ဩဂုတ် ၂၃

The Kaladan Post

လက်ရှိ မြန်မာနိုင်ငံ၏ တော်လှန်ရေးအင်အားစုများသည် ပြည်သူများ၏ ထောက်ခံမှုကို အပြည့်အဝရရှိထားသည်ဟု ယူဆထားကြသည်။ သို့ရာတွင် ငါးနှစ်ခန့် ကြာမြင့်လာသည့် အချိန်ကာလအတွင်း CDM ဝန်ထမ်းများ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများဖြင့် စတင်ခဲ့သော ပြည်သူများသည် ရံဖန်ရံခါ ဘဏ္ဍာရေးအကူအညီ တောင်းခံချိန်မှလွဲ၍ ဦးတည်ချက်မဲ့သကဲ့သို့ ဖြစ်လာခဲ့သည်။ ဤသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများထဲမှတစ်ခုမှာ “တော်လှန်ရေးအောင်မြင်ရန် စစ်ရေးသည် အဓိကကျဆုံးဖြစ်သည်” ဟူသော အယူအဆဖြင့် စစ်ရေးကဏ္ဍဦးဆောင်သူများကို အလွန်အကျွံ မြှောက်ပင့်ခြင်းနှင့် ၎င်းတို့အတွက် လိုအပ်သည်ထက်ပို၍ လှုပ်ရှားဆောင်ရွက်ပေးနေသည့် လော်ဘီများ၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ၏ လော်ဘီများနှင့် အပြိုင်လုပ်ဆောင်ရင်း လက်နက်ကိုင်ခေါင်းဆောင်များကို လမ်းမှားသို့ ပို့ဆောင်သည့် အမှားများစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

 

ဤအခြေအနေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် မည်သည့်ဝေဖန်ထောက်ပြမှုကိုမျှ လက်မခံသည့် အခြေအနေဖြစ်ပေါ်လာပြီး စစ်ရေးနှင့် နိုင်ငံရေး ဟန်ချက်ညီမှု ပျက်ယွင်းကာ ငါးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများကို စည်းလုံးညီညွတ်စွာ ကိုယ်စားပြုနိုင်မည့် မူဝါဒတစ်ရပ်ကိုပင် ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။ ဤအချက်များသည် တော်လှန်ရေးအင်အားစုများအပေါ် နိုင်ငံတကာ၏ ယုံကြည်မှု လျော့နည်းလာစေသည့်အပြင် နိုင်ငံတကာထောက်ခံမှုကိုပါ ဆုံးရှုံးစေခဲ့ပြီး ငါးနှစ်အတွင်း မည်သည့်နိုင်ငံကမှ NUG အား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမရှိသည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။

 

ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဆင်ရေးများကို လိုအပ်သည်ထက်ပို၍ ထောက်ခံအားပေးခြင်း၊ အားနည်းချက်များကို ဖုံးကွယ်ရန် လော်ဘီလုပ်ခြင်းများ ရှိလာသည်။ အဆိုပါလော်ဘီများ၏ စကားကို မျက်စိမှိတ်ယုံကြည်ထောက်ခံသော ပြည်သူများနှင့် စစ်ကောင်စီအပေါ် အလွန်အမင်းမုန်းတီးမှုကြောင့် တော်လှန်သူမှန်သမျှ၏ အားနည်းချက်ကို မမြင်နိုင်တော့သည်အထိ ခံစားချက်ပြင်းထန်နေသော ပြည်သူများ၏ ထောက်ခံမှုကို ရရှိနေခြင်းအပေါ် ခေါင်းဆောင်များက သာယာနေကြသည်။ ထို့ကြောင့် တော်လှန်ရေး၏ အားနည်းချက်များကို မပြင်ဆင်ဘဲထားရာမှ တဖြည်းဖြည်း အားနည်းလာခဲ့ပြီး တော်လှန်ရေး ငါးနှစ်ပြည့်ချိန်တွင် ပြန်လည်ပြင်ဆင်ရန်ပင် အချိန်မရတော့လောက်အောင် ဆုတ်ယုတ်ကျဆင်းနေပြီဖြစ်သည်။

 

ဤသို့ လော်ဘီများ၏ လုပ်ရပ်နောက်သို့လိုက်ပြီး ပညာရှင်များ၏ အကြံပြုချက်ကို ထည့်သွင်းမစဉ်းစားဘဲ လှုပ်ရှားလာသော NUG ခေါင်းဆောင်များသည် ပြည်သူများကို မျှော်လင့်ချက်အမှားများ အကြိမ်ကြိမ် ပေးမိခဲ့သည်။ ထို့အပြင် အပြုသဘောဆောင် ဝေဖန်ထောက်ပြသူများကို ပြည်သူ့ရန်သူ၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သူများအဖြစ် စွပ်စွဲတံဆိပ်တပ်ကာ မိမိနှင့်အမြင်မတူသူတိုင်းကို ရန်သူသဖွယ် ဆက်ဆံလာကြသည်။ ဤအပြုအမူများသည် စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပင် ဆင်တူနေသည်။

 

