နိုဝင် ၂၉
The Kaladan Post

ချင်းလူမျိုးများအကြား ပစ္စုပ္ပန်ကာလတွင် ကြုံတွေ့နေရသော ပဋိပက္ခသည် ချင်းအမျိုးသား ထုတစ်ရပ်လုံး၏ အနာဂတ်ကံကြမ္မာအတွက် အဆုံးအဖြတ်ပေးမည့် အရေးအကြီးဆုံး လမ်းဆုံလမ်းခွတစ်ခု ဖြစ်သည်။ ကိုလိုနီခေတ်က သုံးနိုင်ငံအဖြစ် ပိုင်းခြားခံခဲ့ရသည့် သမိုင်း သင်ခန်းစာနှင့် ဒုတိယကမ္ဘာစစ်ကာလ ချင်းခေါင်းဆောင်များ၏ နိုင်ငံရေး၊ စစ်ရေးအမှား များကို ပြန်လည်ပြင်ဆင်နိုင်မည့် ရွှေရောင်အခွင့်အရေးသည် ယနေ့ မြန်မာ့နွေဦး တော်လှန်ရေးကာလတွင် ရှိနေပါသည်။ မြန်မာနိုင်ငံတော်လှန်ရေးအလွန်ကာလတွင် ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် ချင်းညီညွတ်ရေးသည် ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေ လိုအပ်ချက်တစ်ခုဖြစ်သည်။ လက်ရှိအချိန်သည် သမိုင်းအမှားများကို ပြန်လည်ပြင်ဆင်ပြီး ညီညွတ်စွာချဉ်းကပ်ပါက အနာဂတ်အတွက် ခိုင်မာသော အုတ်မြစ်ချနိုင်မည့် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်နေသဖြင့် အချင်းချင်း ပဋိပက္ခများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန် အချိန်ကျရောက်နေပြီဖြစ်သည်။

 

ယနေ့ရင်ဆိုင်နေရသော ချင်းပဋိပက္ခများ၏ မြစ်ဖျားခံရာသည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေးသဘောထား ကွဲလွဲမှုများမှ စတင်ခဲ့ခြင်းဖြစ်သည်။ မင်းတပ် မြို့နယ်မှ လူငယ်များက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသော်လည်း ချင်းအမျိုးသားတပ်ဦး (CNF) ကမူ အာဏာသိမ်းမှုကို ဗမာအချင်းချင်းပြဿနာအဖြစ် ရှုမြင်ပြီး NCA လမ်းကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်သွားလိုခဲ့ရာမှ အမြင်မတူညီမှုများ စတင်ခဲ့သည်။ ဤကနဦး သဘောထားကွဲလွဲမှုမှ သည် ချင်းပြည်အနှံ့ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်မြင့်တက်လာသောအခါ Chin Defense Force၊ Chinland Defense Force၊ People Defense Force-Zoland၊ Chin National Organization စသည့် အဖွဲ့အစည်းအမည်စုံဖြင့် ကွဲပြားမှုများ ပိုမိုများပြားလာခဲ့ သည်။ ဤအခြေအနေတွင် ICNCC နှင့် CJDC ကဲ့သို့သော ကြားကာလပူးပေါင်း ဆောင်ရွက်ရေးယန္တရားများကို ဖွဲ့စည်းခဲ့သော်လည်း အာဏာခွဲဝေရေးအငြင်းပွားမှုများ၊ အမျိုးသားအကျိုးစီးပွားထက် အဖွဲ့အစည်းအကျိုးကို ဦးစားပေးမှုများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိမှုတို့ကြောင့် ထိရောက်သော စုစည်းမှုကို မဖော်ဆောင်နိုင်ခဲ့ပေ။

 

အချိန်ကြာလာသည်နှင့်အမျှ ညီညွတ်ရေးကြိုးပမ်းမှုများသည် ပိုမိုခက်ခဲလာခဲ့သည်။ ICNCC နှင့် CJDC အကြား ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့သလို အစိုးရဖွဲ့စည်းရန် ကြိုးပမ်းမှုများမှာလည်း နိုင်ငံရေးကစားကွက်များနှင့် အတွင်းပိုင်းယုံကြည်မှု ပျက်ပြားခြင်းများကြောင့် မအောင်မြင်ခဲ့ ပေ။ နောက်ဆုံးတွင် CNF သည် ၎င်းအဖွဲ့လွှမ်းမိုးသည့် အင်အားစုများ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ Chinland Council ကို ဖွဲ့စည်းခဲ့သော်လည်း ညှိနှိုင်းမှုအားနည်းခဲ့ခြင်းကြောင့် မြေပြင်တော်လှန်ရေးအင်အားစုအများစုမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။ ချင်းပြည်အစိုးရဖွဲ့စည်းရေးတွင် အဓိက အဖုအထစ်မှာ “တရားဝင်မှု (Legitimacy)” ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်နှင့် မြေပြင် စိုးမိုးထားသော လက်နက်ကိုင်အင်အားစုများ၏ လက်တွေ့အခြေအနေတို့အကြား ညှိနှိုင်းမရ နိုင်လောက်အောင် ကွာဟနေခြင်းဖြစ်သည်။ ထို့ပြင် ဒေသန္တရအုပ်ချုပ်ရေးတွင် မြို့နယ် အခြေပြုနှင့် မျိုးနွယ်စုအလိုက် ကိုယ်စားပြုမှု မမျှတခြင်း၊ နယ်မြေလုပွဲများနှင့် သမိုင်း ကြောင်းအရ မကျေနပ်ချက်များကလည်း အချင်းချင်းမယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

 

