သတိပေးစကားတွေ ပြောကြားနေတာ ဖြစ်တယ်။ သေသေချာချာလည်းပဲ အင်အားစုအသီးသီးနဲ့လည်းတွေ့ပြီးတော့ ဗမာ့အရေး အခြေအနေကို ဒီထက်ပိုပြီး သူတို့နားလည်နိုင်အောင် သူတို့ကြိုးစားနေတာဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာ ဒီကိစ္စတွေအကုန်လုံးက စစ်အုပ်စုခေါင်းထဲမှာနေလို့ စစ်အုပ်စုကြောင့် ဖြစ်နေတယ်ဆိုတာ သူတို့သဘောပေါက်တယ်။ ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးရေး အရင်လုပ်ပါ စကားအရင်ပြောကြပါ ရွေးကောက်ပွဲက နောက်မှလုပ်ပါ ဒါတွေပြေလည်မှလုပ်ကြပါလို့ သူတို့ပြောဆိုနေကြနေတာဖြစ်တယ်လို့ ကျွန်တော်အဲဒီလိုပဲ နားလည်ပါတယ်ဗျ။
မေးမြန်းသူ – ဟုတ်ကဲ့။ ဆိုတော့ ကျွန်တော်တို့ ဒီနိုင်ငံတကာကတော့ ဒီအခြေအနေ အမျိုးမျိုးကြောင့် စစ်ကောင်စီနဲ့ဆက်ဆံနေတာရော တကယ့်စစ်ကောင်စီနဲ့ကို ဘေးဖယ်ထား တဲ့နိုင်ငံအမျိုးမျိုးရှိတယ်။ သို့သော် ဒါ ထူးထူးဆန်းဆန်း အိမ်နီးချင်းနိုင်ငံမှာဆိုရင် နိုင်ငံကြီးနှစ် နိုင်ငံရှိတယ်။ ဆိုတော့ တရုတ်နဲ့အိန္ဒိယပေါ့။ အဲဒီထဲမှာဆိုရင်တော့ အိန္ဒိယဟာဆိုရင် ထိုင်းပြီးရင်တော့ ဒုက္ခသည်လက်ခံမှုအများဆုံးနိုင်ငံဖြစ်တာပေါ့နော်။ ဆိုတော့ တစ်ဖက်မှာ လည်း ဒီတော်လှန်ရေးအင်အားစုစတင်တဲ့အချိန်မှာ အိန္ဒိယနဲ့နယ်စပ်ဘက်ခြမ်းက တော်လှန်ရေးလှုပ်ရှားမှုအားကောင်းပေမယ့် တစ်ဖက်မှာ အစုအဖွဲ့မှုအားနည်းချက်တွေရှိ နေသေးတဲ့အခါကျတော့ အိန္ဒိယနိုင်ငံဘက်ကို အလုံးအရင်းဝင်လာတဲ့ မူးယစ်ဆေးဝါး အပါအဝင် တခြားတခြားတရားမဝင်မှောင်ခိုဈေးကွက်တွေချဲ့လာတဲ့ အများအပြားစိမ့်ဝင် လာတဲ့ သက်ရောက်မှုတွေရှိတယ်။ ဒီအပေါ်မှာလည်း တော်တော်လေးကို အိန္ဒိယဘက်က စိုးရိမ်မှုရှိတယ်။ သို့သော် အိန္ဒိယက လက်ရှိ မြန်မာနိုင်ငံတော်လှန်ရေးအပေါ်မှာ တုံ့ပြန်မှု တွေက အေးတိအေးစက်လိုလိုမျိုးဖြစ်နေတယ်။ တစ်ဖက်မှာ နယ်စပ်ကိစ္စမှာတော့ ချက်ချင်း အကူအညီပေးတာတွေဘာညာလုပ်ပေမယ့် ဒါ စနစ်ကျတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ချဉ်းကပ်တာမျိုးလည်းမရှိသလို ဒါစစ်ကောင်စီနဲ့ပဲ လုပ်စရာရှိတာလေးတွေ ဆက်လုပ်တဲ့ အနေအထားဖြစ်တယ်။ ဒီအပေါ်မှာ ဆရာဘယ်လိုအမြင်သလဲ ဘယ်လိုသုံးသပ်သလဲ။