လက်ရှိ တော်လှန်နေရသည့် စစ်ကောင်စီသည်လည်း ၎င်း၏လော်ဘီများက လက်ညှိုးထိုးသမျှကို ဖမ်းဆီး၊ ထောင်ချ၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ တော်လှန်ရေးကို အားပေးထောက်ခံသော နာမည်ကြီးအနုပညာရှင်များအပါအဝင် ပြည်သူများစွာသည် စစ်ကောင်စီ၏ ဖိနှိပ်မှုအောက်သို့ ရောက်ရှိခဲ့ကြရသည်။ စစ်ကောင်စီလော်ဘီများ၏ တိုက်တွန်းမှုဖြင့် စစ်ဆင်ရေးများဆင်နွှဲကာ ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ နောက်ဆုံးတွင် စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှုများကိုပင် ၎င်းတို့၏လော်ဘီများက ဖုံးကွယ်ရန်ကြိုးပမ်းသည့်အနေဖြင့် တော်လှန်ရေးအင်အားစုများက ကျူးလွန်သည်ဟု လုပ်ကြံဝါဒဖြန့်ကြသည်။

 

ဤနည်းတူစွာပင် NUG နှင့် ၎င်း၏လော်ဘီများက စုစည်းရမည့် တော်လှန်ရေးအင်အားစုများကို စုစည်းခြင်းမပြုဘဲ ဘေးဖယ်ထားမှုများကြောင့် အဆိုပါ ဘေးဖယ်ခံအင်အားစုများကို အခြေပြုသည့် နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (NRA) ကဲ့သို့သော ဖွဲ့စည်းမှုသစ်များလည်း ပေါ်ပေါက်လာခဲ့သည်။

 

ထိုနည်းတူ ဖက်ဒရယ်ယူနစ်အလိုက် တော်လှန်ရေးအင်အားစုများကို ထောက်ခံသူများကလည်း မိမိတို့ထောက်ခံသည့်အဖွဲ့အပေါ် အလွန်အကျွံ လော်ဘီလုပ်ပေးမှုများကြောင့် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အမုန်းတရားများ ပွားများစေခဲ့ရာ အဓိကတရားခံများမှာ အဆိုပါလော်ဘီများပင် ဖြစ်သည်။ ဤအခြေအနေများကို ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းမြောက်စသည့် ဒေသများတွင် အများဆုံးတွေ့မြင်နိုင်သည်။

 

သတိပြုစရာတစ်ချက်မှာ အစွန်းရောက်လော်ဘီများအားလုံးနီးပါးသည် ပညာရည်ပြည့်ဝမှုမရှိဘဲ မိမိတို့အားပေးသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အပေါ် အပြုသဘောဆောင်သော ဝေဖန်မှုကို မည်သည့်အခါမျှ မပြုလုပ်ခြင်းပင်ဖြစ်သည်။ ၎င်းတို့ထောက်ခံသည့်အဖွဲ့သည် အမှားမရှိသလို ပုံဖော်ကာ ၎င်းတို့မထောက်ခံသည့် အဖွဲ့တိုင်းကိုမူ ရန်သူ သို့မဟုတ် စစ်ကောင်စီနှင့် ပူးပေါင်းသူအဖြစ် ပြင်းထန်စွာ စွပ်စွဲလေ့ရှိသည်။ ဤသို့ လော်ဘီလုပ်ဆောင်မှုများသည် အန္တရာယ်ရှိမှန်း ပညာတတ်အသိုင်းအဝိုင်းနှင့် စဉ်းစားတွေးခေါ်နိုင်သော ပြည်သူတိုင်း နားလည်ကြသော်လည်း တော်လှန်ရေးခေါင်းဆောင်အများစုမှာမူ ထိုသို့သော မြှောက်ပင့်ထောက်ခံမှုများအပေါ် သာယာကာ လော်ဘီများ၏ စိတ်တိုင်းကျ လိုက်ပါလုပ်ဆောင်ပေးလာကြသည်။ ပညာရှင်များ၏ အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များကိုလည်း နားမထောင်ဘဲ ချက်ချင်းပင် ရှုတ်ချတုံ့ပြန်တတ်ကြသည်။ ရလဒ်အနေဖြင့် ချင်းပြည်နယ်ကဲ့သို့သော ဒေသတွင် အင်အားစုနှစ်ခြမ်းကွဲမှုကြောင့် စစ်ရေးအောင်မြင်မှုမရနိုင်ဘဲ အချင်းချင်း တိုက်ခိုက်နေကြရင်း လက်နက်ခဲယမ်းများသာ အလဟဿ ကုန်ဆုံးနေရသည်။

 

သို့ဖြစ်၍ နောက်ဆုံးတွင် မြန်မာနိုင်ငံအနှံ့ တော်လှန်ရေးခေါင်းဆောင်များနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းလာခဲ့သည်။ ဤအခြေအနေတွင် တော်လှန်ရေးဦးဆောင်သူများအနေဖြင့် ပညာရှင်များ၏ အကြံပြုချက်များကို ဆက်လက်ငြင်းဆန်ပြီး ပြည်သူ့ဘက်သို့ မျက်နှာမမူဘဲ လော်ဘီများ၏ စိတ်တိုင်းကျသာ လိုက်နာနေမည်ဆိုပါက တဖြည်းဖြည်း အင်အားတောင့်တင်းလာမည့် စစ်ကောင်စီ၏ တန်ပြန်တိုက်ခိုက်မှုကို လော်ဘီများနှင့် တော်လှန်ရေးခေါင်းဆောင်များကသာ ရင်ဆိုင်ရပြီး ပညာရှင်များနှင့် ပြည်သူများကမူ လက်ပိုက်ကြည့်နေမည့် အဖြစ်သို့ ရောက်ရှိသွားနိုင်ပေသည်။