ဇူလိုင် ၁၇
The kaladan Post
လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အခြေခံစားသုံးကုန်များ၊ ဆေးဝါးများနှင့် အလှကုန် ပစ္စည်းများအပါအဝင် အခြားသွင်းကုန်များအားလုံး သက်တမ်းကုန်ဆုံးမှုကို စစ်ဆေးခဲ့ကြောင်း စစ်ဆေးမှုမှတ်တမ်းများထုတ်ပြန်ထားပါသည်။ အဆိုပါထုန်ပြန်ချက်နှင့် ပတ်သက်ပြီး လောက်တူ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ ကျွန်တော်တို့ ဒီသက်တမ်းကုန် ပစ္စည်းများ စစ်ဆေးမှုလုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့ကနေစတင်ကာ ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ အုပ်ချုပ်ရေးမှူးများနှင့် လူငယ်များ အကူအညီဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါတယ် ပြီးတော့ ဒီစစ်ဆေး မှုအတွင်း သက်တမ်းကုန်ဆုံးပြီဖြစ်သော အစားကုန်အချို့ဟာဆိုရင် သက်တမ်းကုန်ဆုံးရက်ကို အတု ပြုလုပ်ပြီး တင်သွင်းလာမှုတွေ တွေ့နေရပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။
တွေ့ရှိ ထားသော သက်တမ်းကုန်ပစ္စည်းများမှာ ဆေးဝါးများနှင့် အခြေခံစားသုံးကုန်အများအပြား တွေရှိခဲ့ ပြီး ၎င်းသက်တမ်းကုန်ပစ္စည်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဒီသက်တမ်းကုန်ပစ္စည်းများသည် စီးပွားရေးသမားများမှ နေရာပေါင်စုံကနေတင်သွင်းတာတွေ ပါဝင်နေသလို ဒေသတွင်း ဈေးဆိုင် များမှ ရောင်းမထွက်ဘဲ ကြာရှည်တာတွေကြောင့် ဖြစ်သည်။ ပြည်သူလူထုကို အခက်အခဲမရှိဘဲ ဘေးကင်းလုံခြုံအောင် နောက်နောင်တွင် သက်တမ်းကုန်ပစည်းများ သယ်ဆောင်တင်သွင်းခွင့် မရရှိရန်နှင့် ရောင်းချခွင့်မရရှိအောင် တားမြစ်ပိတ်ပင်ထားသည့်အပြင် ပြည်သူ့အကျိုးအတွက် ဈေးနှုန်းမှန်ကန်မှုရှိပြီး၊ ပြည်သူ့များလိုအပ်သော စားသုံးကုန်များရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆို သည်။ အခြေခံစားသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများသည် အချိန်ကြာရှည်ထားရှိပါက ၎င်းတို့၏ အရည်အသွေးနှင့် အာဟာရဓာတ်များ ဆုံးရှုံးသွားပြီး ၎င်းတို့၏ ထိရောက်မှုကို လျော့ကျစေကာ အာနိသင် မရှိတော့ပါ။ ထို့ကြောင့် ထုတ်လုပ်သူများသည် စားသုံးသူများအတွက် ကျန်းမာရေးကို ကာကွယ်ရန် အာမခံထားသော အသုံးပြုမှုနှင့် ဘေးကင်းလုံခြုံမှုကို ကန့်သတ်ထားခြင်းဖြစ်သည်။ စားသုံးကုန်များတွင် သက်တမ်းကုန်ဆုံးပါက ဘက်တီးရီးယားနှင့် မှိုများ ပေါက်ဖွားလာပြီး ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့် ပြည်သူများအနေဖြင့် သက်တမ်းကုန်ဆုံးပစ္စည်းများကို ရှောင်ရှားခြင်းဖြင့် ကျန်းမာရေးနှင့် ဘေးကင်းမှုကို ထိန်းသိမ်းနိုင်လိုအပ်ပါသည်။