ဖြေကြားသူ – ကျိန်းသေတာကတော့ ဒီဘက်ဒေသကို စီးပွားရေးအရ သူတို့ မူလရည်မှန်းထား တဲ့အတိုင်း သူတို့ထိုးဖောက်ချင်တာပဲ။ နော် အိန္ဒိယကနေ ဒီဘက်အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ မလေးရှားတို့လိုနိုင်ငံမျိုးတွေ ဟိုဘက်နိုင်ငံတွေနဲ့ သူဆက်စပ်ချင်တာ လမ်းဖောက်ချင်တာ။ ဗမာပြည်ကိုဖြတ်ပြီးတော့ပေါ့ဗျာ။ အဲဒီအခြေအနေတွေ သူတို့ ဆောင်ရွက်ချင်တယ်။ ဆောင်ရွက်ဖို့ ကြိုးစားနေတယ်ပေါ့နော်။ တရုတ်ကလည်းပဲ အိန္ဒိယအထိသွားမယ်။ အိန္ဒိယကနေ တစ်ဆင့် သူ့ရဲ့ ပိုးလမ်းမကြီးပေါ်မှာ အဲဒီဟာမှတစ်ဆင့် ကမ္ဘာကိုဖြန့်ကြက်မယ်ဆိုတဲ့ သူ့စီမံကိန်းအတိုင်း သူဆောင်ရွက်နေတာဖြစ်တယ်။ ဆိုတဲ့အခါကျတော့ အဲဒီနှစ်ခုကတော့ သူတို့ရဲ့အဓိက မဟာဗျူဟာတွေဖြစ်ကြတယ်။ ဒါတွေကို ကျွန်တော်တို့ကျော်လွှားဖို့ကတော့ ခက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့အခြေအနေမှာ ဒါဒီအခြေအနေတွေကိုကျော်ပြီးတော့ ဒီအခြေအနေတွေရှောင်ပြီးတော့ လုပ်နိုင်တဲ့အနေအထားတွေတော့ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အဲဒီလိုပဲ ယူဆတယ်။ ကျွန်တော်တို့ပြည်သူတွေကတော့ ကျိန်းသေတယ် ဒီစစ်အုပ်စုကို မပြုတ်ပြုတ်အောင် ဆောင်ရွက်ချင်တဲ့စိတ် တော်တော်ကို ပြင်းထန်နေတယ်။ အဲဒီဟာကို လက်တွေ့ပဲဆောင်ရွက်နေကြတယ်။ သို့သော်လည်း ခုနကပြောသလို အိန္ဒိယဘက်က အနေအထားတွေ၊ တရုတ်ဘက်ကအနေအထားတွေ၊ အာဆီယံဘက်ကအနေအထားတွေကလည်း ဒီအခြေအနေကြီးကို ကာကွယ်ဖို့ ကြိုးစားနေသလိုဖြစ်တယ်။ အမှန်တကယ်တော့ သူတို့ကိစ္စကို သူတို့ဆောင်ရွက်တာပဲ။ သူတို့ကိစ္စကို သူတို့ဆောင်ရွက်နေရင်းနဲ့ ကျွန်တော်တို့အခြေအနေကို လာတားဆီးသလို ဖြစ်နေတယ်။ သို့သော်လည်း လက်တွေ့မှာ တားလို့ဆီးလို့မရဘူးဆိုတာ သူတို့သိပါတယ်။ သူရခိုင်ဘက်ကိုပဲကြည့်။ သူ့လုပ်သားသမားတွေလွှတ်ပြီးတော့ အခြေခံအားဖြင့်တော့ သူ့တပ်တွေလွှတ်ပြီးတော့ သူတတ်နိုင်သမျှ ထိန်းနိုင်ဖို့ကြိုးစားနေရတယ်။ တစ်ပြိုင်နက် တည်းမှာလည်း ခုနကလို ရခိုင်ဘက်ကနေ သူတို့တရုတ်ပြည်အထိ သွယ်ထားတဲ့ Gas Pipeline ကာကွယ်ဖို့ ကြိုးစားနေရတယ်။ တစ်ပြိုင်နက်တည်းမှာပဲ စစ်အုပ်စုကိုလည်းပဲ ထောက်ပံ့သယောင်လုပ်နေရတယ်။ အားပေးသယောင်လုပ်နေရတယ်။ သို့သော်လည်း အဲဒီအခြေအနေတွေက တစ်ဖက်မှာရှိတဲ့ ခုနကလို တော်လှန်တဲ့အင်အားစုတွေ AA တို့လို အင်အားစုမျိုးတွေ၊ တစ်ဖက်မှာရှိတဲ့ ပလောင်တို့လိုအင်အားစုမျိုးတွေ၊ တစ်ဖက်မှာရှိတဲ့ ကိုးကန့်လိုအင်အားစုမျိုးတွေကိုလည်းပဲ တစ်ဖက်ကသူထောက်ပံ့နေရတယ်။ တစ်ဖက်ကသူ တတ်နိုင်သမျှပံ့ပိုးနေရတယ်။ ဆိုတော့ အဲဒီအခြေအနေတွေကတော့ တော်တော်လေးကို ရှုပ်ရှုပ်ထွေးထွေးဖြစ်ပေါ်နေတာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်ဗျ။
