ဩဂုတ် ၅
The Kaladan Post
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က ဘာသာရေးအခမ်းအနားမှ အပြန် လူငယ် ၅၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစုလိုက်အပြုံလိုက် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဟားခါးမြို့ပေါ်ရှိ ဘာသာရေးလူငယ်ခေါင်းဆောင်များ ဦးဆောင်၍ လူငယ်များ ချစ်ကြည်ရေး ဝတ်ပြုကိုးကွယ်ပွဲကို ဘုရားကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့ပြီး အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များက ကြိုတင်စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံလူငယ်တစ်ဦးက The Kaladan Post သို့ ပြောသည်။
“ဟားခါးမြို့ပေါ်မှာ နေထိုင်တဲ့ ဘာသာရေးလူငယ်ခေါင်းဆောင်တွေ ဦးဆောင်မှုနဲ့ လူငယ်တွေအား လုံး ချစ်ကြည်ရေးအဖြစ် အဲ့ဒီနေ့တုန်းက ဘုရားကျောင်းတစ်ခုမှာ ဝတ်ပြုကိုးကွယ်ခြင်းပြုလုပ်ခဲ့ပြီး အပြန်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်းကာ အစုလိုက်ဖမ်းဆီးခြင်းပါ” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ယနေ့အချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လည်လွတ်မြောက်လာခြင်း မရှိ သေးကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးမှုမဖြစ်ပွားမီ Chinland Defense Force – Hakha (CDF-Hakha) က စစ်ကောင်စီ အရာရှိတစ်ဦးကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သောကြောင့် ယခုကဲ့သို့ စစ်ကောင်စီဘက်က လက်တုံ့ ပြန်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါဒေသခံက သုံးသပ်သည်။
သို့သော် စစ်ကောင်စီအရာရှိ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ Hakha Center Council GS ထံ Telegram မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဤသတင်းရေးသားသည့်အချိန်အထိ အကြောင်းပြန် ကြားခြင်း မရှိသေးသဖြင့် The Kaladan Post အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဖမ်းဆီးခံထားရသည့် လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ခိုင်းခြင်း သို့မဟုတ် CDF-Hakha က ဖမ်းဆီးထားသည့် စစ်ကောင်စီအရာရှိနှင့် အကျဉ်းသားချင်း လဲလှယ်ရန် ဓားစာခံအဖြစ် အသုံးပြုလာနိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။
ဟားခါးမြို့တွင် ယခင်က ယခုကဲ့သို့ လူငယ်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုမျိုး မရှိခဲ့ဖူး သော်လည်း စစ်ကောင်စီက လူငယ်များကို တစ်ဦးချင်း ဖမ်းဆီးခြင်းများမှာမူ မကြာခဏ ဖြစ်ပွား လျက်ရှိသည်။ ထိုသို့ ဖမ်းဆီးခံရသူများအနက် အများစုကို ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ခိုင်းခဲ့ သလို အမှုဖွင့်တရားစွဲဆိုခံရပြီး ထောင်ဒဏ်ကျခံရသူများလည်း ရှိခဲ့ကြောင်း သိရသည်။