ဩဂုတ် ၇
The Kaladan Post
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ရက် နေ့လယ်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့တို့အကြား ချင်းပြည်နယ်၊ ဟားခါးမြို့လယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲအုပ်တစ်ဦး သေဆုံး ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဟားခါးမြို့ခံတစ်ဦးက ယနေ့ နံနက် ၁၁နာရီခန့်တွင် မြို့အတွင်း တစ်နေရာ၌ လက်နက် ပစ်ခတ်သံများ ကြားရပါတယ် နေရာကိုတော အတိအကျမသိဘူး သေဆုံးသူရှိတယ်ဆိုတာ သတင်း မှားဖြစ်နိုင်တယ်လို့ ၎င်းကဆိုသည်။ ထို့အပြင် “တိုက်ပွဲဖြစ်ပွားပြီး အကြာမီအချိန်အတွင်းမှာဘဲ လူငယ်အဖွဲ့တွေက ညနေ ၀၅း၀၀ နာရီ နောက်ပိုင်း ဟားခါးမြို့လယ် မထွက်ရ အမိန့်ကို ကြေညာ ထားတယ်” ၎င်းက ဆက်လက်ပြောဆိုသည်။ ဒီရဲအုပ်သေဆုံးမှုနှင့် ပတ်သပ်ပြီး တာဝန်ရှိသူ CDF- Hakha တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို CDF – Hakha ရဲ့ Center Council အထွေထွေ အတွင်းရေးမှူးအား Telegram ကနေဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိ သဖြင့် The Kaladan Post အနေဖြင့် သတင်းထုတ်ပြန်သည့် အချိန်ထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
CHRO ၏ ထုတ်ပြန်ချက်တွင် သေဆုံးသွားသော ရဲအုပ်မှာ ကားမောင်းနေစဉ် ပစ်ခတ်ခံရပြီး ရဲစခန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် စခန်းအတွင်း ရောက်ရှိ ချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ ထို့အပြင် ဟားခါးမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ညပိုင်းကလည်း မြို့တွင်း၌ လက်နက်ကြီးပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ ဟားခါးမြို့တွင် ဆက်လက်ဖြစ် ပေါ်နေသည့် ပဋိပက္ခများကြောင့် ဒေသခံများ၏ လုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေများ စိုးရိမ်ဖွယ်ရာရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။