မေးမြန်းသူ – ဆိုရင် ဒီအိန္ဒိယက တရုတ်နဲ့ အားပြိုင်မှုကြီးတဲ့နိုင်ငံလို့ ကျွန်တော်တို့ နားလည် ထားတယ်ပေါ့နော်။ ဆိုတော့ အဲဒီမှာ တစ်ဖက်မှာဆိုရင် တော်လှန်ရေးအင်အားစုတွေက လည်း တရုတ်ကိုလွှမ်းမိုးထိန်းချုပ်နေသလိုဖြစ်တဲ့ဟာကို မလိုလားဘူး၊ လျှော့ချလိုတဲ့စိတ်ရှိ တယ်။ ပြီးတော့ တစ်ဖက်မှာ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ဟာကို ဦးတည်နေတယ်။ ဒီနှစ်ခုနဲ့ တင် အိန္ဒိယရဲ့တကယ့် အကျိုးစီးပွားနဲ့ တစ်ထပ်တည်းကျတယ်လို့ ဆိုလို့ရတယ်ပေါ့နော်။ သို့သော် အိန္ဒိယဘက်ရဲ့အခု ကျွန်တော်တို့မြန်မာ့အရေးအပေါ်မှာ လုပ်ဆောင်ချက်တွေက အိန္ဒိယအနေနဲ့ စကစနဲ့ဆက်ဆံနိုင်ရုံနဲ့ ပိုပြီးတော့ အကျိုးအမြတ်ထွက်မှာလား။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းခြင်းအားဖြင့် ပိုပြီးတော့အကျိုးထွက်မှာလား။ ဒီအပေါ်မှာ တကယ်လို့ အိန္ဒိယဘက်အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ကူညီမယ်ဆိုရင် ဘယ်လိုလေးဟာမျိုး ကူညီပေးသင့်တယ်လို့ ယူဆသလဲ။
ဖြေကြားသူ – အိန္ဒိယပဲဖြစ်ဖြစ် တရုတ်ပဲဖြစ်ဖြစ် ထိုင်းလိုနိုင်ငံမျိုးပဲဖြစ်ဖြစ် မြန်မာပြည်ထဲမှာ အစဉ်အဆက် အာဏာကိုချုပ်ကိုင်ထားတဲ့လူတွေအကြောင်းကို သူတို့သိတယ်။ ဦးနေဝင်း လက်ထက်ကတည်းကပေါ့ဗျာ။ ကနေ့အခြေအနေအထိ အင်အားစုအသီးသီးရဲ့ အဲဒီတိုင်း ပြည်ကို ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့လူတွေအကြောင်းကိုသိတယ်။ ဒီလူတွေကြောင့်ပဲ ကျွန်တော် တို့တိုင်းပြည်က ဒုက္ခရောက်နေတယ်။ ဒီလူတွေကြောင့်ပဲ ပတ်ဝန်းကျင်နိုင်ငံတွေအထိ ရိုက်ခတ်မှုတွေ ပြင်းထန်နေတယ်ပေါ့ဗျာ။ အဲဒီအခြေအနေကို သူတို့သိပါတယ်။ သူတို့သိတယ် လို့ ကျွန်တော် ကျွန်တော်တော့ယူဆတယ်။ အဲဒီအခြေအနေတွေကို မျက်ကွယ်ပြုမယ် ဆိုလို့ရှိရင်တော့ မျက်ကွယ်ပြုတဲ့လူတွေအပေါ်မှာ တစ်စုံတစ်ရာတန်ပြန်သက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ ကျွန်တော် ကျွန်တော်တော့အဲဒီလိုယူဆတယ်။ ကျွန်တော်တို့တိုင်းပြည် ဆုတ်ယုတ်ပျက်သွားတာက တကယ်တမ်းပြောမယ်ဆိုရင် တရုတ်အတွက်လည်း မကောင်း ဘူးဗျ။ အိန္ဒိယအတွက်လည်း ကောင်းမယ်လို့မထင်ဘူး။ ဒီဘက် အရှေ့တောင်အာရှနိုင်ငံတွေ အတွက်ရောဗျာ ထိုင်းလိုနိုင်ငံမျိုးအတွက်လည်း ကောင်းလိမ့်မယ်လို့မထင်ဘူး။ ကျွန်တော်တို့ တိုင်းပြည် နိုင်ငံရေးအရတည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုန်သွယ်ရေးလုပ်ငန်း တွေကို လုပ်နိုင်တဲ့အခြေအနေဖြစ်အောင် ဖန်တီးဖို့ဆိုတာက တကယ်တမ်းကျ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီစစ်အုပ်စုမရှိမှဖြစ်မယ်။ ဒီစစ်အုပ်စု သူစစ်တန်းလျားကိုသူပြန်မှ ဖြစ်မယ်ဆို တာကို တခြားနိုင်ငံတွေအကုန်လုံး အိမ်နီးချင်းနိုင်ငံတွေအကုန်လုံး သဘောပေါက်ဖို့ လိုတယ်လို့ ကျွန်တော်တို့ သဘောလည်းသူတို့ပေါက်ပါတယ်။ မပေါက်ဘူးဆိုတာ မဟုတ်ပါဘူး။ လက်တွေ့မှာ ဘာတွေခက်ခဲနေတယ်တော့ ကျွန်တော်တို့မပြောတတ်ဘူးဗျ။ အဲဒီအခြေအနေတော့ အမှန်တကယ်ရှိတယ်လို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။
