မေးမြန်းသူ – RAIN
ဖြေဆိုသူ – Salai Pa Bi ၊ တွဲဖက်အတွင်းရေးမှူး ၊ CDF-Lautu
RAIN – မိဘပြည်သူများ အားလုံးပဲမင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် ကျွန်မတို့အစီအစဉ်မှာတော့ CDF လောက်တူရဲ့ တွဲဖက်အတွင်းရေးမှူး ဆလိုင်းဘာဘီကို ကျွန်မတို့ဖိတ်ခေါ်ထားပါတယ်။ မင်္ဂလာပါဆရာ။
Salai Pa Bi – ဟုတ်ကဲ့ မင်္ဂလာပါ။
RAIN – ဟုတ်ကဲ့ပါ အရင်ဆုံးအနေနဲ့ ကျွန်မတို့ရဲ့ ဒီအစီအစဉ်လေးကို လက်ခံပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ အရင်ဆုံးအနေနဲ့ ဆရာလက်ရှိပါဝင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းရယ်၊ ပြီးတော့ဆရာတို့ရဲ့ အဖွဲ့အစည်းရပ်တည်ချက်ပေါ့နော်။ ပြီးတော့ ဆရာတာဝန်ယူရတဲ့အပိုင်းလေးပေါ့လေ။ မိဘပြည်သူတွေကို အရင်ဆုံးအနေနဲ့ မိတ်ဆက်ပေးပါဦးရှင်။
RAIN – ဟုတ်ကဲ့ပါ။ အခုလိုမျိုး ကျွန်တော့်ကိုဒီလိုမျိုး ရုပ်သံအင်တာဗျူးမှာ ဖိတ်ကြား ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ ကျွန်တော်ပထမဆုံးပြောချင်ပါတယ်။ ကျွန်တော်ကတော့ CDF လောက်တူရဲ့တွဲဖက်အတွင်းရေးမှူးအဖြစ်ဆောင်ရွက်နေတဲ့ ဆလိုင်းဘာဘီ ဖြစ်ပါတယ်။ ကျွန်တော်တို့ CDF လောက်တူကတော့ အားလုံးဒီ တော်လှန်ရေး ကာလမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ CDF လောက်တူကတော့ ကျွန်တော်တို့အမြဲတမ်းပြောနေတဲ့ Justice ကရှိတယ်ပေါ့နော်။ ဘာလဲဆိုတော့ Federal Democracy စနစ်ရရှိရမယ်။ စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ချေမှုန်းရမယ်ဆိုတဲ့ အခြေခံအမူလေးတွေပေါ့နော်။ ဒါလေးတွေဆွဲကိုင် ပြီးတော့ ကျွန်တော်တို့တော်လှန်ရေးကို ဒီနေ့အထိလုပ်နေတာဖြစ်ပါတယ်။ ဆိုတာပြောပြ ချင်ပါတယ်။ ဟုတ်ကဲ့။
RAIN – ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ ဆိုတော့ဆရာကိုယ်တိုင်ကရော ဒီတော်လှန် ရေးမှာ လူငယ်တစ်ဦးဖြစ်သည်အားလျော်စွာ ဘယ်လိုခံယူချက်တွေနဲ့ ဒီတော်လှန်ရေးမှာ ဒီအခြေအနေအထိပေါ့လေ။ ပါဝင်လာနိုင်လဲဆိုတာလေးကိုလည်း ပြောပြပေးပါဦးရှင်။
Salai Pa Bi – ဒီတော်လှန်ရေးမှာဘယ်လိုပါဝင်လာလဲဆိုတော့ ကျွန်တော်ကပထမဦးဆုံး ကိုယ့်ကိုကိုယ်မိတ်ဆက်ရမယ်ဆိုရင် ကျွန်တော်လည်း CDM ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့စစ်အာဏာသိမ်းတော့ CDM လုပ်ရုံနဲ့ကျွန်တော်တို့ ဒီတော်လှန်ရေး ဒီစစ်အာဏာရှင်ကကျွန်တော်တို့ အပြီးတိုင်ချေမှုန်းနိုင်မှာမဟုတ်ဘူးဆိုတာကျွန်တော်တို့ နားလည်လာပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းတယ်။ PDF တွေပေါ့နော်။ အာ နောက်ပြီးတော့ ကျွန်တော်တို့ချင်းပြည်မှာဆိုရင်တော့ CDF အသီးသီးပေါ့နော်။ ဖွဲ့ပြီးတော့ ကျွန်တော်တို့လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာခဲ့ ကြတာပေါ့နော်။ ဆိုတော့ ကျွန်တော့်ခံယူချက်ကတော့ရိုးရှင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် ကလူငယ်တစ်ယောက်ဖြစ်တယ်။ ဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် နေချင်တယ်ပေါ့နော်။ လွတ်လွတ်လပ်လပ်နေချင်တယ်။ ဒါပေမဲ့ ဒီစစ်အာဏာသိမ်းမှုကြောင့် ကျွန်တော်တို့ပထမဦးဆုံး မလွတ်လပ်တာကအင်တာနက်ကစပြီးတော့ ကျွန်တော်တို့က မလွတ်လပ်ခဲ့ဘူးလေနော်။ ပြီးတော့အများကြီးပြောစရာတော့ရှိတယ်။ အခြေခံလေးတွေ ပေါ့နော်။ လွတ်လွတ်လပ်လပ်နေချင်တယ်။ အာ လွတ်လွတ်လပ်လပ်သွားလာ လှုပ်ရှား ချင်တယ်။ ပညာသင်ချင်တယ်။ ဒါပေမဲ့ ဒီစစ်အာဏာသိမ်းမှုကြောင့် ကျွန်တော်တို့အဲ့ဒီ လူသားတစ်ယောက်ဖြစ်ပါတယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့လွတ်လပ်မှုကို ကျွန်တော်တို့မရဘူး။ စစ်အာဏာသိမ်းမှုကြောင့်ကျွန်တော်တို့ဆုံးရှုံးလိုက်ရတယ်ဆိုတော့ ကျွန်တော်ကတော့ ဒီလွတ်လပ်မှုအတွက် ကျွန်တော်ကဒီတော်လှန်ရေးမှာ ပါဝင်လာရတာ ဖြစ်ပါတယ်လို့ ဟုတ်ကဲ့။
RAIN – ဟုတ်ကဲ့ပါ အခုလိုကြားရတဲ့အတွက် အင်မတန်မှလည်းဂုဏ်ယူမိပါတယ်။ ဆိုတော့ဆရာက CDM ကတစ်ဦးလည်းဖြစ်တယ် လက်ရှိမှာ CDM လောက်တူရဲ့ ဒီတွဲဖက် အတွင်းရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်တယ်ဆိုတဲ့အခါကျတော့ ဆရာ့အနေနဲ့ ဒီလက်ရှိ နွေဦးတော်လှန်ရေးပေါ့နော်။ ဘယ်အဆင့်ရောက်နေပြီလို့ထင်လဲ။ ကျွန်မတို့ရဲ့ တော်လှန်ရေး က လေးနှစ်ကျော် ငါးနှစ်တာကာလဖြစ်လာပြီဖြစ်တဲ့ အတွက်ပေါ့လေ။ ဆရာ့အနေနဲ့ ဒီတော်လှန်ရေးကို ခြုံငုံသုံးသပ်ရမယ်ဆိုလို့ရှိရင် ဘယ်အဆင့်ရောက်နေပြီလို့ဆရာ့အနေနဲ့ ပေါ့နော် ထင်မြင်ယူဆထားလဲ။ ပြီးတော့ တော်လှန်ရေးကာလအခက်အခဲတွေ အောင်မြင်မှု တွေနဲ့အနာဂတ်အမြင်လေးတွေကိုလည်း ပြောပြပေးပါဦးရှင်။
