———————————————————————–
ဇွန် ၁၃
The Kaladan Post
၂၀၂၅ခုနှစ်၊ ဇွန်လ ၇ရက်နေ့ ညနေ ၅း၃၀မိနစ်ခန့်တွင် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်သင်တန်းကျောင်းမှ တပ်ခွဲမှူးသင်တန်းဆင်းများပါဝင်သည့် ယာဉ်တန်းတစ်ခုအား တောင်ငူ-သံတောင်လမ်းပိုင်း၊ ၇ မိုင်စခန်းကုန်းအနီးတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ခွဲမှူး ၈ ဦးနှင့် ယာဉ်မောင်းတပ်ကြပ် ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force – Thandaung ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ခိုက်မှုသည် People’s Defence Force – Thandaung MLB စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ၎င်းယာဥ်တန်းအား “မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သို့သေ် စစ်ကောင်စီကားတွေဟာ အရပ်သားကားတွေနှင့် ရောနှောပြီး ပြန်လာတာမို့ တိုက်ခိုက်ရတဲ့နေရာမှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ရတယ်” ဟု People’s Defence Force – Thandaung ၏ ဒုတိယတာဝန်ခံက The Kaladan Post သို့ ပြောကြားသည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များနှင့်ပတ်သက်၍ “စစ်ကောင်စီတပ်ဖွဲ့များသည် ကြီးနိုင်ငယ်ညှင်းဆိုတော့ ရာထူးကြီးလေလေ ပြည်သူတွေကို ဒုက္ခပိုပေးနိုင်လေလေပဲ ဒါကြောင့် ယခုလို တပ်ခွဲမှူးတွေ၊ တပ်ကြပ်တွေ သေဆုံးသွားတာက အင်မတန် အားရစရာကောင်းတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင်၊ တပ်မဟာ (၂)၊ တပ်ရင်း (၅) လက်အောက်ခံ People’s Defence Force – Thandaung MLB စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရဲဘော်များ အားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၇.၅.၂၀၂၅ တွင် တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ ထုံးဘိုကြီးစခန်းအား သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။