ဖေဖေါ် ၂၇

The Kaladan Post

 

အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘောကို စစ်ရေးအသုံးချမှုထက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အဓိက အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြားလိုက်သည်။

အီတလီ ရေတပ်မှ အနားပေးထားသည့် Giuseppe Garibaldi လေယာဉ်တင်သင်္ဘောကို အင်ဒိုနီးရှား ရေတပ်က လက်လွှဲယူမည်ဆိုသည့် သတင်းကြောင့် အရှေ့တောင်အာရှ ဒေသအတွင်း စိတ်ဝင်စားမှု မြင့်တက်နေသည်။ ယင်းသင်္ဘောသည် အင်ဒိုနီးရှားအတွက် ပထမဆုံး လေယာဉ်တင်သင်္ဘောလည်း ဖြစ်လာမည် ဖြစ်သည်။

အင်ဒိုနီးရှားသည် ရန်လိုသဘောထား မူဝါဒကို ကိုင်ဆွဲထားသည့် နိုင်ငံမဟုတ်ကြောင်း၊ လေယာဉ်တင်သင်္ဘောကို ပိုင်ဆိုင်လိုသည့် ရည်ရွယ်ချက်မှာလည်း တခြားနိုင်ငံများအပေါ် စစ်ရေးဖိအားပေးရန် မဟုတ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြန်ကြားရေးဌာနခွဲ အကြီးအကဲ ရီကို ရီကာဒို ဆီရတ်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ထိုသင်္ဘောကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး မစ်ရှင်များတွင် ဦးစားပေး အသုံးပြုသွားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အရှည် မီတာ ၁၈၀ ရှိသည့် ယင်းလေယာဉ်တင်သင်္ဘောတွင် ပြေးလမ်းတိုသာ လိုအပ်သည့် တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ စုစုပေါင်း ၁၈ စီးခန့် တင်ဆောင်နိုင်သည်။ ထို့အပြင် ရေဒါလှိုင်းဖျက်စနစ်များ၊ လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်များ တပ်ဆင်ထားပြီး တစ်ကြိမ် လောင်စာဖြည့်ထားပါက ရေမိုင် ၇,၀၀၀ ခန့် ဆက်တိုက် ခုတ်မောင်းနိုင်စွမ်း ရှိသည်။

Giuseppe Garibaldi သည် ၁၉၈၅ ခုနှစ်တွင် အီတလီ ရေတပ်၌ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အနားပေးခဲ့သည်။ ယခု လက်လွှဲယူမှုကြောင့် အင်ဒိုနီးရှားသည် အရှေ့တောင်အာရှဒေသတွင် ထိုင်းနိုင်ငံပြီးနောက် ဒုတိယမြောက် လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

အင်ဒိုနီးရှား သမ္မတ Prabowo Subianto သည် နိုင်ငံ၏ စစ်ရေးစွမ်းရည်ကို ခေတ်မီအောင် ပြန်လည်အဆင့်မြှင့်တင်ရေး အားထုတ်လျက်ရှိပြီး ယခု လေယာဉ်တင်သင်္ဘော လက်လွှဲယူမှုသည်လည်း ထိုရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

သင်္ဘောသည် အင်ဒိုနီးရှား လက်နက်ကိုင်တပ်ဖွဲ့များနေ့ ဖြစ်သည့် အောက်တိုဘာ ၅ ရက်မတိုင်မီ အင်ဒိုနီးရှားသို့ ရောက်ရှိလာမည်ဟု ယုံကြည်ရသည်။

ကိုးကား – CNA