Salai Pa Bi – ကျွန်တော်ကတော့ ဒီတော်လှန်ရေးကို သုံးသပ်ရမယ်ဆိုရင်တော့ ဒီမြန်မာ နိုင်ငံမှာ ကျွန်တော်တို့သမိုင်းကိုကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့သမိုင်းတစ်လျှောက်မှာ ဒီလောက်အထိ အခုနွေဦးတော်လှန်ရေးပြောရမှာပေါ့နော်။ ၂၀၂၁ နောက်ပိုင်း ကျွန်တော်တို့ ဒီတော်လှန်ရေးက ဒီလောက်အထိ ပြည်သူလူထုတစ်ရပ်လုံး နောက်ပြီးတော့ ကျောင်းသား လူငယ် မိဘပြည်သူအကုန်လုံးပါဝင်ပြီးတော့ ဒီစနစ်ကိုကျွန်တော်တို့ တော်လှန်တယ် ဆိုတာကတော့ ကျွန်တော်သိရသလောက်တော့ မြန်မာ့သမိုင်းမှာမရှိခဲ့ဘူးထင်ပါတယ်။ ဆိုတော့ ဒီတစ်ခါကျွန်တော်တို့ ၂၀၂၁ နောက်ပိုင်းမှာကျွန်တော်တို့ လုပ်လာတဲ့ ဒီစစ်အာဏာ ရှင်တော်လှန်ရေးကတော့တကယ့်ကို အားရစရာကောင်းပါတယ်။ ဒီလောက်အထိ ပြည်သူ ပါဝင်တာကိုက ကျွန်တော်တို့ရာခိုင်နှုန်းအားဖြင့်တွက်မယ်ဆိုရင်တော့ ကျွန်တော်ကတော့ အာ ၅၀% ဒီဟာလေးနဲ့တင်ပြည်သူတစ်ရပ်လုံးပါဝင်တာနဲ့တင်ကို ကျွန်တော်တို့ ၅၀% တော့ ကျွန်တော်တို့နိုင်ပြီလို့ ကျွန်တော်ကခံယူထားပါတယ်။ နောက်ပြီးတော့ ဒီကာလလေးနှစ် ကျော်ကာလအတွင်းမှာ ကျောင်းသားလူငယ်တွေနောက်ပြီးတော့ မိဘပြည်သူတစ်ရပ်လုံးက အင်တိုက်အားတိုက် ဒီစစ်အာဏာရှင်ကို တော်လှန်နေကြတာဖြစ်တယ်။ ဆိုတော့ ကျွန်တော် ကတော့ နည်းနည်းခန့်မှန်းရမယ်ဆိုရင်တော့ အနည်းဆုံး ကျွန်တော်ကတော့ အများကြီး မျှော်လင့်ပါတယ်။ ဒီတော်လှန်ရေးကိုတော့တော်တော်လေးခရီးပေါက်နေပြီပေါ့နော်။ တော်လှန်ရေးကာလဖြစ်တဲ့အတွက် အခက်အခဲနဲ့စိန်ခေါ်မှုကတော့အများကြီးရှိပါတယ်။ ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက်ဒါမကဘဲနဲ့ မိဘပြည်သူတစ်ရပ်လုံးကလည်း ဒီတော်လှန်ရေးကာလမှာအခက်အခဲပေါင်းများစွာတော့ ရင်ဆိုင်ရပါတယ်။ အခုနကျွန်တော် ပထမဦးဆုံး ပြောသလိုပါပဲ အများကြီးမပြောဘဲနဲ့ အခြေခံလေးဖြစ်တဲ့လွတ်လပ်ခွင့်တောင်မှ ကျွန်တော်တို့ဆုံးရှုံးနေရတာဖြစ်တယ်။ ဒါဟာလေးကတော့တော်တော်လေးကို အခက်အခဲ ဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ဒီတော်လှန်ရေးကို မြို့ပေါ်ကလူတွေကသော်လည်းကောင်း နောက်ပြီးတော့ကျေးလက်ကလူတွေကသော်လည်းကောင်း ဒီတော်လှန်ရေးမှာ ပါဝင်ချင် တယ်။ ဒါပေမဲ့ လုံခြုံရေးအခြေအနေအရသော်လည်းကောင်း နောက်ပြီးတော့ ကုန်ဈေးနှုန်း တွေမြင့်တက်လာမှုအရ ပြည်သူတွေမှာလည်းအခက်အခဲများစွာရှိပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ပြောရမယ်ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့စစ်တပ်ကို ကျွန်တော်တို့ တော်လှန်နေရတာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့စစ်တပ်ကို ကျွန်တော်တို့လွယ်လွယ်ပြောရမှာ ပေါ့နော်။ ဒီအစုဖွဲ့သေးသေးလေးတွေက တော်လှန်နေရတာဖြစ်တယ်။ ဆိုတော့ ဒါက လက်နက်အင်အားလူအင်အားမမျှတဲ့ဟာပေါ့နော်။ နောက်ပြီးတော့ နှစ် ၇၀ ကျော်လောက် စနစ်တကျ စုဖွဲ့ထားတဲ့ စစ်အာဏာရှင်တပ်မတော်ကြီးကို ကျွန်တော်တို့ တိုက်ခိုက်နေတယ်။ တော်လှန်နေတယ်။ ခုခံနေရတဲ့အခြေအနေဆိုတော့အခက်အခဲကတော့အများကြီးရှိပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်မတို့ဆက်သွားကြမယ်ဆိုလို့ရှိရင် လက်ရှိမှာလည်း ဒီစစ်ကောင်စီကတော့ ရွေးကောက်ပွဲလုပ်ဖို့ အကြိတ်အနယ်ကို စီစဉ်နေတာတွေ့ရတယ် ပေါ့နော်။ ဆိုတော့ ဒီစကစပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲအပေါ်မှာ ဆရာ့ရဲ့ အမြင်သဘောထားလေးနဲ့အတူပေါ့လေ။ ပြည်သူတွေအနေနဲ့ရော ဘယ်လိုတွေတုံ့ပြန် ဆောင်ရွက်ပြီးတော့ ဘယ်လိုတွေဆန့်ကျင်သင့်တယ်ဆိုတာလေးကိုလည်း အကြံပြုပေး ပါဦးရှင်။
Salai Pa Bi – ဟုတ်ကဲ့ ကျွန်တော်ကဒီ စကစရဲ့အတုအယောင် ရွေးကောက်ပွဲပေါ့နော်။ ဒါကတော့တော်တော်လေးကို ဒီစကားလုံးနဲ့တင်လဲအတုအယောင်ရွေးကောက်ပွဲဆိုတာ လေးနဲ့တင်ပြည့်စုံပါတယ်။ ဒါက တရားမဝင်တဲ့ပြည်သူဆီကနေ သူမတရားရယူထားတဲ့ နိုင်ငံတော်အာဏာကိုသူကတော့ တစ်ဖက်ကနေပြောရမယ်ဆိုရင်တော့ တရားနည်းလမ်းကို ပြန်ပြီးတော့ဆွဲခေါ်လာချင်တဲ့သဘောလို့ကျွန်တော်ကတော့မြင်ပါတယ်။ ဆိုတော့ ဒီ ရွေးကောက်ပွဲကတော့ နိုင်ငံတကာကသော်လည်းကောင်း အသိအမှတ်ပြုမှုမရှိဘူးလို့ ကျွန်တော်တို့ပြောလို့ရပါတယ်။ နောက်ပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့မြို့နယ် ၃၃၀ ကျော်ထဲ မှာ သူအမှန်တကယ်ရွေးကောက်ပွဲကျင်းပနိုင်မယ့်မြို့နယ်ကြည့်မယ်ဆိုလည်း တစ်နိုင်ငံလုံး