———————————————————————–
ဇွန် ၁၇
The Kaladan Post
လောက်တူဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ဒေသအတွင်း ဆက်သွယ်ရေးစနစ်ကောင်းမွန် စေရန် ၂၀၂၄ ခုနှစ်မှစ၍ Wifi Internet တပ်ဆင်ရေးလုပ်ငန်းရှင်များနှင့် စာချုပ်ချုပ်ဆို၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်လိုသူများသည် လောက်တူဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး၊ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ပါက လောက်တူပြည်သူ့ရေးရာကောင်စီ၏ ဆုံးဖြတ်ချက်အရ အရေးယူမည်ဖြစ်ကြောင်း Lautu Region People Administration ရဲ့ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန် ချက်နဲ့ပတ်သက်ပြီး ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဂျိမ်း(စ်)ထန်းက “ပြည်သူအားလုံးအတတ်နိုင်ဆုံး တစ်ပြေးညီဖြစ်ဖို့လိုအပ်တယ် ပြီးတော့ ဆောင်ရွက်လိုသူ မည်သူမဆို ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ပါပဲ ခွင့်ပြုချက်ရယူရမယ်လို့ ပြောတဲ့အခါမှာ ယေဘုယျအားဖြင့် ညှိနှိုင်းဆောင်ရွက်မှုနဲ့သွားတာဖြစ်တဲ့အတွက် မည်သူ့ကိုမဆို ခွင့်ပြုပေးလို့ရတယ်ဆိုတဲ့သဘောပါဘဲ” ဟု The Kaladan Post သို့ပြောဆိုသည်။

လောက်တူဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် လုပ်ငန်းသဘောအရ စာချုပ်နဲ့ ဆောင်ရွက်ခဲ့ပြီးသားအဖွဲ့ရှိသည့်အတွက် ပြည်သူများအနေဖြင့် ကိုယ်ရေးကိုယ်တာအတွက် တပ်ဆင်အသုံးပြုလို့မရကြောင်းနှင့် ဒီဒေသအတွင်း စီးပွားရေးအဖြစ် လိုင်းကြေးတောင်းတာမျိုးတွေကို တိတ်တခိုးမလုပ်ဖို့နဲ့ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေကို မထိပါးစေဖို့၎င်းက ဆက်လက်ပြောဆိုဿည်။ ဒါ့အပြင် တော်လှန်ရေးလုပ်ငန်းဆိုင်ရာ အစီအမံတွေ မပေါက်ကြားစေဖို့ ယာယီအားဖြင့် လိုင်းခေတ္တပိတ်ဖို့လိုအပ်တဲ့ အခါမျိုးမှာဆိုရင် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းသိရသည်။ လောက်တူဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် တော်လှန်ရေးကာလဖြစ်နှင့်အညီ ပြသာနာတိုင်းကို ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ချဉ်းကပ်ဖြေရှင်းလေ့ရှိပြီး အဆင်မပြေမှုတွေရှိရင် စီမံခန့်ခွဲမှုပြစ်ဒဏ်အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အင်တာနက်နှင့် ဆက်သွယ်ရေး စနစ်များသည် ပြည်သူများအတွက် မရှိမဖြစ်အရေးပါပြီး၊ သတင်းအချက်အလက် လွတ်လပ်စွာဖလှယ်ခြင်း၊ လူမှုစီးပွားနှင့် တော်လှန်ရေးလုပ်ငန်းစဉ် များ အပေါ် တိုက်ရိုက်အကြိုးသက်ရောက်မှုရှိသည့်အပြင် ဤစနစ်များကို ပုံမှန်အားဖြင့် ထိန်းသိမ်းအကောင်အထည်ဖော်နိုင်ပါက အနာဂတ်တွင် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုများ လာမှာဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် Wifi စက်ပစ္စည်းများကို သတ်မှတ် စည်းကမ်းများနှင့်အညီ အသုံးပြုရန်၊ လုံခြုံရေးထိခိုက်နိုင်သည့် အချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများကို ဖြန့်ဝေခြင်းမပြုရန်၊ တော်လှန်ရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် ရေးသားဖြန့်ဝေမှုများ ရှောင်ရှားရန်နှင့် ကန့်သတ်နယ်မြေများတွင် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းမပြုရန် တိုက်တွန်းထားသည်။ ထို့ပြင် ခွင့်ပြုချက်မရှိဘဲ ဒရုန်းနှင့် ပျံသန်းနိုင်သော စက်ကိရိယာများ အသုံးပြုခြင်းကိုလည်း တားမြစ်ထား ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။