——————————————————————————–
ဇွန် ၉
The Kaladan Post

လောက်တူပြည်သူ့ရေးရာကောင်စီ ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀၂၅ ခုနှစ် ဇွန်လ ၅ မှ ၇ ရက်အထိ လောက်တူဒေသ လွတ်မြောက်နယ်မြေတွင် ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် လောက်တူ ပြည်သူ့ရေးရာကောင်စီ၏ ပုံမှန်အစည်းအဝေးကို ကိုယ်စားလှယ် ၅၇ ဦး၊ လေ့လာသူ ၇ ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်မတီဝင်များ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြောင်းCDF – Lautu ၏ထုတ်ပြန်ချက် အရသိရသည်။ ၎င်းအစည်းအဝေး တွင် Global Hnaring မှ ကနဦးရေးဆွဲပေးပို့ထားသော “လောက်တူဒေသ စည်ပင်သာယာရေးဥပဒေ (မူကြမ်း)” အား ၁၅း၀၀ နာရီကြာ ဆွေးနွေးပြီး၊ ကောင်စီဥပဒေမူကြမ်းကော်မတီ ၏ စိစစ်တည်းဖြတ်မှုများဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက် ၁၂:၅၅ နာရီတွင် “ဒေသစည်ပင်သာယာရေးဥပဒေ (၂၀၂၅)” အဖြစ် ဥပဒေအမှတ် ၁/၂၀၂၅ ဖြင့် အတည်ပြုခဲ့သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ တော်လှန်ရေးကာလ ကဏ္ဍအသီးသီး၏ မူဝါဒများနှင့် ဆုံးဖြတ်ချက် ၃၆ ချက် ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ ထိုအပြင် လောက်တူပြည်သူ့ ရေးရာကောင်စီသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော အုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်ရေး၊ လောက်တူ မျိုးနွယ်စု၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ ထိန်းသိမ်းရေး၊ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး နှင့် ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လောက်တူပြည်သူ့ ရေးရာကောင်စီကို ၂၀၂၃ခုနှစ် လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လောက်တူပြည်သူ့ ရေး‌ရာကောင်စီ ပထမသက်တမ်းသည် ၂၀၂၃ မှ ၂၀၂၄ ဒီဇင်ဘာလအထိဖြစ်ကာ ယခုသည် ဒုတိယသက်တမ်းဖြစ်ကြောင်း CDF – Lautu AGS ဆလိုင်း ပါဗီးက The Kaladan Post ပြောသည်။ ထို့အပြင် လောက်တူပြည်သူ့ကောင်စီအား ပြည်သူ့ကိုယ်စားလှယ် ရပ်/ကျေး တစ်ခုမှ တစ်ဦးစီ၊ ရပ်/ကျေးအလိုက် CDMer ကိုယ်စားလှယ်တစ်ဦးစီ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးစီ၊LMKB အဖွဲ့ကိုယ်စားလှယ်/ ပညာရှင်အစုအဖွဲ့/ ဒေသအုပ်ချုပ်ရေး၊ ဒေသတရားရေးနှင့် ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသော ကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ခန့်နှင့် ဖွဲ့စည်းထားကြောင်း CDF – Lautu AGS ဆလိုင်း ပါဗီးထံမှ သိရှိရပါသည်။
‌ထို့အပြင် အသစ်ပြဌာန်းလိုက်သော”ဒေသစည်ပင်သာယာရေးဥပဒေနှင့် ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်တာမျိုးတော့ မရှိပေမယ့် ပြည်သူ့စိတ်တိုင်းကျ ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ် တွေက အကြိတ်အနယ် ဆွေးနွေးပြီး အတည်ပြုပြဌာန်းလိုက်တာ ဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။

နောက်ပြီးတော့ ဒီဥပ‌ဒေမူကြမ်းဟာ ဒေသခံပြည်သူတွေထံကနေ ဆင်းသက်လာသော ဥပဒေဖြစ်ကြောင်းကို လည်း ထုတ်ပြန်ချက်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်”ဟု CDF – Lautu AGS ဆလိုင်း ပါဗီးက The Kaladan Post သို့ ပြောဆိုပါသည်။
ထို့အပြင် တော်လှန်ရေးလုပ်ငန်းစဉ်များတွင် တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာ အဆုံးတိုင်ချီလှမ်းနိုင်ရေး တို့ကို အစဉ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အခြေခံကာ မိမိတို့လူမျိုးရေးရာဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် တော်လှန်ရေးလုပ်ငန်းစဉ်များအား အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်တွင် ဖော်ပြထားပါသည်။