မကြည့်ဘဲနဲ့ ကျွန်တော်တို့ချင်းပြည်ချင်းတွင်းမှာပဲကြည့်မယ်ဆိုလည်း သူရွေးကောက်ပွဲ လုပ်နိုင်မယ့်နေရာဒေသနဲ့ အတိုင်းအတာကသာအနည်းပါတယ်။ ဆိုတော့ ဒါကတော့ အတု အယောင်ရွေးကောက်ပွဲဆိုတဲ့အတိုင်းပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း ယုံကြည်မှု မရှိပါ ဘူး။ ပြည်သူတစ်ရပ်လုံးလည်းယုံကြည်မှုမရှိပါဘူး။ ဒါပေမဲ့စစ်ကောင်စီကတော့ ဒီကာလမှာ ပေါ့နော်။ အခုကတော့ စစ်ကောင်စီကတော့ ဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ့် သဘောတော့ရှိတယ်။ ကျွန်တော်တို့ကြည့်ရတာကဘာဖြစ်လို့လဲဆိုတော့ ဒီတစ်နိုင်ငံလုံးကို ကြည့်မယ်ဆိုရင် ဒီရွေးကောက်ပွဲအတွက်ကို သူတော်တော်လေးအားခဲထားရတယ်။ နောက်ပြီးတော့ ဒီအနီးအနားရက်ရက်မှာသူကပြန်လည်ထုတ်စစ်ဆင်ပြီးတော့လေ ရွေးကောက်ပွဲအတွက်ကိုသူလုံခြုံရေးယူတဲ့အနေနဲ့ အများကြီးလုပ်လာတာတွေ့တယ်။ ပြည်သူတွေ အနေနဲ့လည်း ဒီရွေးကောက်ပွဲကိုပါဝင်နိုင်အောင်ပေါ့နော်။ အများကြီး ကြိုးစားလာတာတွေ့ရတယ်။ ဥပမာပြောရရင်တော့ Non CDM ဝန်ထမ်းတွေ သော်လည်း ကောင်း နောက်ပြီးတော့ပြည်သူတွေကိုသော်လည်းကောင်း သူအများကြီးစည်းရုံး လာတာ တွေ့ရတယ်။ နောက်ပြီးတော့လုံခြုံရေးအရပြောရမယ်ဆိုရင်တော့ အခုလေကြောင်း တိုက်ခိုက်မှုလည်းအများကြီးလုပ်လာတယ်ပေါ့။ ဒီဟာကကျွန်တော် ဘယ်လိုသုံးသပ်သလဲ ဆိုတော့ ဒီရွေးကောက်ပွဲအတွက်သူလုံခြုံရေးကျဉ်းကျပ်တဲ့လုံခြုံရေးမြှင့်တင်တဲ့အဆင့်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ နောက်ပြီးတော့ပြည်သူတစ်ရပ်လုံးကလည်းဒီဟာကို အလုံးစုံလည်းလက်မခံသလို ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်ပေးဖို့ကျတော့လည်း တစ်ချို့ မြို့ပေါ်မှာနေတဲ့ သူ့အစိုးရနယ်မြေမှာနေထားတဲ့ပြည်သူတွေကတော့ အတင်းအဓမ္မ မဲပေးခိုင်း တာမျိုးလည်း ရှိလာနိုင်ပါတယ်။ ဆိုတော့ ပြည်သူတွေကလည်း ဒါအရမ်းကြီးကို သတိထား ဖို့လိုပါတယ်လို့ ကျွန်တော်တို့လည်းအဲ့လိုပဲသုံးသပ်ချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ဒီစကစ ဒီလက်ရှိမှာအခုန ဆရာပြောတဲ့ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့မှလည်း ဒါအာဆီယံရဲ့ရပ်တည်ချက် ကလည်းအင်မတန်မှအရေးကြီး လာပါတယ်။ ဆိုတဲ့အခါကျတော့ ဆရာကိုယ်တိုင်ကလည်းလူငယ်လည်း တစ်ဦး ဖြစ်သည်အားလျော်စွာ CDM ကတစ်ဦးလည်းဖြစ်တယ်။ လက်ရှိမှာလည်းပဲဒါ တာဝန်ထမ်း ဆောင်နေရတဲ့သူတစ်ဦးဖြစ်တဲ့အခါကျတော့ ဒီအာဆီယံတွေရဲ့ရပ်တည်ချက်ပေါ်မှာရော ဆရာဘယ်လိုတွေသုံးသပ်လဲ။ ပြီးတော့ ဒီအိမ်နီးချင်းတွေဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ရော ဒီရွေးကောက်ပွဲပေါ်မှာဘယ်လိုတွေတုံ့ပြန်သင့်တယ်လို့ဆရာ့ အနေနဲ့အကြံပြု လိုလဲပေါ့နော်။ ဒီတော်လှန်ရေးကိုအိမ်နီးချင်းတွေအနေနဲ့ ဘယ်လိုတွေရပ်တည်ပေးသင့် တယ်လို့ ဆရာ့အနေနဲ့ အကြံပြုလိုပါလဲရှင်။
Salai Pa Bi – ဒီအာဆီယံတွေသော်လည်းကောင်း နောက်ပြီးတော့အိမ်နီးချင်းတွေ အနေနဲ့ကလည်း ဒီဟာကပြည်သူတွေရဲ့သဘောထားအမှန်ကိုသိဖို့လိုပါတယ်။ ဥပမာအားဖြင့် သူကတော့ ဟို နိုင်ငံလိုက်ဖားလိုက် ဒီနိုင်ငံလိုက်ဖားလိုက်နဲ့ပေါ့။ သူကတော့ အလုပ်တွေရှုပ်နေတယ်။ ဆိုပေမဲ့ အမှန်တကယ်ပြည်သူတွေကရော ဒီရွေးကောက်ပွဲကို လက်ခံယုံကြည်မှုရှိသလားဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဆိုတော့ဒီ ရွေးကောက်ပွဲကတော့ရှင်းတာက သူ့ရဲ့ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့နော်။ သူဒီပါတီ အာဏာရဖို့ကိုပဲ သူကတော့လုပ်လာတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ အဲ့ဒါကြောင့် မို့လို့ ဒီဟာကသူ့သဘောထားအမှန် နောက်ပြီးတော့ပြည်သူ့ဆန္ဒဟုတ်မဟုတ်ဆိုတာကို အာဆီယံတွေနိုင်ငံသော်လည်းကောင်း နောက်ပြီးတော့ဒီကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေ ကသော်လည်းကောင်း အသိအမှတ်ပြုဖို့ပေါ့နော်။ ပြည်သူတွေရဲ့ သဘောထားအမှန် ကဘာလဲဆိုတာကို ကြားသိဖို့ရန်အတွက်သာလိုအပ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ဒါအခု ဒီနောက်ပိုင်းမှာ ဒီမိုကရေစီနိုင်ငံရှေ့ရေးအတွက်ရွေးကောက်ပွဲကအရေးကြီးတယ်ဆိုပေမဲ့ ရွေးကောက်ပွဲတခုထဲနဲ့မလုံလောက်ဘူး။ ပြည်သူတွေရဲ့တကယ့်သဘောဆန္ဒ အမှန်ဖြစ်ဖို့ ကလည်းလိုအပ်တာဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကလည်း ပြည်သူတွေရဲ့သဘောထား အမှန်က ဘာဖြစ်သလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်လို့ ကျွန်တော်တို့လည်းအဲ့လိုပဲ သုံးသပ်ချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဒီ နောက်တစ်ခုအနေနဲ့ကျွန်မတို့တော်လှန်ရေး ကာလကြာလာ တာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေကြားထဲက ကွဲပြားမှုလေးတွေပေါ့လေ။ ဒီစိတ်ဝမ်း ကွဲမှုလေးတွေလည်းတချို့ပေါ့လေရှိတာကိုတွေ့ရတယ်။ အဓိကအနေနဲ့ကျွန်မတို့ ဒါချင်းပြည် အရေးမှာသော်လည်းကောင်းပေါ့နော်။ ဒါဥပမာအနေနဲ့ပေါ်ပေါ်ထင်ထင်အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် ဒီလိုစိတ်ဝမ်းကွဲမှုတွေကတော်လှန်ရေးအပေါ်မှာ ဘယ်လောက်ထိထိခိုက်မှု ရှိလဲဆိုတာလေးကိုလည်း ပြောပြပေးစေချင်ပါတယ်။ ပြီးတော့မှဘယ်လိုတွေ စည်းလုံး ညီညွတ်မှုရှိအောင် ဘယ်လိုတွေပူးပေါင်းဆောင်ရွက်သင့်လဲဆိုတာလေးကို လည်းအကြံဉာဏ် လေးပေးပါဦးရှင်။
Salai Pa Bi – ဟုတ်ကဲ့ ဒီတော်လှန်ရေးကာလကျွန်တော်တို့ရဲ့ဘုံရန်သူဖြစ်တဲ့ စကစကို ကျွန်တော်တို့တော်လှန်နေတဲ့အချိန်မှာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေ ဒီလိုမျိုး စိတ်ဝမ်းကွဲမှုဖြစ်လာတယ်ဆိုတဲ့ဟာကကျွန်တော်ကိုယ်တိုင်ကဒီတော်လှန်ရေးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တစ်ယောက်ဖြစ်တယ်။ ဆိုတော့ဒါကတော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကဘာကြောင့်ဖြစ်သလဲဆိုရင်တော့ ကျွန်တော်တို့အချင်းချင်း ကြားမှာ ယုံကြည်မှုမတည်ဆောက်နိုင်သေးတဲ့ပြဿနာလို့ ကျွန်တော်ကတော့မြင်ပါတယ်။ ကျွန်တော်တို့ဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကို ကျွန်တော်တို့တော်လှန်နေတဲ့အချိန်မှာကတော့ ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ အဓိက Focus ဖြစ်တဲ့ဒီစစ်အာဏာရှင်ကျဆုံးရေးကို ပဲကျွန်တော်တို့ ဦးတည်စေချင်ပါတယ်။ အချင်းချင်းကြားမှာမယုံကြည်မှု ဒါမှမဟုတ်ရင် တော့ဒီအချင်းချင်းကြားမှာ ကွဲပြဲမှုလေးတွေဖြစ်လာတယ်ဆိုတာကတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအတွက်ကိုကျွန်တော်တို့ဘယ်လိုမျိုးလုပ်လို့ရသလဲဆိုရင်တော့ သူ့ဖက်ကိုယ့်ဖက်ပေါ့နော်။ ဥပမာ ကျွန်တော်တို့ချင်းပြည်အနေနဲ့ကြည့်မယ်ဆိုရင်တော့ CB နဲ့ CC လိုမျိုးပေါ့နော်။ ဆိုတော့ ဒီဟာကသူ့ဖက်ကိုယ့်ဖက်လျှော့သင့်တဲ့ မာနလေးတွေကို လျှော့ပြီးတော့ ကျွန်တော်တို့ဒီတော်လှန်ရေးကိုပဲဦးတည်ရမှာ။ အစည်းအဝေးမှာပဲ စကားပြောတာမျိုးထက် ကျွန်တော်တို့အပြင်မှာလည်း လူငယ်တွေဖြစ်တဲ့အတွက် ဒီတော်လှန်ရေးကို ဦးဆောင်နေကြတာက လူငယ်တွေဖြစ်တယ်။ ကျွန်တော်တို့လူငယ်တွေ ကတော့ စိတ်သတ်နဲ့ပြောရမလား။ တစ်ဖက်ကနေဆိုရင်တော့နော်။ အညှိုးသိပ်မထားဘူး။ လူကြီးတွေကတော့နည်းနည်းရှိမှာပေါ့။ ကျွန်တော်တို့လူငယ်တွေကတော့အဲ့လိုမျိုးမရှိဘူး။ ဆိုတော့ အာလူငယ်တွေကတော့ပွင့်လင်းတယ်။ ရိုးသားတယ်။ ဖြူစင်တယ်။ ဆိုတော့ မကြိုက်တဲ့ဟာကိုမကြိုက်ဘူးပဲ။ မကြိုက်တဲ့ဟာကိုကြိုက်တယ်လို့ ပေါ်တင်ပြောတာမျိုး ကျွန်တော်တို့လူငယ်တွေမှာတော့မရှိဘူး။ ဆိုတော့ ဒါပေမဲ့ကျွန်တော်တို့ လူငယ်တွေကတစ်ခု အားသာချက်ရှိတာက မကြိုက်ဘူးလို့ပြောရင်လည်းကျွန်တော်တို့ကတော့ စိတ်ထဲမှာဘာမှ အညှိုးတေးမထားဘူးပေါ့နော်။ ဆိုတော့ ဒါတွေကတော့ကျွန်တော်အချင်းချင်းကြားမှာ အများကြီးတွေ့ဆုံဆွေးနွေးမှုလိုပါတယ်။ စကားပြောဖို့ပေါ့နော်။ ခင်ဗျားတို့က CC ကျွန်တော်တို့က CB ဆိုပြီးတော့ဟိုလိုမျိုးအချင်းချင်းစကားမပြောကြတဲ့ အဆင့်လောက်မျိုး တော့ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ဒီ CB ကလူတွေပဲဖြစ်ဖြစ် CC ကလူတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ချင်းပြည်တော်လှန်ရေးကိုအမြန်ဆုံးနိုင်ချင်တယ်။ အဲ့ဒါကတော့ဘယ်သူ မဆို စိတ်ထဲမှာရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ တော်လှန်ရေးနိုင်ဖို့ဆိုရင်တော့ လျှော့သင့်တဲ့ မာနလေးတွေကိုလျှော့ပြီးတော့ ကျွန်တော်တို့ချင်းဆိုတဲ့တခုအောက်မှာပဲ အမည်နာမတစ်ခုအောက်မှာပဲစုစည်းပြီးတော့ ကျွန်တော်တို့စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ကျွန်တော်တို့ချင်းပြည်ချင်းလဲန်းလွတ်မြောက်ရေးကိုပဲ အာရုံစိုက်ရင်တော့ ကျွန်တော်တို့ညီအစ်ကိုတွေဖြစ်တယ်လေနော်။ ညီအစ်ကိုတွေဖြစ်တယ်ဆိုတော့ အချင်းချင်း ကြားမှာ ခွင့်မလွှတ်နိုင်စရာလည်းမရှိသလိုနားမလည်နိုင်စရာလည်းမရှိပါဘူး။ အဓိကကတော့ အချင်းချင်းကြားမှာယုံကြည်မှုလေးတွေပြန်လည်တည်ဆောက်ဖို့လိုပါတယ်လို့ ကျွန်တော်တို့ လည်း အဲ့လိုပဲသုံးသပ်ချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်။ ဆိုတော့ နောက်တစ်ခု အနေနဲ့ကတော့ ဒီဆရာကိုယ်တိုင်လည်း ဒါလူငယ်တစ်ဦးဖြစ်တယ်။ ခုနဒီခေါင်းဆောင်ပိုင်း နေရာမှာ ဆရာကိုယ်တိုင်ဦးဆောင်ပြီးတော့ လက်ရှိတော်လှန်ရေးကိုဦးဆောင်ပြီးတော့မှ ပေါ့နော်။ လုပ်နေတာကိုလည်းတွေ့ရတယ်။ ဆိုတော့ဒီလိုမျိုးဒီနွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်က လူငယ်တွေရဲ့ဦးဆောင်မှုအခန်းကဏ္ဍအင်မတန်မှအားကောင်းလာတာနဲ့အတူ အမျိုးသမီးတွေရဲ့ပါဝင်မှုကိုယ်တိုင်ကလည်းအင်မတန်မှအားကောင်းလာတာကိုတွေ့ရတယ်။ ဒီအပေါ်မှာဆရာ့ရဲ့အမြင်သဘောထားသုံးသပ်ချက်လေးကိုလည်းသိပေးရစေ။ ပြီးတော့မှ ဆရာကိုယ်တိုင်ကလည်းခုနပြောသလိုဦးဆောင်မှုအခန်းကဏ္ဍမှာပါတဲ့အခါမှာ လူငယ်တစ်ဦး အနေနဲ့ တွေ့ရတဲ့စိန်ခေါ်မှုတွေနဲ့ပေါ့နော်။ ဘယ်လိုရင်ဆိုင်ဖြေရှင်းလဲဆိုတာလေးကိုလည်း ပြောပြပေးပါဦးရှင်။
Salai Pa Bi – အရင်တုန်းကတော်လှန်ရေးကကျတော့ဘယ်လိုရှိသလဲဆိုတော့ တိုင်းရင်းသား တွေပဲတော်လှန်တာမျိုး။ နောက်ပြီးတော့တိုင်းရင်းသားတွေမှာတောင်မှ လူငယ်ပိုင်းတွေပဲ တော်လှန်တာမျိုးပေါ့နော်။ အခုဒီတော်လှန်ရေးကပြည်သူတစ်ရပ်လုံးပါဝင်တယ်။ အသက် အရွယ်မရွေး အမျိုးသမီးရောအမျိုးသားရောအသက်အရွယ်မရွေး ပါဝင်လာတဲ့ တော်လှန်ရေး ဖြစ်တယ်။ ဆိုတော့ဒီအပေါ်မှာအမျိုးသမီးတွေရဲ့ပါဝင်မှု အခန်းကဏ္ဍကလည်းတော်တော် လေး အရေးကြီးပါတယ်။ နောက်ပြီးတော့ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှု ကလည်း တော်တော်ကိုအားရစရာကောင်းပါတယ်။ ကျွန်တော့်အမြင်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီတော်လှန်ရေးမှာကျွန်တော်တို့ အမျိုးသားတွေကြည့်ပဲဒီတော်လှန်ရေးကို လုပ်မယ်ဆိုရင်တော့လည်းဟိုအဆင်မပြေတာလေးတွေရှိတယ်။ နောက်ပြီးတော့ တစ်ဖက်က နေပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ စိတ်ဓာတ်ခွန်အားဆိုတာမျိုးကိုလည်း လိုချင် တယ်။ နောက်ပြီးတော့ ဒီတော်လှန်ရေးမှာကျွန်တော်ကိုယ်တိုင်က ကိုယ့်စိတ်ကို ကျွန်တော် ဘယ်လို ပြန်တည်ဆောက်သလဲဆိုရင်တော့ တစ်ခါတလေကျရင် ကျွန်တော်လည်း ဒီတော်လှန်ရေးမှာ ဒါစိတ်ရောလူရောပင်ပန်းတဲ့အခြေအနေအများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဟာကိုယ်စိတ်ဓာတ်ခွန်အားပြန်လည်တည်ဆောက်ရသလဲဆိုရင်တော့ အမျိုးသမီးတွေ ပေါ့နော်။ သဘာဝပေးထားချက်အရ အများကြီးအားနည်းတဲ့အမျိုးသမီးလေးတွေလည်း ပါဝင်လာကြတယ်။ တချို့ကျွန်တော်တို့ရဲအမေ စစ်အမေတွေဆိုရင် စကစရဲ့ဖမ်းဆီးချုပ် နှောင်ခြင်းကိုလည်းခံရတယ်။ စကစနှိပ်စက်မှုတွေလည်းခံရတယ်။ သူတို့တောင်မှ သတ္တိရှိရှိနဲ့ဒီတော်လှန်ရေးအတွက်ရပ်တည်နိုင်တာ။ ဆိုတော့အဲ့လိုမျိုးကိုယ့်ဟာကိုယ် ပြန်တည်ဆောက်ရတဲ့အခါတွေလည်းရှိတယ်။ နောက်ပြီးတော့အဖွဲ့အစည်းမှာ အမျိုးသမီး တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍက တအားကိုအရေးကြီးပါတယ်။ ဥပမာ ကျွန်တော်တို့ ယောက်ျားလေးတွေဆိုရင်တော့ စာရင်းဇယားအားဖြင့်ပြောရမယ်ဆိုရင် စာရင်းဇယားဆိုရင် နည်းနည်းပေါ့လျော့တာလေးတွေရှိတယ်။ အဲ့လိုဟာမျိုးနောက်ပြီးတော့တချို့ကဏ္ဍတွေမှာ ကျွန်တော်တို့ ယောက်ျားလေးတွေကြည့်ပဲမနိုင်တဲ့ဟာလေးတွေ ရှိတယ်ပေါ့နော်။ အဲ့လိုဟာမျိုး အခြေအနေမှာ အမျိုးသမီးတွေရဲ့ပါဝင်လာမှုကြောင့် ကျွန်တော်တို့ အမျိုးသား တွေပင်လည်းပိုပြီးတော့ခွန်အားရတာလည်းရှိတယ်။ နောက်ပြီးတော့ ဒီအဖွဲ့အစည်းတွင်းမှာ ပဲဖြစ်ဖြစ် အမျိုးသမီးပါဝင်မှုကြောင့် ဒီအဖွဲ့အစည်းကပိုပြီးတော့ယုံကြည်မှုလေးတွေ ရှိလာ တယ်။ နောက်ပြီးတော့အဖွဲ့အစည်းလည်းပိုမိုတိုးတက်လာတဲ့ ဟာမျိုးလေးတွေတွေ့ရတဲ့ အတွက်ကြောင့် ကျွန်တော်ကတော့တော်လှန်ရေးမှာအမျိုးသမီးပါဝင်မှုကဏ္ဍက တအားကို လိုပါတယ်။လို့ ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်။ နောက်ပြီးတော့လူငယ်တစ်ယောက် အနေနဲ့ ဒီတော်လှန်ရေးမှာစိန်ခေါ်မှုကတော့အားကြီးပဲ။ ပြောလို့ကိုမဝမဟုတ်ဘူး။ ဥပမာအားဖြင့် တချို့လူငယ်တွေအတွက်ဆိုရင်တော့ အများကြီးမပြောဘဲနဲ့ပညာရေး လမ်းကြောင်းပဲ ကြည့်မယ်ဆိုရင်လည်းဒီအချိန်မှာ ကျွန်တော်တို့တချို့ကျွန်တော်တို့ သူငယ်ချင်းတွေ နောက်ပြီးတော့ဒီတော်လှန်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ရဲဘော် တွေရဲ့ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ရှေ့ရေးကိုကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ မျှော်လင့်ချက်ကတော့နိုင်ငံတော်သစ်ဆောက်ကြမယ်။ နိုင်ငံတော်သစ်က