လက်ရှိအခြေအနေအရ ရှိပြီးသား ကောင်စီနှစ်ခုကို ဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့ခြင်း သို့မဟုတ် ပေါင်းစည်းခြင်း နည်းလမ်းများသည် အလုပ်မဖြစ်ကြောင်း သမိုင်းက သက်သေပြနေပြီ ဖြစ်သည်။ လက်ရှိ အဖွဲ့အစည်းများ၏ နိုင်ငံရေးကိုယ်စားပြုမှုနှင့် ရာထူးခွဲဝေမှုအပေါ် အခြေခံ ၍ ဆွေးနွေးနေသမျှ ကာလပတ်လုံး အဖြေထွက်မည် မဟုတ်ပေ။ ထို့ကြောင့် ချင်းညီညွတ်ရေး အတွက် တစ်ခုတည်းသော လက်ကျန်ထွက်ပေါက်မှာ လက်ရှိအငြင်းပွားဖွယ်ရာများကို ကျော်လွန်၍ အနာဂတ်အတွက် စနစ်သစ်တစ်ခုကို တည်ဆောက်ရန် “ချင်းအသွင် ကူးပြောင်းရေး ဖွဲ့စည်းပုံမူကြမ်း” ကို ရေးဆွဲခြင်းဖြစ်သည်။ လက်ရှိပဋိပက္ခဖြစ်နေသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်ရေးရာထူးနေရာများကို ဘေးဖယ်ထားပြီး အနာဂတ် ချင်းပြည်အစိုးရ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဗဟိုအစိုးရပေါ်ပေါက်လာပါက ရရှိမည့် အာဏာခွဲဝေမှုများကို ရှင်းလင်းစွာ သတ်မှတ်ပေးမည့် စာချုပ်တစ်ခုကို ဦးတည်ဆွေးနွေးရန် လိုအပ်ပါသည်။

 

ဤလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် ချင်းအင်အားစုများအားလုံးပါဝင်သော နိုင်ငံရေးလမ်းပြ မြေပုံတစ်ခုကို အမြန်ဆုံး သဘောတူညီချက် ရယူသင့်သည်။ အဆိုပါ လမ်းပြမြေပုံတွင် လက်ရှိကောင်စီနှစ်ခု၏ ယာယီရပ်တည်မှုကို လက်ခံထားပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ချင်းအမျိုးသားနေ့အမီ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံမူကြမ်းကို ရေးဆွဲကာ ပြည်သူလူထုထံ ချပြခြင်း၊ ၂၀၂၆ ခုနှစ် မေလအတွင်း ပြည်သူ့ညီလာခံမှတစ်ဆင့် ဖွဲ့စည်းပုံကို အတည်ပြုပြီး အစိုးရသစ်ထံ အာဏာလွှဲအပ်ခြင်းတို့ ပါဝင်သင့်သည်။ အကယ်၍ သဘောထားကွဲလွဲမှုများ ရှိလာပါက လူပုဂ္ဂိုလ်များ၏ ဆုံးဖြတ်ချက်ဖြင့် မဟုတ်ဘဲ ပြည်သူ့ဆန္ဒခံယူပွဲ နည်းလမ်းဖြင့် အဆုံးအဖြတ်ရယူခြင်းသည် အကောင်းဆုံးထွက်ပေါက်ဖြစ်သည်။ ဤနည်းလမ်းသည် ကိုယ်စားပြုမှု ပြဿနာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် သဘာဝအရင်းအမြစ် ပြဿနာ၊ နိုင်ငံရေး ရည်မှန်းချက် မပြတ်သားမှုများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

 

ထို့အပြင် ဤကူးပြောင်းရေးကာလတွင် မြို့နယ်နယ်နိမိတ် အငြင်းပွားမှုများနှင့် အာဏာလုပွဲ များ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုများ လိုအပ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံကဲ့သို့ သော ဖက်ဒရယ်စနစ် ကျင့်သုံးမှု အားကောင်းသည့် နိုင်ငံများမှ ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီကို ရယူသင့်သည်။ ဖက်ဒရယ်အမြင်ဖွင့် သင်တန်းများ၊ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ နည်းပညာရပ်များကို နိုင်ငံတကာအကူအညီဖြင့် လေ့လာခြင်းအားဖြင့် မိမိတို့၏ ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို ခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ ဤသို့သော ပြင်ဆင်မှုများသည် ချင်းပြည်၏ နိုင်ငံရေးအပြောင်းအလဲကာလကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ရေးအတွက် အလွန်အဖိုးတန်သော အထောက်အကူများ ဖြစ်လာနိုင်သည်။

 

နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် အထက်ပါ နိုင်ငံရေးလမ်းပြမြေပုံနှင့် အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲခြင်းသည် ချင်းလူမျိုးများအတွက် အိပ်မက်သက်သက် မဟုတ်ဘဲ လက်တွေ့ကျင့်သုံးနိုင်သော တစ်ခုတည်းသော ညီညွတ်ရေးလမ်းကြောင်းဖြစ်သည်။ ချင်းလူမျိုးများအနေဖြင့် သမိုင်းမှ သင်ခန်းစာယူ၍ ယခုအခွင့်အရေးကို လက်လွတ်မခံဘဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ မိမိတို့၏ အမျိုးသားအနာဂတ်ကို လုံခြုံစိတ်ချစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။ ညီညွတ်သော ချင်းပြည်တော်သစ်ကို ဖော်ဆောင်နိုင်ရန် အတွက် ခေါင်းဆောင်အပေါင်း၊ ပြည်သူအပေါင်းတို့က မိမိတို့၏ အတ္တများ၊ ပါတီစွဲ၊ ဝါဒစွဲများကို ဘေးဖယ်ထားကာ အမျိုးသားအကျိုးစီးပွားကိုသာ ရှေ့ရှုဆောင်ရွက်ကြရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။