မေးမြန်းသူ – ဆိုတော့ ဥပမာအနေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ကူညီနိုင်မှု၊ အကျိုးပါမှုတချို့ကို ဥပမာ ထိုင်းဘက်ရဲ့ လုပ်ဆောင်ချက်တချို့ မူတည်ပြီးတော့မှပေါ့နော်။ ဥပမာ ထိုင်းဘက်ဆိုရင်လည်း တော်လှန်ရေးအင်အားစုတချို့တွေက အခြေချခွင့်ပေးပြီး တော့မှ ဒါနိုင်ငံရေးဆွေးနွေးခွင့် ဟာမျိုးလမ်းကြောင်းဖွင့်ပေးနေတဲ့ဟာရှိတယ်။ သို့သော် အိန္ဒိယဘက်က အဲဒါမျိုးကအစ မရနိုင်သေးတဲ့အနေအထားဖြစ်တယ်။ ဆိုတော့ အခုလက်ရှိ တော်လှန်ရေးအင်အားစုတွေ အရမ်းကိုလိုအပ်ပြီးတော့မှ အိန္ဒိယတို့ဟာမျိုးအနေနဲ့ ဘာမှ အခက်အခဲမရှိဘဲနဲ့ ကူညီပေးနိုင်တဲ့ဟာမျိုး တချို့ဥပမာပေးလို့ရမလား။ ဆွေးနွေးကြည့်လို့ရ မလား။
ဖြေကြားသူ – ဥပမာ ကျွန်တော်တို့ ငလျင်ဒဏ်ကြောင့်မို့လို့ မနေ့တစ်နေ့က ခံလိုက်ရတယ် လေ။ ကျိန်းသေတယ်။ အိန္ဒိယဘက်ကအကူအညီတွေ ကျွန်တော်တို့ဘက်ဒေသတော်တော် များများကို ရောက်ရှိခဲ့တယ်ပေါ့နော်။ ရောက်ရှိခဲ့တယ်လို့လည်း ကျွန်တော်တို့သိရတယ်။ ဆိုတော့ အဲဒီလို အနိမ့်ဆုံးအဆင့်ပေါ့ဗျာ အဲဒီလို Humanitarian ကိစ္စကအစပြီးတော့ တချို့ကိစ္စတွေမှာ နိုင်ငံတကာတွေ အကူအညီတွေယူတဲ့အခါမှာကျ သူတို့က အစိုးရကနေ တစ်ဆင့်သွားတာများတယ်။ သို့သော်လည်း ဒီကိစ္စဖြစ်တဲ့အခါကျတော့ တချို့အကူအညီတွေ က ဒုက္ခရောက်တဲ့လူတွေဆီကို တိုက်ရိုက်သွားတာတွေ့ရတယ်။ ဒီလိုကိစ္စမျိုးတွေမှာတောင်မှ ဆောင်ရွက်နိုင်တယ်ဆိုလို့ရှိရင် တခြားနိုင်ငံရေးနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ် တခြား စီးပွားရေးနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ် အဲဒီလိုကိစ္စမျိုးတွေမှာလည်းပဲ ဒေသခံ အဖွဲ့အစည်းရှေ့ကို တိုက်ရိုက်ရောက်အောင် ဆောင်ရွက်နိုင်တဲ့အနေအထား အိန္ဒိယမှာရှိတယ် လို့ ကျွန်တော်ထင်ပါတယ်။ သူလက်တွေ့လည်း လုပ်ခဲ့တာ။ မနေ့တစ်နေ့က လုပ်ခဲ့တာ မကြာသေးဘူးပေါ့ဗျာ လုပ်ခဲ့တာ။ အဲဒီလိုလုပ်ခဲ့တဲ့ အနေအထားတွေရှိတဲ့အခါကျတော့ တိုက်ရိုက်ရောက်အောင်လုပ်နိုင်တယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့တော်လှန်တဲ့အင်အားစုတွေကို နိုင်ငံရေး အင်အားစုတွေကို ဒုက္ခရောက်နေတဲ့ပြည်သူတွေကို အမှန်တကယ်ကူညီလိုတဲ့စိတ်ရှိတယ် ဆိုလို့ရှိရင် ဒုက္ခရောက်နေတဲ့ပြည်သူတွေဆီကို အမှန်တကယ်ရောက်အောင် ကူညီနိုင်တဲ့ နည်းလမ်းတွေ သူတို့မှာအများကြီးရှိပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။