ကျွန်တော်တို့လူ့အခွင့်အရေးတွေ နောက်ပြီးတော့လူ့စံနှုန်းတွေ နောက်ပြီးတော့ ဒီအားအင် ပြည့်ဝတဲ့ နိုင်ငံရေးစနစ်ပေါ့နော်။ Federal Democracy စနစ် အစိုးရသစ်တစ်ရပ် ပေါ်ထွက်မယ်ဆိုတဲ့ဟာလောက်ပဲကျွန်တော်တို့ကတော့အာရည်မှန်းချက်ထားနိုင်တော့တယ်ပေါ့နော်။ ကျွန်တော်တို့ပုဂ္ဂိုလ်ရေးအရ ဒီဟာဒီဟာလုပ်မယ်။ ဒီဟာဒီဟာဖြစ်မယ်ဆိုတာမျိုး ရည်မှန်းချက်ကမရှိတော့ဘူးလို့ပြောလို့ရတယ်ပေါ့နော်။ ဆိုတော့ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ကိုယ်ကကျွန်တော်တို့ပုဂ္ဂိုလ်ရေးအတွက်ရည်မှန်းချက်မျိုးမဟုတ်တော့ဘူး။ ဆိုတော့ ဒီအချိန်မှာကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံးကျွန်တော်တို့ ဒီစိန်ခေါ်မှု ပြောရမှာပေါ့နော်။ ဒါမှမဟုတ်ကိုယ့်ရဲ့အခက်အခဲပြောရမလား။ ဒါကိုယ့်ရဲ့ မိသားစု အခြေအနေကနေစပြောမယ်ဆိုရင်တောင်မှ ကျွန်တော်တို့ မိတ်ဆွေသူငယ်ချင်းတွေ တချို့ ဒီတော်လှန်ရေးမှာမပါဘူး။ နိုင်ငံခြားထွက်ကြတယ်။ အလုပ်လုပ်ကြတယ်။ မိသားစုကို ပြန်လည်ထောက်ပံ့ကြတယ်။ ဒီဟာလေးနဲ့တင်ကျွန်တော်တို့မျက်နှာငယ်ရပါတယ်။ လူငယ် တစ်ယောက်အနေနဲ့ပေါ့နော်။ အဲ့ဒါမျိုးလေးတွေရှိတယ်။ နောက်ပြီးတော့မိသားစုရဲ့ ဖိအား ပေါ့နော်။ ဘယ်သူမဆိုကိုယ့်သားသမီးကိုတော့ဒီတော်လှန်ရေးက ပြောရမယ်ဆိုရင်တော့ သေမင်းနဲ့ပိုနီးတယ်လို့ပြောရမှာပေါ့နော်။ အဲ့အခါကျတော့မိဘတွေရဲ့စိုးရိမ်စိတ် မိသားစုရဲ့ စိုးရိမ်စိတ်ကလည်း ဒီတော်လှန်ရေးမှာပါဝင်ဖို့ကလည်း အာတစ်ဖက်တစ်လမ်းကနေ ပြောရမယ်ဆိုရင်တော့ စိန်ခေါ်မှုတစ်ရပ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ နောက်ပြီးတော့ ခုနကျွန်တော်ပြောသလိုပညာရေး ကျွန်တော်တို့မိတ်ဆွေသူငယ်ချင်းတွေ အိန္ဒိယဖက်သွား ကြတယ်။ ဒါမှမဟုတ်ချင်းမိုင်ဖက်ပဲ ဖြစ်ဖြစ်နောက်ပြီးတော့ခြားနေရာသွားပြီးတော့ ပညာတွေသင်ကြတယ်။ ဒါပေမဲ့ကျွန်တော်တို့ဒီမှာရဲဘော်လေးတွေကျတော့ သူ့ရဲ့ပညာရေး လမ်းကြောင်းမျှော်လင့်ချက်တွေမရှိတော့ဘူးလို့ ကျွန်တော်တို့ကတော့ပြောရတယ်။ ဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့ရည်မှန်းချက်မှုန်ဝါးနေဆဲပေါ့နော်။ မှုန်ဝါးနေဆဲပါ။ ဒါပေမဲ့ဒါကလည်းနိုင်ငံတော်သစ် တည်ဆောက်ဖို့အတွက်ပဲဖြစ်တယ်ဆိုတဲ့ ကိုယ့်ဟာကိုယ်ပဲ အဲ့လိုအားတင်းရတာပေါ့နော်။ အဲ့လိုလေးပဲကျွန်တော်တို့ပြန်ဖြေရင်တော့ ပြည့်စုံမယ်ထင်တယ်။ ထပ်ပြီးတော့ပြောရမယ်ဆိုတော့အများကြီးရှိတယ်ဆိုတော့ ပြောလို့လည်း ကုန်မှာမဟုတ်ပါဘူး။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့နောက်တစ်ခုအနေနဲ့ ဆရာကိုယ်တိုင်က CDMer တစ်ဦးဖြစ်တဲ့အခါကျတော့ လေ CDMer အရေးနဲ့ပတ်သက်ပြီးတော့အနည်းငယ်လေး အကြံပြုတိုက်တွန်းစကားလေး ပြောကြားပေးစေချင်ပါတယ်။ ဘယ်လိုလဲဆိုတော့ ဒီတော်လှန်ရေး ကာလမှာ CDM တွေကတော်လှန်ရေးရဲ့အုတ်မြစ်ဖြစ်တယ်။ တော်လှန်ရေး သူရဲကောင်းတွေဖြစ်တယ်။ အားလျော်စွာပဲ ဒီတော်လှန်ရေးကာလကြာလာတာနဲ့အမျှ CDM တွေမှာ စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်လာတာတွေများစွာကိုလည်းတွေ့ရတယ်။ ပြီးတော့မှ CDM တွေရဲ့ဟိုရင်ဖွင့်သံတွေလည်း ဟိုကြားလာရတယ်ပေါ့နော်။ CDM တွေကို ချောင်ထိုး ထားတယ်ဆိုတဲ့ဟာမျိုးကြားရတယ်။ ဆိုတော့ဟိုဒီအပေါ်မှာ ဆရာ့အနေနဲ့ပေါ့လေ။ CDM တွေကိုဟိုတော်လှန်ရေးရဲ့ကဏ္ဍတွေမှာ ဘယ်လိုမျိုးဆက်လက်ပြီးတော့မှလေ CDM တွေကို ပေါ့နော်။ ဟိုပံ့ပိုးသင့်လဲ။ CDM တွေကိုဘယ်လိုနေရာပေးသင့်လဲဆိုတာလေးကိုလည်း အကြံပြုပေးပါဦးရှင်။
Salai Pa Bi – ဒီဟာမပြောခင်မှာပေါ့နော်။ ကျွန်တော်ပထမဦးဆုံး ကျွန်တော့်စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲကိုကျေးဇူးတင်တဲ့ဟာကတော့ဒီတစ်နိုင်ငံလုံးမှာရှိတဲ့ CDM ဝန်ထမ်းတွေကို ကျွန်တော်အင်မတန်လေးလေးစားစားရှိပါတယ်။ ဂုဏ်ယူပါတယ်။ နောက်ပြီးတော့ ဒီ တော်လှန်ရေးက ဒီတော်လှန်ရေးသူ့အခြေခံအုတ်မြစ်ကိုက CDMer ဖြစ်တယ်ပေါ့နော်။ အကြမ်းမဖက်အာဏာဖီဆန်မှုဖြစ်တယ်။ ဆိုတော့ဒီဟာမှာပါဝင်လာပြီးတော့ CDM လုပ်လာတဲ့ ကျွန်တော်တို့ပြည်သူ့ဝန်ထမ်းကျွန်တော်ကတော့ဝန်ထမ်းလို့မပြောချင်ဘူး။ ပြည်သူ့ဝန်ထမ်းလို့ပြောချင်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေ အာအင်မတန်မှ ဂုဏ်ယူလေးစားရ ပါတယ်။ အားလုံးကိုကျွန်တော်လေးစားပါတယ်ဆိုတာပထမဆုံးပြောချင်ပါတယ်။ ဆိုတော့ အဲ့ဒီ့အချိန်တုန်းကကျွန်တော်တို့စတင်ပြီးတော့ဆန္ဒတွေပြကြတယ်။ နောက်ပြီးတော့ CDM တွေလုပ်လာကြတဲ့အချိန်မှာဟိုတစ်နေ့က အာကျွန်တော် CDM