မေးမြန်းသူ – ဆိုတော့ ဒီဘက် အိန္ဒိယနိုင်ငံဘက်ခြမ်းက သံတမန်ရေးပညာရှင်တွေပဲဖြစ်ဖြစ်၊ အခု ဒါအစိုးရမှာကြီးကဲလုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်ကြ မြန်မာနိုင်ငံတော်လှန်ရေးကို ဘာဖြစ်လို့မကူညီတာလဲဆိုတဲ့မေးခွန်းဟာမျိုးတွေ ကျွန်တော်တို့မေးမြန်းတဲ့အခါမှာ သူတို့ကနေ ၈၈တုန်းက အိန္ဒိယက ပြီးပြည့်စုံရက်တည်ပေးခဲ့တယ်။ တော်လှန်ရေးမအောင် မြင်ဘူး။ အဲဒါကြောင့် စစ်တပ်က တရုတ်ရဲ့ရင်ခွင်ထဲ ရောက်သွားသလိုဖြစ်တယ်ဆိုတဲ့ ဒီသမိုင်းအမှားသင်ခန်းစာယူတယ်ဆိုတဲ့ ပုံစံမျိုး ပြောဆိုမှုရှိတယ်။ သို့သော်တစ်ဖက်မှာက တရုတ်တို့ရုရှားတို့က UN မှာ ဗီတိုအာဏာနဲ့ကို စစ်ကောင်စီလိုလားတဲ့ အကူအညီပြန်လည် ရရှိရေးဖြစ်စေ စစ်ကောင်စီအရမ်းကြောက်တဲ့ နိုင်ငံတကာအရေးယူမှုဖြစ်စေ ကာကွယ်ယူလို့ ရတဲ့အင်အားရှိတဲ့ တရုတ်နဲ့ရုရှားတို့ ဘယ်လောက်ပဲ စစ်ကောင်စီကို အိန္ဒိယက ကူညီနေပါစေ ဖေးမနေပါစေပေါ့ဗျာ။ တရုတ်ရုရှားကျော်ပြီးတော့မှ စစ်ကောင်စီက အိန္ဒိယကိုရွေးပါ့မလားဗျ။
ဖြေကြားသူ – ကနေ့စစ်အုပ်စုအတွက်ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအင်အားစုတွေ အတွက်ပဲ ဖြစ်ဖြစ် တရုတ်ပြည်ရဲ့ရပ်တည်ချက်က အလွန်အရေးကြီးတယ်လို့ထင်တယ်။ နိုင်ငံတကာ အခြေအနေမှာရော လက်တွေ့ ကျွန်တော်တို့တိုင်းပြည်ကို ဒုက္ခရောက်အောင်ပဲဖြစ်ဖြစ် ကောင်းမွန်အောင်ပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တာက တရုတ်ပြည်က အိန္ဒိယထက် ပိုအရေးကြီးတယ်လို့ ကျွန်တော်ယူဆပါတယ်။ နော် အိန္ဒိယကျတော့ အိန္ဒိယကိုယ်နှိုက်က ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်။ သူကိုယ်နှိုက်က ဗဟိုမှာသဘောထားဖြစ်ရှိရင်ရှိ မယ်။ သို့သော်လည်း ဥပမာ မီဇိုရမ်လိုပြည်နယ်မျိုးပဲဖြစ်ဖြစ်၊ မဏိပူရလိုပြည်နယ်မျိုးပဲဖြစ်ဖြစ် သူ့ကိုယ်နှိုက်က တိုက်ရိုက်ထိန်းချုပ်ရတာ အတော်ခက်ခဲတယ်ဖြစ်တယ်။ မဏိပူရလို ပြည်နယ်မျိုးက ကျွန်တော်တို့တိုင်းပြည် ပေါ်ထားတဲ့သဘောထားမျိုး ကျွန်တော်တို့အပေါ်မှာ ထားတဲ့သဘောထားတွေက အခုလက်ရှိလောလောကိစ္စတွေမှာ ဘယ်လိုတွေဖြစ်နေတယ် ဆိုတာ ခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲ။ ဆိုတော့ သူတို့အဲဒါမျိုးကိစ္စတွေက ထိန်းရသိမ်းရ သူ့ကိုအတော်ခက်တာဖြစ်တယ်။ ဆိုတော့ မီဇိုရမ်ဆိုလို့ရှိရင်လည်း မီဇိုရမ်က ကျွန်တော်တို့ အပေါ်ဘယ်လိုသဘောထားလဲဆိုတာကို အိန္ဒိယဗဟိုအစိုးရက ထိန်းဖို့ချုပ်ကိုင်ဖို့ တော်တော်ကိုခက်ခဲတာဖြစ်တယ်။ သူတို့သဘောထားတွေနဲ့ သူတို့ဆောင်ရွက်နေကြတာ တချို့ဆိုရှိတယ်။ ဆိုတော့ အဲဒီလိုအနေအထားမျိုးတွေဖြစ်တဲ့အခါကျတော့ တကယ်တမ်း ဗမာပြည်ကိစ္စကို ဝင်ရောက်မယ်၊ ဆောင်ရွက်ကျတော့မယ်ဆိုလို့ရှိရင် တရုတ်လိုနိုင်ငံမျိုးက ဆက်ဆံလို့ပိုပြီးလွယ်ကူတယ်။ နောက်တစ်ခုက ကမ္ဘာ့နိုင်ငံရေးခင်းကျင်းမှာလည်း သူတို့ကရှေ့ကိုပိုရောက်တယ်။ အဲဒီအခြေအနေတွေကြောင့်လည်းပဲ ကနေ့ဗမာပြည်နိုင်ငံရေး မှာ တကယ်တမ်းကျတော့ တရုတ်ကထဲထဲဝင်ဝင်ပါနေတာ။ တရုတ်ကခိုင်းထားတယ်လို့ တောင် ပြောလို့ရတယ်။ မင်းအောင်လှိုင်ကို။ ဆိုတော့ အဲဒီလိုအခြေအနေမျိုးတွေက တကယ်ဖြစ်ပျက်နေတာတွေဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ အဓိကပြောချင်ပါတယ်ဗျ။
မေးမြန်းသူ – ဆိုတော့ ဒါဆရာ့အမြင်ပေါ့နော်။ ဒီအခု တရုတ်တို့ကခိုင်းတဲ့ပုံစံမျိုး အဆင့်သာသာရှိတဲ့ စစ်ကောင်စီကို အိန္ဒိယအနေနဲ့ နိုင်ငံရေးဂုဏ်သိက္ခာကျခံပြီးတော့မှ ဆက်ဆံနေရမယ့်အစား ဒါစီမံကိန်းနဲ့ အခုအချိန်မှာက အတိုင်းအတာတစ်ခုထိ ရပ်နေဆဲဖြစ်တာပေါ့။ ဒီလိုအခြေအနေဖြစ်တဲ့အခါကျတော့ စောနကစစ်ကောင်စီဟာမျိုးကို ဒါဂုဏ်သိက္ခာကျခံပြီးတော့မှ ဆက်ဆံနေရမယ့်အစား အထူးသဖြင့်တစ်နိုင်ငံလုံးရဲ့ အပြောင်းအလဲ သူ့အနေနဲ့ ဒါတရုတ်တို့လိုမလုပ်နိုင်ဘူးဆိုရင်တောင်မှ သူ့အိမ်နီးချင်းတွေမှာ ရှိတဲ့ ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက ကောင်းကောင်းထိန်းကျောင်းပြီးတော့မှ အိန္ဒိယနဲ့ဆက်ဆံရေးကောင်းကောင်းလုပ်နိုင်ဖို့ အတွက်ဖြစ်ဖြစ်ပေါ့။ တစ်နည်းတစ်ဖုံ သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အခါကျတော့ တာဝန်မရှိဘူးလား။ သူ့အနေနဲ့ ဒီအတိုင်းအတာအနည်းဆုံးပေါ့ဗျာ။ နယ်စပ်ဖြစ်ကြောင့် လူသားချင်းစာနာထောက်ထားမှု ဟာမျိုးအပြင် နိုင်ငံရေးအဖြေရှာတဲ့အချိန်မှာ မြေပြင်မှာက မလုံခြုံတဲ့အခါကျတော့ အိန္ဒိယနယ်စပ်ဟာမျိုးမှာ လွတ်လွတ်လပ်လပ်နိုင်ငံရေးအဖြေရှာ ဆွေးနွေးခွင့်ပေးပြီးတော့မှ ဒါဒီဘက်အိန္ဒိယနဲ့ထိစပ်တဲ့ဒေသတွေအနေနဲ့ အတိုင်းအတာတစ်ခုထိ အင်အားရှိအောင် ကူညီခြင်းအားဖြင့် အိန္ဒိယအတွက် ပိုအကျိုးမရှိဘူးလား။ ဒါမျိုးလေးတွေ လုပ်တဲ့ဟာက ပိုမကောင်းဘူးလား။ ဆရာအဲဒီအပေါ် ဘယ်လိုမြင်လဲ။
ဖြေကြားသူ – သူဒီငလျင်ကိစ္စဖြစ်တော့တောင်မှ သူတို့တတ်နိုင်သမျှကူညီတာပဲ။ အိန္ဒိယအနေနဲ့ တကယ်လည်းလက်တွေ့လည်း သူတို့ကူညီနိုင်တယ်။ ရောက်လည်းရောက်ကြ ပါတယ်။ အများကြီးမဟုတ်ပေမယ့်လို့ တော်တော်များများကိုရောက်ကြပါတယ်။ ဆိုတော့ အဲဒီအခြေအနေရှိတာပဲ။ အကယ်၍ အိန္ဒိယက ကူညီချင်တယ်။ ကူညီချင်တဲ့စိတ်ဆန္ဒရှိလို့ရှိရင် ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေကို ကျွန်တော်တို့တိုင်းရင်းသားအင်အားစုတွေကို သူအများကြီးကူညီနိုင်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်နားမလည်တာက ဗျာ BJP နဲ့ပတ်သက်လို့ ကျွန်တော်နားမလည်ဘူး။ သူ့ပေါ်လစီတွေ သူ့သဘောထားတွေကို ရှင်းရှင်းလင်းလင်း ကျွန်တော်မသိဘူးဗျ။ ကျွန်တော်တို့ငယ်တုန်းက ၁၉၈၈ နောက်ပိုင်းမှာ ကူညီခဲ့တာက သူ့ပြိုင်ဘက်ပါတီက ကူညီခဲ့တာလေ။ ပြိုင်ဘက်ပါတီရဲ့ အဲဒီကာလက ဗမာပြည်အပေါ်သဘောထား၊ ရာဂျစ်ဂန္ဒီတို့သဘောထားတွေ အိန္ဒိယဂန္ဒီတို့သဘောထား တွေက ကျွန်တော်တို့ဒေသနဲ့ပတ်သက်လို့ သဘောထား အိန္ဒိယနဲ့ပတ်သက်လို့သဘောထား က BJP နဲ့တော်တော်ကိုကွဲလွဲတယ်ဗျ။ အခုလက်ရှိ BJP ရဲ့ သဘောထားတွေနဲ့ပတ်သက်လို့ ကတော့ ကျွန်တော်ရှင်းရှင်းလင်းလင်းမရှိဘူး။ သေသေချာချာလည်းမသိ မသိရတာဖြစ်လိမ့် မယ်။ တစ်ဖက်က တရုတ်နဲ့လည်းပဲ သူတို့က ဘယ်လောက်အထိ လက်တွေ့ ground မှာ ဘယ်လောက်ထိပြိုင်ဆိုင်မှုရှိနေသလဲ ဆိုတဲ့ကိစ္စပေါ့ဗျာ။ နောက်တစ်ခုက ဒါနဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားအပြောင်းအလဲတွေပေါ့ဗျာ။ ကျွန်တော်တို့ခေတ်တုန်းက ငယ်ငယ်တုန်း ကတော့ အိန္ဒိယဂန္ဒီတို့သဘောထားတွေ သူတို့ရဲ့သဘောထားတွေက လက်ရှိ BJP ရဲ့သဘောထားတွေနဲ့ ဘယ်လောက်ထိကွာဟနေလဲဆိုတာ ကျွန်တော်တို့ မှန်းဆပြုရ ကျွန်တော်တို့ တော်တော်ခက်ပါတယ်။ ကျွန်တော်အဲဒါတွေ သေသေချာချာမသိပါဘူး။ အိန္ဒိယကိစ္စကိုပြောတဲ့အခါမှာ အဝေးကပဲ သတင်းနားထောင်ပြီးတော့ ကျွန်တော်တို့ပြောနေရ သလိုဖြစ်တယ်။ လက်တွေ့သေသေချာချာ နီးနီးစပ်စပ်မသိရဘူးပေါ့ဗျာ။ အဲဒီအခြေအနေ တကယ်ရှိပါတယ်။
မေးမြန်းသူ – ဟုတ် ဆရာ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့တော်လှန်ရေးက အစိုးရသက်တမ်း ရဲ့ တစ်ခုစာလောက်ကျော်ဖြတ်လာပြီဆိုတော့ ဒါနောက်ဆုံးအနေနဲ့ ပြည်သူတွေကို စိတ်ခွန်အားနဲ့ ဘယ်လိုကျွန်တော်တို့ ရှေ့ဆက်သင့်တယ်ဆိုတဲ့ဟာမျိုးလေးတွေ အကြံပြု ဆွေးနွေးနိဂုံးချုပ်ပေးပါဦးခင်ဗျ။