ရဲမှူးကြီးတစ်ယောက်နဲ့ ကျွန်တော်တွေ့တယ်။ သူကဘာပြောတာလဲဆိုတော့ ကျွန်တော်တဲ့ CDM လုပ်လာ တုန်းကကြာလှရင်တော့ တအားကြာရင်တော့သုံးလ ဆိုပြီးတော့ကျွန်တော်ထွက် လာခဲ့ တာတဲ့။ ပြောချင်တာကသူသုံးလလို့မျှော်မှန်းခဲ့တဲ့ဟာက ကျွန်တော်တို့လေးနှစ်ကျော် ကြာခဲ့တယ်။ အဲ့အခါကျတော့တချို့ CDM တွေအတွက်ကျတော့မျှော်မှန်းခဲ့တဲ့ဟာက သိပ်မကြာလောက်ဘူး။ CDM လုပ်ဖို့ဆိုတာတော်တော်လေးကိုစဉ်းစားယူရတယ်။ ဘာလို့လဲဆိုတော့ အစိုးရဝန်ထမ်းတွေက ဥပမာကျောင်းဆရာလုပ်တဲ့ကျောင်းဆရာ တစ်ယောက်ကသူက အသက်မွေးဝမ်းကျောင်းကကျောင်းဆရာလုပ်ငန်းဖြစ်တယ်။ အဲ့အခါ ကျတော့ သူ့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စွန့်ပြီးတော့ဒီပြည်သူ့ဆန္ဒနဲ့အညီ ပြောရမှာပေါ့နော်။ ပြည်သူ့ဖက်ကိုရပ်တည်လိုက်တယ်ဆိုတဲ့ဟာကတော့ ပြောရရင်သူ့ရဲ့ အသက်မွေးဝမ်းကျောင်းခြင်းကိုသူကစွန့်လွှတ်လိုက်တာပဲ။ အဲ့အခါကျတော့ ခုနပြောသလို ပထမတုန်းကသိပ်မကြာလောက်ဘူးထင်တဲ့ဟာကလေးနှစ်ကျော်ကြာလာခဲ့ပြီ။ ဆိုတော့ CDM ဝန်ထမ်းတွေကိုလည်းကျွန်တော်အများကြီးကိုကြည့်ညှာပါတယ်။ နားလည်းနားလည် ပါတယ်။ အခက်အခဲပေါ့နော်။ အာအခက်အခဲမှုများစွာတော့ရှိလိမ့်မယ်။ ဆိုတော့ဒီဟာက ကျေးဇူးပြုပြီးတော့ ကျွန်တော်ကတော့ တောင်းပန်ချင်ပါတယ်။ ဆက်ပြီးတော့ အားတင်း ပေးကြပါ။ ဆက်ပြီးတော့ကျွန်တော်တို့ရဲ့ ဆင်းရဲပင်ပန်းခံမှုကစစ်အာဏာရှင်ကျဆုံးရေး ပဲဖြစ်မှာပါ။ အဲ့ဒါကြောင့်မို့လို့ဒီ CDM ဝန်ထမ်းတွေအကုန်လုံးဆက်ပြီးတော့ အားတင်း ထားကြရအောင်ပါ။ နောက်ပြီးတော့ဒီတော်လှန်ရေးကာလမှာတချို့နယ်ဖက်မှာဆိုရင် ကိုယ်တတ်နိုင်သလောက် လေးကလေးတွေကို ဥပမာအားဖြင့်ပြောတော့ ဒီကျောင်းဆရာ/ ဆရာမတွေဆိုရင် ကိုယ်တတ်နိုင်သလောက်ကလေးတွေ ကိုကိုယ့်အိမ်မှာပဲဖြစ်ဖြစ်ကိုယ့် ကျောင်းမှာ ပြန်သင်ပေးတဲ့ဟာလေးတွေရှိတယ်။ နောက်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေ ဆိုရင်လည်းအဲ့လိုပါပဲ။ သူတက်ကျွမ်းတဲ့ပညာရပ်နဲ့သူ့ရဲ့ကျေးရွာလေးတွေမှာ ပဲဖြစ်ဖြစ် ကျန်းမာရေးကဏ္ဍကိုတာဝန်ယူပေးနေကြတာလေးတွေတွေ့ရတယ်။ နောက်ပြီးတော့တချို့ လက်နက်ကိုင်တပ်ဖွဲ့တွေကနေ CDM လုပ်လာတဲ့တပ်ဖွဲ့ဝင်တွေဆိုရင်လည်းကိုယ့်ဒေသ ကိုယ့်ရဲ့ရပ်ရွာ လုံခြုံရေးအတွက်ပြန်လည် တာဝန်ထမ်းဆောင်ပေးနေရတဲ့ဟာတွေ တွေ့ရတဲ့ အတွက် အရမ်းပဲကျေးဇူးတင်ရှိပါတယ်။ နောက်ပြီးတော့ဒီတော်လှန်ရေးမှာ ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ အများကြီးပါဝင်ပေးကြပါ။ ဆက်ပြီးတော့အကြံဉာဏ်လည်းပေးကြပါလို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်ဆုံးကျွန်တော်ပြောလိုတာကတော့ ဆက်ပြီးတော့ အားတင်ပေးကြပါဦး။ ဒီတော်လှန်ရေးအတွက်အားခဲထားကြရအောင်ပါလို့ပဲ ကျွန်တော် ကတော့ ပြောချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့လေ။ ဆရာမျှော်မှန်းထားတဲ့ ဒီတော်လှန်ရေးကာလအလွန်မှာ ဆရာမျှော်မှန်းထားတဲ့အနာဂတ် Federal Democracy ပေါ့နော်။ အနာဂတ်နိုင်ငံတော်သစ်ကိုဆရာ့အနေနဲ့ဘယ်လိုများဟိုမျှော်လင့်ထားလဲပေါ့လေ။ ဒီ ဟိုဆိုတော့ နောက်ဆုံးအနေနဲ့ဒီမိဘပြည်သူတွေကိုပြောပေါ့လေ။ အဘက်ဘက် ကနေပြီးတော့မှဒီနေ့ဒီအချိန်အထိ ဒါတောင့်ခံပေးနေကြတဲ့မိဘပြည်သူတွေကိုလည်း အားပေးစကားနဲ့အတူကျွန်မတို့ရဲ့အင်တာဗျူးလေးကိုအဆုံးသတ်ပေးပါဦးရှင်။
Salai Pa Bi – ဒီတော်လှန်ရေးကာလကိုကျွန်တော်တို့ ကောင်းကောင်းလေး ကျော်ဖြတ်နိုင်ခဲ့ မယ်ဆိုရင်တော့ ကျွန်တော်မျှော်မှန်းထားတဲ့စိတ်ကူးထဲက ကျွန်တော်တို့ရဲ့နိုင်ငံတော်သစ် ပေါ့နော်။ ကျွန်တော့်သူငယ်ချင်းတွေလည်းတစ်ခါတစ်လေကျွန်တော်ပြောပြတော့ ဟာ ဆလိုင်းဘာဘီခင်ဗျားရဲ့စိတ်ကူးယဉ်က တအားကောင်းတယ်အခါကျတော့ ခင်ဗျားရဲ့စိတ်ကူး ယဉ်ကိုပဲကျွန်တော်တို့အလည်သွားရအောင်လို့ဆိုပြီးတော့ပြောကြတယ်။ ဆိုတော့ ကျွန်တော် တို့ ဒီ နှစ် ၇၀ လုံးလုံး မြန်မာနိုင်ငံရဲ့သမိုင်းကိုကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုရင်တော့ အင်မတန်မှ နာကြည်းစရာကောင်းခဲ့တယ်။ လူသားတစ်ဦးဖြစ်ရဲ့သားနဲ့ လူသားတစ်ဦးလို ဆက်ဆံမခံရတဲ့နိုင်ငံရေးစနစ်မှာကျွန်တော်တို့နေခဲ့ရတယ်လို့ ကျွန်တော်ကတော့ အာပြောချင် ပါတယ်။ ကျွန်တော်တို့ဥပမာတစ်ခုပြည်သူတွေရှိမှာရောကျွန်တော့် ရဲဘော်တွေရှိမှာရောကျွန်တော်ပြောလေ့ရှိတာကဘုရားသခင်တောင်မှကျွန်တော်တို့ကိုလွတ်လပ်စွာ အသက်ရှင်ရပ်တည်ပိုင်ခွင့်ပေးထားတယ်။ ကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့ ဘုရားသခင်က