ဖြေကြားသူ – ကျွန်တော့်အနေနဲ့ကတော့ မြန်မာပြည်ကပြည်သူတွေအားလုံးကို ကျွန်တော်တို့ ကျေးဇူးတင်တယ်။ ဒီပြည်သူတွေရဲ့ရပ်ခံမှုကြောင့်ပဲ ကနေ့အခြေအနေအထိ ကျွန်တော်တို့ တော်လှန်ရေးထဲမှာ ခိုင်ခိုင်မာမာပါနေနိုင်တာဖြစ်တယ်။ နော် ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ ရန်သူကို ဆက်ပြီးတော့ ဖယ်ရှားနိုင်ဖို့ကို ကျွန်တော်တို့ကြိုးစားနေနိုင်တာဖြစ်တယ်။ အခြေခံကတော့ ကျွန်တော်တို့တိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူအများစုကြီးရဲ့ ရပ်ခံမှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါတစ်ခုပါ။ ဒုတိယတစ်ခုက လက်တွေ့အလုပ်တွေ လုပ်ကြတဲ့အခါကျတော့ ကျွန်တော်တို့ပြည်သူတွေလည်းကြားမယ်။ ကျွန်တော်တို့ရဲဘော်တွေ လည်း ကြားကြမယ်။ ပြဿနာတွေအများကြီးဖြစ်ကြတယ်။ ကျွန်တော်တို့တော်လှန်ရေး ထဲမှာလည်း ပြဿနာတွေအများကြီးရှိကြတယ်။ ဆိုတော့ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး တော့ စိတ်ဓာတ်မကျဖို့နဲ့ ကိုယ်နဲ့နီးစပ်ရာ ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့်ရဲဘော်ရဲဘက်တွေကို တတ်နိုင်သမျှ ဝိုင်းဝန်းဖေးမကြပါ၊ ဝိုင်းဝန်းပြီးတော့ အားပေးကြပါလို့ ကျွန်တော့်အနေနဲ့တော့ ပြောချင်တယ်။ နော် နောက်တစ်ချက်ကျွန်တော်ထပ်ပြီးတော့ ပြောချင်တာကတော့ ကျွန်တော်တို့တော်လှန်ရေးဆိုတာ တကယ်တမ်းကျတော့ မရှိတာကနေ ရှိတာကိုလုပ် ကြရတာဖြစ်တယ်။ ကျွန်တော်တို့လက်ထဲမှာ ခုနကလို လက်နက်ပစ္စည်းရိက္ခာ စသဖြင့်ပေါ့ဗျာ လုံလောက်အောင် ကျွန်တော်တို့ရှိတာမဟုတ်ဘူး။ ဒီထဲကပဲ ကျွန်တော်တို့ရဲဘော်တွေဟာ တတ်နိုင်သမျှ ကြိုးစားပြီးတော့ ရန်သူကိုတော်လှန်ဖို့ ဆောင်ရွက်နေကြတာဖြစ်တယ် ပေါ့နော်။ အဲဒီအတွက် ဝိုင်းဝန်းကူညီကြပါလို့ ကျွန်တော့်အနေနဲ့တော့ မေတ္တာရပ်ခံချင်တယ်။ အကူအညီတောင်းတာပဲဖြစ်ဖြစ်ပေါ့ဗျာ မေတ္တာရပ်ခံတာပဲဖြစ်ဖြစ် နှစ်ကာလတော့ ကြာပါပြီ။ သို့သော်လည်းပဲ ကျွန်တော်တို့ ဒီလိုအခြေအနေမျိုးမှာမှပဲ ကျွန်တော်တို့ရဲ့ရန်သူတော်ကို ကျွန်တော်တို့ မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့သားစဉ်မြေးဆက် ကျွန်တော်တို့ ဒုက္ခဆက်ရောက်လိမ့်မယ်။ အဲဒီတော့ ဒီလိုကနေ့လိုအခြေအနေမျိုးမှာ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကို ကျွန်တော်တို့ဖယ်ရှားနိုင်မှုကိစ္စဟာ အဓိကအကျဆုံးဖြစ်တယ်။ ဒါကြောင့် ကနေ့လိုအခြေအနေမျိုးမှာ ကျွန်တော်တို့ရန်သူတော်တွေကို ဖယ်ရှားနိုင်မှုကိစ္စကို အားတင်း ပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။ ကျေးဇူးတင်ပါတယ်ဗျ။
မေးမြန်းသူ – ဟုတ်ကဲ့ ဆရာ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးအများ ကြီးတင်ပါတယ်ခင်ဗျ။
ဖြေကြားသူ – ကျေးဇူးပဲဗျ။ ကျေးဇူးပဲဗျ။