လူသားတစ်ယောက်မှာရှိသင့်တဲ့လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် အသက်ရှင်ရပ်တည်ပိုင်ခွင့်ကိုသူကပေးထားတယ်။ ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သမိုင်းကိုကြည့်ရမယ်ဆိုရင်တော့ အဲ့ဒီအခွင့်အရေးကိုချိုးဖောက်ခံရတယ်။ လွတ်လပ်စွာ အသက်ရှင်ရပ်တည်ပိုင်ခွင့်လည်းမရှိခဲ့ဘူး။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လည်းမရှိခဲ့ဘူး။ အဲ့အခါကျတော့ ကျွန်တော်တို့ဆုံးရှုံးခဲ့ရတဲ့လူ့အခွင့်အရေးဆိုတဲ့ဟာက မြန်မာနိုင်ငံသမိုင်းကို ကြည့်မယ်ဆိုရင်တော့အများကြီးမြင်ရနိုင်ပါတယ်။ ဒီတော်လှန်ရေးကကျွန်တော်တို့ ဒီမြန်မာ့ စစ်တပ်ဒါမှမဟုတ်မြန်မာ့တပ်မတော်သားတွေကိုကျွန်တော်တို့မုန်းလို့တိုက်ခိုက်နေတာမျိုးမဟုတ်ပါဘူး။ သူတို့လည်းလူသားဖြစ်တယ်။ လူသားချင်းစာနာထောက်ထားပါတယ်။ ဒါပေမဲ့ကျွန်တော်တို့တိုက်နေတဲ့ဟာကစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့တိုက်နေတာဖြစ်တယ်။ ကျွန်တော်တို့စနစ်အတွက်တိုက်ပွဲဝင်နေတာဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ စစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့အပြီးတိုင်ချေမှုန်းနိုင်တဲ့အခါကျရင်တော့ ကျွန်တော်တို့ နိုင်ငံတော် သစ်တစ်ရပ်ဖြစ်လာပါလိမ့်မယ်။ နောက်ပြီးတော့ ကျွန်တော်တို့တိုင်းရင်းသား တွေရဲ့ အခွင့်အရေးကြည့်မယ်ဆိုရင်လည်းဒီနှစ် ၇၀ လုံးလုံးဆုံးရှုံးလာခဲ့ရတဲ့ ဒီအခွင့်အရေးတွေပေါ့နော်။ ပြီးခဲ့တဲ့နှစ် ၇၀ လုံးလုံးကလူမျိုးကြီးဝါဒကိုကျင့်သုံးပြီးတော့ စစ်တပ်ကအုပ်ချုပ်ခဲ့တယ်။ အဲ့အခါကျတော့ကျွန်တော်တို့ဆုံးရှုံးနစ်နာခဲ့တဲ့ဟာတွေ နိုင်ငံရေးအရ သော်လည်းကောင်း တခြားလူ့အခွင့်အရေးနောက်ပြီးတော့ဖွံ့ဖြိုးတိုးတက်မှု နောက်ပြီးတော့ပညာရေးကျန်းမာရေးကဏ္ဍပေါင်းစုံကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့နှစ် ၇၀ လုံးလုံးဆုံးရှုံးခဲ့ရတဲ့ဟာတွေကမနည်းပါဘူး။ အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကတော့ ဒီတော်လှန်ရေးကိုနိုင်တဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံတော်သစ်မှာကျတော့လူသားကိုလူသားလိုဆက်ဆံခံရတဲ့နိုင်ငံကို ကျွန်တော်တည်ဆောက်ချင်ပါတယ်။ လူသားကိုလူသားလိုတန်ဖိုးထားတဲ့နိုင်ငံတော်မှာနေချင်ပါတယ်။ ကျွန်တော်မျှော်မှန်းထားတဲ့ ဟာကတအားရိုးရှင်းပါတယ်။ လူသားကိုလူသားလို့သဘောထားရမယ်။ လူသားကိုလူသားလို ဆက်ဆံရမယ်။ လူသားကလူသားတန်ဖိုးရှိရမယ်။ အဲ့ဒီနိုင်ငံတော်ကို ကျွန်တော်တည်ဆောက် ချင်တာဖြစ်ပါတယ်။ ဒီဟာတည်ဆောက်ဖို့အခွင့်အရေး ဒီ ၂၁ ရာစုမှာကျွန်တော်တို့မြန်မာ လူမျိုးတွေ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရရှိထားတာဖြစ်တဲ့အတွက် တော်လှန်ရေး ကာလ လေးနှစ်ကျော် ငါးနှစ်နီးပါးတောင့်ခံလာကြတဲ့ပြည်သူမိဘပြည်သူတစ်ရပ်လုံး တချို့ကျတော့ နေစရာအိမ်မရှိတော့ဘူး။ တချို့ထမင်းဝိုင်းတွေမှာလူမစုံတော့ဘူး။ တချို့ရပ်ရွာတွေမြင်စရာဆိုလို့အရင်တုန်းကဒီမှာနေအိမ်တွေရှိခဲ့ပါတယ်။ အရင်တုန်းက ဒီမှာလူတွေစည်ကားခဲ့ပါတယ်ဆိုတဲ့ အရင်တုန်းကအရင်တုန်းကဆိုတဲ့ဟာနဲ့ ကိုယ့်ဟာကိုယ် ပြန်နှစ်သိမ့်နေရတဲ့ပြည်သူတစ်ရပ်လုံး။ နောက်ပြီးတော့တချို့သားပြန်မလာတော့တဲ့။ သူ့သား အလာကိုစောင့်မျှော်နေတဲ့ကျွန်တော့်အမေအိုကြီးတွေ မိသားစုတွေ နောက်ပြီးတော့ ခြေလက် မစုံ တော့တဲ့။ ကိုယ်လက်အင်္ဂါမစုံတော့တဲ့ရဲဘော်တွေဒီတော်လှန်ရေးအတွက် အမျိုးမျိုး ပေးဆပ်အနစ်နာခံပြီးတော့တောင့်ခံကြတဲ့ပြည်သူတစ်ရပ်လုံးဆက်လက်ပြီးတော့ကျွန်တော်တို့ တောင့်ခံကြရအောင်ပါ။ တော်လှန်ရေးမှာဘယ်သူကနိုင်မလဲဆိုရင်တော့ နောက်ဆုံးအထိ ဘယ်သူတောင့်ခံနိုင်သလဲ။ ဘယ်သူကစိတ်ဆင်းရဲပင်ပန်းခံနိုင်သလဲဆိုတဲ့အပေါ်မှာမူတည် သွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့ပင်ပန်းတယ်ငြီးခွင့်ရှိပါတယ်။ ရပါတယ်။ ငြီးကြပါ။ တောင့်ခေါက်ပါ။ ဒါပေမဲ့ကျွန်တော်တို့ရပ်နားလိုက်လို့မဖြစ်ဘူး။ ဒီတော်လှန်ရေးက ကျွန်တော်တို့တစ်ရွေ့ရွေ့သွားနေမှာပဲ။ အဲ့ဒါကြောင့်မို့လို့အားတင်းထားကြရအောင်ပါ။ ကျွန်တော်တို့ မကြာခင်ဘုရားသခင်ကူညီမစမှုကြောင့်ကျွန်တော်တို့ဒီတော်လှန်ရေးကို နိုင်တော့မှာပါလို့ကျွန်တော်ပြည်သူတွေအားပေးချင်ပါတယ်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ အခုလိုမျိုးဖြေကြားပေးတဲ့အတွက်ဆရာကိုအထူးပဲကျေးဇူး တင်ရှိပါတယ်။
Salai Pa Bi – ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့။